..............................

Friday, January 25, 2013

KIA ကဖမ်းမိတဲ့ အစိုးရ ကလေးစစ်သားတွေ ကိစ္စ ILO ကြိုးပမ်း

2013-01-25

KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့က သူတို့စစ်သုံ့ပန်း အဖြစ် ဖမ်းမိ ထိန်းသိမ်း ထားခဲ့တဲ့ မြန်မာ အစိုးရ တပ်ဖွဲ့ဝင် ကလေး စစ်သား ၈ ဦး ကို ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ ဒီကိစ္စမှာ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် က အစိုးရနဲ့ KIA အကြား ဆက်သွယ်ဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်မြို့ ILO ရုံး၊ ဆက်ဆံရေးအရာရှိ Mr. Steve Marshall က ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောဆို ပါတယ်။

ဒါ့ပြင် ပြန်လွတ်လာကြတဲ့ ကလေးတွေ ကို မြန်မာစစ်တပ်ကနေ တရားဝင် ထွက်ခွင့်ရဖို့ ဆောင်ရွက်နေကြောင်း၊ သူတို့ဟာ စစ်သုံ့ပန်း အဖြစ် KIA လက်ထဲမှာ ဘယ်လောက်ကြာကြာ ထိန်းသိမ်းခံခဲ့ရသလဲဆိုတာ မသိရသေးကြောင်းလည်း ILO အရာရှိက ပြောပါတယ်။ ဒီအတွင်း နိုင်ငံတော် သမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ကလေးစစ်သား စုဆောင်း အသုံး ပြုနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ပိုင်းဖြတ်ထားပြီးဖြစ်တာကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက ကုလသမဂ္ဂ နဲ့ လက်မှတ်ရေးထိုး ခဲ့တဲ့ ကလေးစစ်သား မသုံးစွဲရေး သဘောတူညီချက်ဟာ ဒီပြဿနာ ကို အမြစ်ပြတ်ဖြေရှင်းဖို့ စိတ်အား ထက်ထင် သန်သန် နဲ့ ပိုင်းဖြတ်ချက် ချထားတယ်ဆိုတာ ပြသနေပါတယ်လို့ မနေ့ကကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Child Soldiers International ခေါ် နိုင်ငံတကာ ကလေးစစ်သားပပျောက်ရေး အဖွဲ့ရဲ့ အစီရင်ခံစာ ထွက်ပေါ် လာပြီးတဲ့နောက် အစိုးရက အခုလို တုံ့ပြန်ပြောကြား လိုက်တာပါ။

အဲဒီ အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရ နဲ့ ကုလသမဂ္ဂ တို့ကြား ကလေးစစ်သား ကိစ္စ လက်မှတ်ရေးထိုး အပြီး၊ ကလေး စစ်သား (၄၂) ယောက် ပြန်လွတ် လာခဲ့ကြောင်း၊ တနိုင်ငံလုံး မှာလည်း ကလေးစစ်သားစုဆောင်းမှု ကျဆင်း သွားခဲ့ကြောင်း၊ ဒါပေမဲ့ အနီးကပ်လေ့လာ စောင့်ကြည့်မှု မရှိကြောင်းနဲ့ မြန်မာ စစ်တပ်ဟာ ကလေးစစ်သားတွေကို ဆက်လက် စုဆောင်းနေကြောင်း၊ စုဆောင်းနည်းတွေဟာ လည်း အရင်တုန်းက ပုံစံတွေအတိုင်း အပြောင်းအလဲ မရှိကြောင်း ဖေါ်ပြထားပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့