..............................

Friday, June 29, 2012

Famoso အလုပ်သမားများ လစာ တိုးပေးရေး ပြေလည်မှု မရသေး

နေမျိုး
ကြာသပတေးနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Fsmoso စက်ရုံ ဆန္ဒပြ အလုပ် သမားများ၏ လစာတိုးပေးရေး ကိစ္စကို ဇွန်လ၂၈ ရက်နေ့က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိ ရုံးတွင် ကြားနာခဲ့ရာ ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

တောင်းဆိုချက်များအနက် အဓိကကျသည့် အခြေခံလစာနှင့် ရှားပါး စားရိတ် တိုးပေးရေး တောင်းဆိုချက် အား ခုံသမာဓိ ရုံးမှ ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ်က ပြောသည်။

“ခုံသမာဓိက ၃ ခုပဲကြားနာပေးမယ်ပြောတာလေ။ ပထမ အချက်က Supervisor(အလုပ်သမားကြီးကြပ်သူ) တွေက ကြမ်းတမ်းစွာ ပြောဆိုတာ၊ မပြောဆိုဖို့။ နောက်တချက်က ခွင့်ကိစ္စ။ အဲဒီအချက်တွေ ပြေလည်တယ်။ နောက်ဆုံး အချက် အခြေခံလစာ တိုးပေးရေး ကိစ္စကတော့ သူတို့ ဆုံးဖြတ်လို့မရဘူး ဖြစ်နေတယ်တဲ့။ မင်္ဂလာဒုံမြို့နယ်ရုံးကို ချပေးလိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ အင်္ဂါနေ့က အလုပ်သမားရေးဌာနမှ ညွှန်မှူး ဦးဝင်းရှိန်၏ တိုက်တွန်းချက်ဖြင့် ဆန္ဒပြ အလုပ်သမား များ စက်ရုံအတွင်း ပြန်ဝင်ကာ ပုံမှန် အလုပ်လုပ်ကိုင်ခဲ့ပြီး ခုံသမာဓိ အဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ညွန်ကြားရေးမှူး ဦးဝင်းရှိန် အလုပ်သမားများ၏ သဘော တူညီချက်ဖြင့် ပထမ အဆင့်က အမြင့်ဆုံးလုပ်ခ ၈ သောင်း ကျော်၊ ဒုတိယ အဆင့် ၇ သောင်းကျော်၊ အနိမ့်ဆုံး လုပ်ခလစာ ၆ သောင်းကျော်နဲ့ တိုးမြှင့်ပေးရန် ဇွန်လ ၈ ရက်နေ့က ညှိနှိုင်းခဲ့သော်လည်း လုပ်ငန်းရှင်ဘက်မှ တိုးမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့၍ ခုံသမာဓိ အဖွဲ့သို့ တင်ပြကြခြင်း ဖြစ်သည်။

“အခြေခံလစာကို တရက် တထောင်နှုန်း တောင်းထားတာ။ သူ ပေးလောက် တယ်လို့ တွက်ထားတာ။ ဘာဖြစ်လို့ မပေးလဲ မသိဘူး။ လူကြီးတွေက သူတို့ ဆုံးဖြတ်လို့ မရဘူး ပြောတယ်။ လူကြီးတွေက ကိုယ့်ဘက်ကနေ ရှင်းပေးမှာလို့ တွက်ထားတာ။ ထင်သလို ဖြစ်မလာတော့ အားလုံးက စိတ်ဓါတ်ကျတယ်။ ဆက်လုပ်သွားမှာပါ။ နောက်ဆုံးအဆင့် နေပြည်တော် ခုံသမာဓိအထိ တက်မှာပါ။ အလုပ်သမား သမဂ္ဂဖွဲ့ဖို့ရှိတယ်။ စာရွက်စာတမ်းတွေ၊ အလုပ်သမား ထောက်ခံချက်တွေ သက်ဆိုင်ရာကို တင်ပြသွားမယ်” ဟု မဟေမန်ချစ်က ဆိုသည်။

စက်ရုံမန်နေဂျာနှင့် အလုပ်သမားများ မင်္ဂလာဒုံမြို့နယ် အလုပ်သမား ရုံးတွင် ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ကာ မန်နေဂျာ ဘက်မှ ပြန်လည်တိုင်ပင်ဦးမည်ဟု ပြောဆိုကြောင်း သိရသည်။

အလုပ်သမားများကလည်း အလုပ်သမားရေးရာ တတ်ကျွမ်း နားလည်သည့် အလုပ်သမား များနှင့် တိုင်ပင်ကာ အကြံဉာဏ် ရယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး အလုပ်ရှင်ဘက်မှ အခြေခံလစာ တိုးမြှင့်ပေးမယ်လို့ မျှော်လင့်ကြောင်း မဇ္စျိမကို ပြောဆိုသွားသည်။

ဂျပန်နိုင်ငံသားပိုင် Famoso စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး လုပ်ခ တိုးမြှင့်ရေး အတွက် ဇွန်လ ၈ ရက်နေ့မှ စတင် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့