..............................

Wednesday, June 27, 2012

၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်တွေကို စနစ် တကျ သုံးသပ် သင်ခန်းစာ ထုတ်နိုင်ဖို့

မင်းဝဏ်
ဇွန်လ ၂၇ ရက် ၂၀၁၂

ရခိုင်ပြည်နယ်တွင်းကမြို့နယ်တချို့ မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ ကြောင့် ဇွန်လ ၈ ရက်နေ့က စပြီး ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်နေ့ မှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းရုံနဲ့ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်လို့ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၂ ပုဒ် မခွဲ (က) အရ ရခိုင်ပြည်နယ် တွင်းမှာ အရေးပေါ် အခြေအနေ (State of Emergency) ကြေညာ လိုက်တယ် ဆို တာကို လေလှိုင်း ပရိသတ်တွေ ကြားသိကြပြီးဖြစ်မှာပါ။ သမ္မတ ဦးသိန်းစိန်ရဲ့  ကြံ့ဖွံ့ အစိုးရ သက်တမ်း တနှစ် ကျော် ကာလအတွင်းမှာ ပထမဦးဆုံး ထုတ်ပြန်တဲ့ ကာဖျူး အမိန့်နဲ့ အရေးပေါ် အခြေ အနေကြေညာချက် ဖြစ်ပြီး သမ္မတ ရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၁၂) ဆိုပြီးဇွန်လ (၁၀) ရက် နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ အမိန့် ထုတ်ပြန်တဲ့ ရက်မှာပဲ သမ္မတ ဦးသိန်းစိန် ကလည်း မြန်မာပြည်သူ လူထုကို မေတ္တာ ရပ်ခံပြောကြားချက် ဆိုပြီး မိန့်ခွန်း တရပ်ကိုပြောကြား ခဲ့ပါတယ်။

- ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၁၁ ၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များထဲက ပုဒ်မ ၄၁၂ မှာ ပုဒ်မ ခွဲ (က) နဲ့ (ခ) နှစ်ခု ပါရှိပြီး `တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု တခုခု၊ တစိတ်တ ဒေသမှာ ပြည်သူ လူထု အသက်အိုးအိမ် စည်းစိမ်ကို ထိပါးမယ့် အရေးပေါ် အခြေအနေ ရှိရင် သမ္မတက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညိှိ့နှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့် ထုတ်ပြီး အရေးပေါ် အခြေအနေ ကြေ ညာနိုင်ကြောင်း၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ မစုံရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးတို့နဲ့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေ ကြေညာနိုင်တယ်လို့` ဖေါ်ပြထားပါတယ်။ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၂ လိုလားချက် အရ သမ္မတ ဦးသိန်းစိန် အနေနဲ့ အရေး ပေါ် အခြေအနေကြေညာ ချင်ရင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ် ကြီး လှမင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို - တို့နဲ့တော့ မဖြစ်မနေ ညှိ့နှိုင်းရမယ် ဆိုတဲ့ သဘောပါပဲ။

- ပုဒ်မ ၄၁၃ ပုဒ်မခွဲ (က) မှာလည်း`အရေးပေါ်အခြေအနေ အကျိုး သက်ရောက်တဲ့ နယ်မြေဒေသ အတွင်း မူလ အခြေနေ ပြန်ရောက်ဖို့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များနဲ့ နယ်ဘက် ဆိုင်ရာ ၀န်ထမ်း အဖွဲ့တွေ တာဝန် ထမ်း ဆောင်ရာမှာ ထိရောက်မှု ရှိစေဖို့ တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်` လို့ဖေါ်ပြ ထားပေမယ့် သမ္မ တရုံး အမိန့်စာ စာပိုဒ် (၃) မှာ ပုဒ်မ ၄၁၃ ၊ ပုဒ်မခွဲ (က) အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မ တော်၏ အကူအညီကို ရယူဆောင်ရွက်ရမည် လို့ရေးသားထားတဲ့ အတွက်`ရယူဆောင်ရွက်နိုင်သည်` နဲ့ `ရယူ ဆောင်ရွက်ရမည်`ဆိုတဲ့ အဓိပါယ် ကွာဟမှု အရ ဒေသဆိုင်ရာ အာဏာပိုင်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် များကနေ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အားလုံးအဆုံး စစ်တပ် အကူအညီနဲ့ လုပ်ငန်းတွေကိုဆောင်ရွက် ရမယ် - ဆိုတဲ့ သဘောဖြစ်နေပါတယ်။ မာရှယ်လောနဲ့ ယဉ်ပါးလာခဲ့တဲ့ စစ်တပ်ကလည်း ကာဖျူး အမိန့် ပုဒ်မ ၁၄၄ နဲ့ မလုံလောက်လို့ အရေးပေါ်ကြေညာချက်တောင် ထုတ်ရပြီးဖြစ်တဲ့ အတွက် အာဏာဟာ ငါတို့ လက်ထဲမှာလို့ တလွဲ ဆံပင်ကောင်း ဖြစ်လာမှာလည်း စိုးရိမ် စရာပါပဲ။

- သာဓကတခုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ နအဖ လက်ထက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ စရဖမှူး တာဝန် ယူခဲ့သူ ဦးမြင့်ဆွေက ဂျာနယ်လစ်တွေကိုခေါ်ပြီး အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်-ကျခံ ရနိုင်တယ် ဆိုပြီး သတိပေးသလို၊ ခြိမ်းခြောက် သလို လုပ်တာကိုကြည့်ရင် စစ်အုပ်စုခေါင်း ဆောင်ပိုင်းတွေ အနေနဲ့ ဗိုလ်ချုပ်ဟောင်းများကော၊ လက်ရှိ ဗိုလ်ချုပ်များပါ သူတို့ရဲ့ စိတ်ကူး စိတ်သန်း စဉ်းစားတွေး ခေါ်မှုတွေက လမ်းဟောင်းကြီးက မခွဲခွာနိုင်သေးတာတွေ့ရ ပါတယ်။ ရခိုင်ပြည်နယ် အတွင်းကဖြစ်စဉ် သတင်းတွေ ကိုပုံကြီး မချဲ့ ဖို့၊ သွေးထိုး လှုံဆော်သလို မရေးဖို့၊ ဖွဲ့စည်းပုံပုဒ်မ ၃၅၄ အရ လွတ်လပ်စွာရေးသား တင်ပြခွင့် ရှိပေမယ့် နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို မထိပါးဖို့ ၊ ပြန်ကြားရေး ၀န်ကြီးဌာနက ချမှတ်ထားတဲ့ အရေးယူမှု အပြင် ၅ (ည) နဲ့ထောင်ချလို့ ရတဲ့အကြောင်း - ပြောတဲ့အတွက် စာနယ်ဇင်းသမားတွေ အကြီး အကျယ် စိတ်ပျက်သွား ကြပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရ တဖွဲ့ချင်းစီက ဒီလိုခေါ် သတိပေးနေရင် သတင်း လွတ်လပ်ခွင့် အတွက် ဆိုးဝါးတဲ့ အခြေအနေ တရပ်ဖြစ်လာနိုင်တဲ့ အကြောင်းပြောကြပါတယ်။ စာနယ်ဇင်း သမားတွေကို ရန်ကုန်တိုင်းဝန် ကြီးချုပ်က ခေါ်ယူသတိပေး ၅ (ည) နဲ့ခြိမ်းခြောက်တာ၊ အရေးပေါ် အခြေအနေကြေညာတာ၊ သမ္မတ ဦးသိန်းစိန် ရဲ့မိန့်ခွန်းကို ရုပ်မြင် သံကြားကနေ အသံလွှင့်တာတွေ အားလုံးဟာ တဆက်တည်းဖြစ်လို့ အရင် နအဖ စစ်အုပ်စု ဗိုလ်ချုပ်ဟောင်းတွေ အားလုံး ကိုယ်စီ တာဝန်ခွဲဝေယူပြီး ရခိုင်ပြည်နယ်ထဲကဖြစ်စဉ်တွေ အပေါ် တုန့်ပြန် ဆောင် ရွက်ပြလိုက်တာ သာပဲဖြစ်ပါတယ်။ ကျောက်တော်က ဆယ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို မူဆလင် ကုလား လူ မျိုး - လို့ရေးသားဖေါ်ပြခဲ့ပြီး၊ ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ပြင်ဆင် ဖတ်ရှုပေးဖို့ အမှားပြင်ဆင်ချက် လုပ်ခဲ့ရတဲ့ အစိုးရပိုင် သတင်းစာတွေရဲ့ တာဝန်ရှိသူတွေ ကိုတော့ သတိပေး တားမြစ်တာမျိုး ကိုတော့ မကြားမိပါဘူး။

- သမ္မတရဲ့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ဟာ ဖွဲ့စည်းပုံပုဒ်မ ၄၁၄ အရဆိုရင် အကျိုး သက်ရောက်သည့် နယ်မြေဒေသနှင့် အချိန် ကာလတို့ကို သတ်မှတ်ဖေါ်ပြရမည် လို့ရေးသားထားပေမယ့် ရခိုင်ပြည်နယ်အတွင်းဆို တာကိုသာဖေါ်ပြထားပြီး ရက်ကာလသတ်မှတ်မထားပါဘူး။ နောက်ထပ်အမိန့်မထုတ်မချင်းအတည်ဖြစ်တယ် လို့ရေးထားတဲ့အတွက် ဥပဒေအရလွဲချော်မှုရှိနေပါတယ်။ ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရခိုင် ပြည်နယ်ကျောက်နီမော်က မုဒိန်းမှု၊ လူသတ်မှုဖြစ်စဉ်ကနေ တဖြည်းဖြည်းကြီးထွားလာနေတဲ့ အကြမ်းဖက်မှု တွေကိုထိန်းသိမ်းဖို့ သမ္မတဦးသိန်းစိန်က ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၂) နဲ့အရေး ပေါ် အခြေအနေကြေညာချက် ထုတ်ပြန်တဲ့ ကိစ္စကို ပြည်ထောင်စု လွှတ်တော်တင်ပြီး အတည်ပြုချက် ယူရမယ့် ဖွဲ့ စည်းပုံပုဒ်မ ၂၁၂ ကလည်း ရှိပါသေးတယ်။ ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ကျိုးပမ်းဆောင်ရွက်နေပါတယ်လို့ပြောပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုသုံး၊ အရေးပေါ် အခြေအနေ အကြောင်းပြချက်နဲ့ စစ် တပ်ကို လိုသလို အသုံးချနေတာကလည်း အနာဂတ်မှာ စစ်ဖက်နဲ့ အရပ်ဖက်နဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါ တယ်။ ရခိုင်ပြည်နယ် အရေးကြေညာချက် အပေါ် နမူနာယူပြီး လုပ်ထုံး လုပ်နည်းအမှားတွေ၊ တရား ဥပဒေ စိုးမိုးရေး လို့ပြောနေပေမယ့် စစ်တပ်ကိုပဲ ပါဝါအာဏာကုန် ပုံပေးထားရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်တွေကို စနစ်တ ကျ သုံးသပ် သင်ခန်းစာ ထုတ်နိုင်ကြဖို့ လိုအပ်နေပါသေးတယ်။

မင်းဝဏ်

0 comments:

အပေါ်သို့