..............................

Wednesday, June 20, 2012

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တပ်မတော် (၂)

ဇွန်လ ၂၀ ရက် ၂၀၁၂

မာန်လက်
ငြိမ်းချမ်းရေး ဇာခန်းစီး နောက်ကွယ်က ကချင် ပြည်တွင်းစစ်

ကချင်ဒေသစစ်မြေပြင်က ဒုံးကျည်သံတွေ၊ လက်နက်ကြီးပေါက်ကွဲ သံတွေဟာ ငြိမ်းချမ်းရေးရဲ့ နတ်ဆိုး-ငှက်ဆိုး ထိုးသံ တွေဆိုတာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဖွဲ့တည်နေထိုင်ကြတဲ့ မြန်မာပြည်သားတိုင်း သိရှိ နားလည် ကြပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ကြံ့ဖွတ် အစိုးရ သစ်ဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေးနဲ့ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်တည် ဆောက်ရေး ကြွေးကြော်ပြီး လွှတ်တော်ထဲ ၀င်ရောက် လာတာပါ။ ဒါပေမဲ့ တကယ်လက်တွေ့မှာက ပြည်တွင်း စစ်ကို ဆက်မီးမွှေးထားတာ ဆိုတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုတာ ဖြစ်စရာ မရှိပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး အတွက် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က လုပ်ဆောင်နေတာ မှန်ပေမဲ့ အပစ်အခတ် ရပ်ရုံလေး အဖြစ် လုပ်ပြနေတာဖြစ်ပြီး တကယ် အနှစ်သာရ ရှိတဲ့ ငြိမ်းချမ်းရေးမျိုးကို မသွားချင်ဘူး၊ မရောက်ချင်ဘူး ဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေကိုကြည့်ရင် သိသာ လွန်းပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဆိုတာမှာလည်း ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ ဆိုပြီး နှစ်ဖွဲ့ ဖြစ်နေတာ ကိုက လိုတမျိုး မလိုတမျိုး လုပ်ဖို့ တမင် ဖန်တီး ထားတာပါ။ အခုတော့ နှစ်ဖွဲ့ကို တဖွဲ့တည်း ပြန်ဖွဲ့မယ်လို့ သတင်း ပစ်ထားပြန်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အတော်များများနဲ့ အပစ် အခတ် ရပ်စဲရေး ရယူထားပြီ ဆိုတဲ့ အသံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းဆီ ပေးချင်တာက အဓိကဖြစ်ပြီး ပြည် တွင်းစစ်ရပ်စဲ ငြိမ်းချမ်းရေးဖော်ဆောင်ချင် သယောင် ဒီမိုကရေစီ အသွင် ကူးပြောင်းနေသယောင် ဟန်ရေးပြတာ က များများပါ။ ကချင်ဒေသမှာဆို နေ့စဉ်ရက်ဆက် တိုက်ပွဲတွေက မရပ်မနားပါပဲ။

KIOနဲ့ ဦးအောင်သောင်းခေါင်းဆောင်တဲ့ အစိုးရရဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ သုံးကြိမ်ဆွေးနွေး ခဲ့ကြပြီး KIO က တင်ပြတဲ့ ပဏာမ နိုင်ငံရေးဆွေးနွေး မှု အဆင့်မှာ နှစ်ဘက် တပ်စခန်း ကိစ္စကို နှစ်ဘက် သဘောတူညီမှု ရတဲ့အထိ ဆွေးနွေးသွားဖို့၊ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်မယ့် ပင်လုံလို ညီလာခံ တရပ် ကျင်းပပြီး သဘောတူညီချက် တရပ် အတည်ပြုဖို့နဲ့ ဒီ သဘော တူညီမှုတွေကို အကောင်အထည်ဖော်သွားဖို့ ဆိုတဲ့ ငြိမ်းချမ်းရေး အဆင့် သုံးဆင့်ကို ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က နေပြည်တော်ကို အမှန်တကယ် တင်ပြသလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

