..............................

Wednesday, June 27, 2012

တောင်ကုတ် လူသတ်မှု ဒေသခံများနှင့် မပတ်သက်ဟု ဆို

ခင်ဦးသာ
June 26, 2012

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဇွန်လ ၃ ရက်နေ့ညက လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့ သူများသည် တောင်ကုတ်ဒေသခံများ မဟုတ်နိုင်ကြောင်း သိရသည်။

ထိုလူသတ်မှုနှင့်ပတ်သတ်၍ တောင်ကုတ်မြို့မှ လူ ၅၀ ကျော်အား ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အကြီး အကဲနှင့် မြို့နယ် အာဏာပိုင် အဖွဲ့ဝင် များက အဓိက စစ်ဆေးမေးမြန်း ခဲ့ပြီး မှတ်တမ်း တင်ကြောင်း၊ သို့သော် အမှုအခင်း၌ ပါဝင်ခဲ့သူများ၏ အမည်စာရင်းကို တိတိကျကျ မသိသေးကြောင်း စစ်ဆေး ခံခဲ့ရသည့် တောင်ကုတ်ဒေသခံများက ပြောသည်။

လူသတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို MP-4၊ မိုဘိုင်းဖုန်း စသည့် အီလက်ထရောနစ် ပစ္စည်းများဖြင့် ရိုက်ကူး ထားသည့် မှတ်တမ်း ဓာတ်ပုံများကို အဏာပိုင်များက ရရှိထားကြောင်း၊ ၎င်းဗီဒီယို ရုပ်သံ ဖိုင်တွင် ပါဝင်နေသည့် သူများကို အဓိက ခေါ်ယူစစ်ဆေး မေးမြန်းခြင်းဖြစ်ကြောင်း စစ်ဆေး ခံခဲ့ရသူတဦးက ပြောသည်။

“ဗီဒီယိုဖိုင်မှာ မြင်ရသူတွေက အခင်းဖြစ်နေတာကို ကြည့်နေသူတွေပဲ ဖြစ်နေတယ်။ တကယ် ပြစ်မှု ကျူးလွန်သူတွေက လူအုပ်ကြီးရဲ့ အလယ်မှာ ဆိုတော့ ဘယ်သူ ဘယ်ဝါမှန်း မသဲကွဲဘူး။ ဖြစ်စဉ် တခုလုံးကို ခြုံကြည့်ရင် လူသတ်မှု ကျူးလွန် သူတွေဟာ ကျနော်တို့ တောင်ကုတ်မြို့ခံတွေ မဟုတ်ဘူးလို့ ယူဆ ရပါတယ်” ဟု စစ်ဆေး ခံခဲ့ရသူက ဆိုသည်။

အခင်းဖြစ်ပွားရာသို့ တောင်ကုတ်မြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စံလှိုင် သွားရောက်၍ တားဆီး ဟန့်တား ခဲ့သော်လည်း မအောင်မြင် ခဲ့သည့် အပြင် ၎င်းအား ရိုင်းစိုင်းစွာ ပြောဆိုသူများပင် ရှိခဲ့ကြောင်း သိရသည်။

“ဒေါက်တာစံလှိုင် ရောက်လာပြီး မလုပ်ကြဖို့ တားပေမယ့် ဆရာကြီးကို ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ တုံ့ပြန်မှု ရှိတယ်လို့ ဆရာကြီးက ပြောပါတယ်။ အဲဒီလူတွေဟာ ကျမတို့ ဒေသခံ မဟုတ်တာတော့ သေချာပါတယ်။ တောင်ကုတ်မြို့မှာ နေရာ အစုံက လာတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြို့ပါ” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီး တဦးက ဆိုသည်။

ဒေါက်တာစံလှိုင်သည် တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံ၏ ဆေးရုံ အုပ်ကြီးဖြစ်ပြီး တောင်ကုတ်ဒေသခံ များနှင့် ရခိုင်ပြည်သူ အများစု၏ လေးစားခြင်း ခံရသူဖြစ်သည်။ ၎င်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် အကြမ်းဖက် လိုသော လူတစု၏ ပယောဂများ ပါဝင်ကြောင်း ရန်ကုန် အခြေစိုက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင်က ပြောသည်။

