..............................

Thursday, May 28, 2009

အဖွဲ့ချုပ်ရုံးတွင် ရွေးကောက်ပွဲ အောင်ပွဲနေ့ ကျင်းပ ဒေါ်အောင်ဆန်း စုကြည်၏ တရားရုံး ရေးသား ဖေါ်ပြချက် ထုတ်ပြန်

NEJ / ၂၇ မေ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ယနေ့ကျင်းပသည့် (၁၉) နှစ်မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားရုံးသို့ ရေးသား တင်ပြချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ပါ ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားတင်ပြချက် တွင် ဒေါ်အောင်ဆန်းစုကြည်က ယခု အမှုဖြစ်ပွားရသည့် အရင်းခံ အကြောင်းရင်းမှာ လုံခြုံရေး လစ်ဟင်းမှု သို့မဟုတ် လုံခြုံရေး ဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူခြင်း မရှိဘဲ ၎င်းကိုသာ အရေးယူ တရားစွဲခြင်းမှာ ဘက်လိုက် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့သည် ၂၀၀၃ ခု မေ (၃၀) ရက်တွင် ဒီပဲယင်းမြို့ အနီးတွင် တိုက်ခိုက် ခံခဲ့ရပြီးနောက် နအဖ စစ်အစိုးရက ၎င်းတို့အား နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

ထိုသို့ထိန်းသိမ်းထားစဉ်အတွင်း ယခုနှစ်မေလတွင် ဒေါ်အောင်ဆန်းစုကြည် ခြံထဲသို့ အမေရိကန် နိုင်ငံသား မစ္စတာယက်တောက တိတ်တဆိတ် ရေကူး ၀င်ရောက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ခေတ္တ နေခွင့် ပြုခဲ့သဖြင့် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုကာ အမှုစစ်ဆေးလျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ယင်းအမှုကို မကျူးလွန်ကြောင်း ယမန်နေ့က တရားရုံးတွင် စာရေးသား ထွက်ဆိုခဲ့ပြီး ယင်းထွက်ဆိုချက်ကို ယနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည့်က ယမန်နှစ် နိုဝင်ဘာ (၃၀) ရက်တွင် ပထမအကြိမ် မစ္စတာ ယက်တော ၎င်း၏ နေအိမ်ခြံအတွင်း ရောက်ရှိခဲ့စဉ်က ဒေါက်တာ တင်မျိုးဝင်းမှ တဆင့် ယင်း အဖြစ်အပျက်အား အာဏာပိုင်များ သတင်းပေးပို့ ခဲ့သော်လည်း အာဏာပိုင်များက စုံစမ်း မေးမြန်းခြင်း မလုပ်ခဲ့ဟုလည်း ဖော်ပြထားသည်။

ယခုနှစ် မေလ (၄) ရက် ဒုတိယအကြိမ် မစ္စတာယက်တော ၎င်း၏နေအိမ်ခြံဝင်း အတွင်း ရေကူး ၀င်ရောက်ခဲ့မှုတွင် ၎င်းအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီး အချုပ်အနှောင် ခံရစေရန် တွန်းမပို့နိုင် ဟူသော နိုင်ငံရေး ခံယူချက်အရ ခေတ္တ ခိုလှုံခွင့် ပေးခဲ့ကြောင်း တင်ပြထားသည်။

ယင်းကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ လစဉ် ဆေးစစ်ဆေးရန် လာသည့် ဒေါက်တာ တင်မျိုးဝင်းမှ တဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ် ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များသာ ရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ၀င်ခွင့် မရခဲ့ကြောင်းလည်း ဖော်ပြထားသည်။




Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့