တွေ့ဆုံဆွေးနွေးမှုအဆင့် မရောက်ပေမယ့် တဖက်နဲ့ တဖက် ယုံကြည်မှု ရှိအောင်၊ လေးလေးစားစား ရှိလာဖို့က ဆွေးနွေးပွဲကို ဦးစီး ဦးဆောင်ပေးတဲ့ လူပေါ်မှာ အများကြီး မူတည်တာကြောင့် အခုလို မေးခွန်း ထုတ်စရာ ဖြစ် လာရတာဖြစ်သလို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ လည်း ပါဝင်မှာ မဟုတ်ကြောင်း ဧပြီလ ၃ဝ-ရက်နေ့ ကြံ့ခိုင်ရေး ပါတီခေါင်းဆောင် ဦးအောင်သောင်းရဲ့ ပြောဆိုမှု ကလည်း တိုင်းရင်းသား ရေးရာနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေဟာ အရေးပါတဲ့ ကိစ္စ မဟုတ်ဘူး၊ အလေးထားစရာ မလိုဘူးဆိုတဲ့ သူ့ရဲ့ အတွင်းဗီဇ စိတ်ကို လှစ်ပြနေသလိုပါပဲ။

အစိုးရနဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO ကြား ထာဝရ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးမှုတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်မှာပဲ KIO-ဌာနချုပ် ရှိရာ လိုင်ဇာမြို့ကို လောလောဆယ် မြန်မာ အစိုးရ တပ်ဖွဲ့က မြစ်ကြီးနား၊ ၀ိုင်းမော်၊ ရွှေညောင်ပင်၊ ဂန်ဒေါင်ယန် လမ်းကြောင်း၊ ဗန်းမော်-ဒေါ့ဖုန်းယန်လမ်းကြောင်း၊ ဗန်းမော်-ရှဒန်ပါ လမ်းကြောင်း စတဲ့ လမ်းကြောင်း သုံးကြောင်းကနေ လိုင်ဇာမြို့ အနီးကို ချဉ်းကပ် လာနေပြီး လိုင်ဇာမြို့ကို ပစ်ခတ်နိုင်တဲ့နေရာ တွေမှာ လက်နက်ကြီးတွေ နေရာ ချနိုင်ပြီဆိုရင် အစိုးရ တပ်ဘက်က ထိုးစစ် စတင် လာနိုင်တယ်လို့ KIO ဘက် က သုံးသပ် ထားသလို ဒီရက်ပိုင်း နှစ်ဘက်တိုက်ပွဲတွေ ပိုပြင်းထန် လာနေတာလည်း အားလုံး အသိဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ကချင်ဒေသမှာ အပစ် အခတ်တွေ ရပ်ဖို့ မြန်မာ့ တပ်မတော်ကို အမိန့်ပေးထားပေမဲ့ တပ်မတော် စစ်ဦးစီးချုပ် ကတော့ ထိုးစစ် အရှိန်တွေကို ပိုလို့တောင် အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းကလည်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO-ဌာနချုပ်ကို ထိုးစစ်ဆင်မှာ မဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေး အဖွဲ့နှစ်ဖွဲ့ ဖြစ်နေတဲ့ အပေါ် တဖွဲ့တည်း အဖြစ် အသစ်ပြန်လည် ဖွဲ့စည်းသွားမယ်လို့ ဧပြီလ ၂၉ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်း လင်းပွဲမှာ ပြောဆို သွားတဲ့ ဒီရက်ပိုင်းတွေ အတွင်းမှာကို KIO ဌာနချုပ် လိုင်ဇာဒေသမှာ သာမက ကချင်ပြည်နယ် က အခြားဒေသတွေမှာပါ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေသလို ပြီးခဲ့တဲ့ ဧပြီ လကုန်ပိုင်းက အစိုးရတပ် တွေဘက်က လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ရာမှာ စစ်ရဟတ်ယာဉ်တွေပါ အသုံးပြု တိုက်ခိုက် လာတာက အပြောနဲ့ အလုပ်မညီဘူး ဆိုတာ အထင်အရှားပါပဲ။

အခုလို ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အဓိက အချက်က KIO ဌာန ချုပ်ကို သိမ်းချင်တာ ဖြစ်တယ်၊ အစိုးရ စစ်တပ်ရဲ့ စစ်ရေး လှုပ်ရှားမှု ပြင်းထန်လာတယ်။ တပ်တွေ ပိုပြီး အင်အားဖြည့်တင်းလာတယ်။ ခါတိုင်း တပ်စခန်းတွေမှာ အင်အား ၂၀-၂၅ပဲရှိရာမှာ အခုတော့ အယောက်တရာနီးပါး အင်အားဖြည့်ထားပါ တယ်။ အရင်တုံးက ၆၀-မမပဲ ထားတဲ့နေရာမှာ အခု ၁၂၀-မမ တို့၊ ၈၁-မမတို့ လက်နက်ကြီးတွေ ဖြည့်ထားပါ တယ်။ အယောက် ၃၀-လောက်ပဲရှိတဲ့ နားဖော့စခန်းမှာ ရဟတ်ယာဉ် ခေါက်တုန့်ခေါက်ပြန် လုပ်တာက ၂၅-ကြိမ်လောက် ရှိတယ်။ လူအင်အားဖြည့်တယ်၊ လက်နက်ကြီး တပ်ဆင်ထားတယ်။ ဒီလိုမျိုးလုပ်တာဟာ KIO ဌာနချုပ်ကို မသိမ်းပါဘူး ဆိုတာနဲ့ လုံးဝ ကွဲပြားနေပါတယ်လို့ KIO ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်က ပြောပါ တယ်။

ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာတော့ လုပိစခန်း တိုက်ပွဲမှာ KIAဘက်က အကျအဆုံး များပြီး ဒေသခံ ရွာသား ၃၄၅ ယောက် ကိုလည်း KIA က ပေါ်တာ အဖြစ် ဖမ်းဆီး သွားတယ်လို့ ဖော်ပြထားသလို မိုင်းထောင် ဗုံးခွဲတဲ့ KIA ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ပြည်သူအချို့ သေဆုံး ဒဏ်ရာ ရကုန်တယ်လို့ ဖော်ပြထားတာ ကိုလည်း ကေအိုင်အေ ဘက်က မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး အပြန်အလှန် စွပ်စွဲပြစ်တင်နေကြပါတယ်။

မြန်မာအစိုးရဘက်က ဧပြီလ ၁၇-ရက်နေ့မှာ မြစ်ကြီးနား သို့မဟုတ် ဗန်းမော်မှာ ဆွေးနွေးဖို့ ကမ်းလှမ်းတာကို KIOက စစ်ရေးတင်းမာနေချိန် ဖြစ်တာကြောင့် ဆွေးနွေးဖို့ ငြင်းပယ်ခဲ့ပေမဲ့ အခုလိုတိုက်ပွဲတွေ ပြင်းထန်နေချိန် မှာပဲ KIOဘက်က လွယ်ဂျယ်မြို့နယ်အတွင်းမှာ တွေ့ဆုံဆွေးနွေးဖို့ ဧပြီ ၂၉-ရက်နေ့က ထပ်မံ ကမ်းလှမ်းခဲ့ပေမဲ့ အစိုးရဘက်က အခုထိ အကြောင်းမပြန်သေးတာကလည်း စစ်ရေးအရှိန် ပိုတိုးမြှင့်မယ့် အလားအလာပါပဲ။

လက်ရှိ အစိုးရနှင့် KIOအဖွဲ့အကြား ငြိမ်းချမ်းရေး ထပ်မံတွေ့ဆုံ ဆွေးနွေးဖို့ နေရာ ညှိနှိုင်း နေစဉ်မှာကို အစိုးရ တပ်ဖွဲ့နဲ့ KIA တပ်ဖွဲ့ အကြား မေလ ၂-ရက်နေ့ တရက်တည်း မှာတင် ဝိုင်းမော် မြို့နယ်၊ ချီဖွေမြို့နယ်နှင့် KIO လိုင်ဇာမြို့နယ် အတွင်း တိုက်ပွဲငါးကြိမ် ဖြစ်ပွား ခဲ့တာကြောင့် အစိုးရ စစ်တပ်နဲ့ KIA တပ်တွေ အကြား စစ်ရေးအရှိန် တိုးမြင့်လာဖို့သာ ရှိနေပါတယ်။ အလားတူ ဇန်န၀ါရီလ ၂၈-ရက်နေ့က တောင်ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅-ချက်ပါ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့ နယ်မြေအတွင်း အစိုးရ ဘက်က တပ်အင်အားဖြည့်ဆည်းမှုနဲ့ လှုပ်ရှား စစ်ကြောင်းတွေ ထပ်မံ ၀င်ရောက် လာတာကလည်း စစ်ရေးတိုက်ပွဲတွေ ဖြစ်လာဖို့ တာစူနေပါတယ်။

ချုပ်ကြည့်ရင် နအဖစစ်အစိုးရ တဖြစ်လဲ ဦးသိန်းစိန်အစိုးရသစ်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာကို ပါးစပ်ကပြောနေပေမဲ့ လက်တွေ့မှာက ကချင်-ရှမ်း စတဲ့ တိုင်းရင်းသားဒေသတွေမှာ ရေရှည်အကျိုးစီးပွားဆိုင်ရာ နယ်မြေသိမ်းထိုးစစ်တွေကို အပြင်းအထန် ဆင်နွှဲ နေတာသာ ဖြစ်ပါတယ်။

မာန်လက်

0 comments:

အပေါ်သို့