“လူတယောက် အုပ်စုတစုရဲ့ ဥပဒေမဲ့ ရမ်းကားမှုက ဖြစ်တဲ့ ကိစ္စပဲလေ။ ဥပဒေမဲ့ဖြစ်တဲ့ ကိစ္စကို ပယောဂပေါင်းပြီးတော့ ဆူပူမှုဖြစ်အောင် လုပ်တာပဲ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ ရှုတ်ချတယ်၊ မဖြစ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူသတ်မှုနှင့် ရခိုင်ဒေသ တွင်း လူသတ်မှုများကို ဥပဒေအရ အမြန်ဆုံးဖော်ထုတ်ပြီး အမှုမှန်ကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။

တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး အဖွဲ့သည် တောင်ကုတ်မြို့၌ ရုံးထိုင် စစ်ဆေးပြီး ဖြစ်ကြောင်း၊ စစ်ဆေးမေး မြန်းခဲ့မှုများအား ယခုရက်ပိုင်း အတွင်း သမ္မတ ဦးသိန်းစိန်ထံ တိုက်ရိုက် အစီရင်ခံစာ တင်သွင်း သွားမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရ အာဏာပိုင် အဖွဲ့ဝင် တဦးက ပြောသည်။

“လူသတ်မှုတွေကို အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ဖို့ ဆောင်ရွက်နေပါတယ်။ တရားဥပဒေ အတိုင်း ဖြစ်စေ ရပါမယ်။ ပြီးရင် အများပြည်သူကို ထုတ်ပြန်ကြေညာပေးသွား မှာပါ။ စိစစ်ဆဲဖြစ်လို့ အသေးစိတ် မပြောနိုင်သေးပါဘူး”ဟု ၎င်းက ဆိုသည်။

မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသခံ မသီတာထွေး အဓမ္မကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ် ခံရပြီးနောက် တောက်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရသည့် နောက်ဆက်တွဲဖြစ်ရပ် ပေးပေါက်ခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်လူသတ်မှု ဖြစ်ပွားပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ မြို့များ၌ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး
ရသေ့တောင် မြို့နယ်၌ ရခိုင် အမျိုးသား ၁၂ ဦး ဇွန်လ ၁၉ ရက်နေ့တွင် အသတ်ခဲ့ရသည်။ ထိုလူသတ်မှုနှင့် ပတ်သက်၍ သင်္ကာ မကင်းသူ ၃၈ ဦးအား ဖမ်းဆီး စစ်ဆေးနေကြောင်း ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်း ထားသည့် ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

တောင်ကုတ်မြို့ လူသတ်မှုနှင့် ပတ်သက်သည့် ပြစ်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်မည့် စုံစမ်း စစ်ဆေးရေး အဖွဲ့သည် မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ အခင်းဖြစ်ပွားအောင် ဦးဆောင်သူများ၊ အခင်းမဖြစ်မီနှင့် အခင်းဖြစ်ပွားပြီး အခြေအနေများကို စုံစမ်း စစ်ဆေးပြီး နိုင်ငံတော် သမ္မတထံ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၌ ပြည်ထဲရေး ဒု ၀န်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် အထူး စုံစမ်းရေး အဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦး ပါဝင်သည်။

ထိုအဖွဲ့သည် တောင်ကုတ်မြို့၌ သီတင်းပတ် ၂ ပတ်ကြာ ရုံးထိုင် စစ်ဆေးခဲ့ကြောင်း၊ သို့သော် ပြစ်မှု ကျူးလွန်သူ မည်သူမည်ဝါ ဆိုသည်ကို မသိရသေးကြောင်း၊ ထိုအမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ မရှိသေးကြောင်း၊ တရားခံ အစစ်အမှန် များသည်လည်း တောင်ကုတ်မြို့၌ မရှိတော့ဟု ယူဆရကြောင်း ခေါ်ယူ စစ်ဆေးမေးမြန်းမှု ခံခဲ့ရသည့် ဒေသခံများက ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့