..............................

Wednesday, June 27, 2012

ညောင်မြစ်တူး ပုတ်သင်ဥပေါ်

မင်းဝဏ်
ဇွန်လ ၂၇ ရက် ၂၀၁၂

မြန်မာပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်း တွေမှာ ဒီရက်ပိုင်း အတွင်း လူပြော အများဆုံး ကိစ္စတွေ ကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်ရဲ့ဆောင် ရွက်ချက် တချို့၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ရဲ့ ဥရောပ ခရီးစဉ်နဲ့ နော်ဝေနိုင်ငံမှာ ဇွန်လ ၁၆ ရက်နေ့က ၁၉၉၁ ခုနှစ် အတွက် ရရှိခဲ့တဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု လက္ခံ ရယူတဲ့ သတင်း တွေပဲ ဖြစ်တယ်လို့ ဆိုရမှာပါ။ ရခိုင်ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းရဲ့ အဆို အရ ဇွန်လ ၈ ၇က်နေ့ကနေ ၁၃ ရက်နေ့အထိ ရခိုင်ပြည် နယ်တဝှမ်း ပဋိပက္ခကြောင့် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရရှိသူ ၃၈ ဦး၊ မီးရှို့ ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၂၅၂၈ လုံး၊ ဗလီ ဝတ်ကျောင်း ၇ လုံး၊ ဘုန်းကြီး ကျောင်း ၉ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ရှိတယ်လို့ သိရပါတယ်။ ဇွန်လ ၁၆ ရက် အစိုးရ သတင်းစာ တွေဖေါ်ပြချက် အရ မေလ ၂၈ ရက်ကနေ ဇွန်လ ၁၃ ရက် အထိ ပဋိပက္ခ အတွင်း သေဆုံးသူ ၅၀ ဦးနဲ့ ဒဏ် ရာရရှိသူ ၅၄ ဦးရှိတယ်လို့ သိရပြီး အခြားသတင်း ဖော်ပြ ချက်တွေအရ ဒုက္ခသည် စခန်း ၃၇ ခုမှာ ဒုက္ခသည် သုံးသောင်းကျော် ရှိနေပြီလို့ ဆိုပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဆက်လက်ကြီးထွားမှု မဖြစ်စေဖို့ အရေးပေါ်ကြေညာချက် ထုတ်ထားတဲ့ အချိန်မှာ လုံခြုံရေး တာဝန် ယူထားတဲ့ စစ်တပ်ကလည်း အုပ်ချုပ်ရေး အာဏာပိုင်တွေလိုဖြစ်နေပြီး ပစ်ခတ်မှု တချို့လည်း ရှိခဲ့တယ်လို့ ကြားသိ ရပါတယ်။ ဇွန်လ ၁၇ ရက်က စစ်တွေမြို့ နာဇီရပ်ကွက် မီးလောင်ပြင်ကို နေ့ လည် တနာရီလောက်မှာ ဝင်ရောက် လာတဲ့လူငယ် ၂ ဦးကို လုံခြုံရေး တာဝန် ယူထားတဲ့ စစ်သားတဦးက ပစ် ခတ်လို့ ၁၇ နှစ်အရွယ် ရခိုင်လူငယ် တဦးသေဆုံး သွားတယ်၊ ကျန်တဦးက ဒဏ်ရာရတယ် ဆိုတဲ့အပေါ် လူထု ဘက်က မကျေနပ်သံတွေ ထွက်ပေါ်နေပါတယ်။ ကျောက်တော်က ဖမ်းဆီးထားတဲ့ ရခိုင်အမျိုးသား ၉ ဦး ကိစ္စ နဲ့ပတ်သက်ပြီုး လူထုက မကျေနပ်လို့ ကန့်ကွက် ဆန္ဒပြမှုတွေဖြစ်နေရာ ကနေ စကခ ၉ က အဲဒီလူ ၉ ဦးကို ခေါ်ဆောင် သွားတယ်လို့ သိရတဲ့အတွက် ဒေသခံ လူထုအကြား စစ်တပ်အပေါ် သံသယစိတ်တွေ ပိုကြီးထွား လာနေပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ နဲ့ မလုံလောက်လို့ သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေကြေညာ ပြီးတဲ့နောက် စစ်တပ်ရဲ့ဆောင်ရွက်ချက် တွေအပေါ် မူတည်ပြီး ဒေသခံ လူထုနဲ့ တပ်မတော်အကြား ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရရှိပဲ စစ် ဘက်၊ အရပ်ဘက် ဆက်ဆံရေးမှာ ပိုပြီး ခက်ခဲ တင်းမာမှုတွေဖြစ်လာ တာဟာ တိုင်းပြည် အနာဂတ် အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကတော့ ဥရောပ ခရီးစဉ် မထွက်ခွါမီ ရန်ကုန်မှာ ရှိနေ ကတည်းက ရခိုင်ပြည်နယ် အတွင်းက ပဋိပက္ခတွေဟာ “ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတာကို ဖေါ်ပြခြင်းဖြစ် ကြောင်း ” အတိအကျပြောဆို ခဲ့ပါတယ်။ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ( ILO ) ညီလာခံမှာ မိန့် ခွန်းပြောအပြီး ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်လို့ သတင်းထောက် တဦးရဲ့အမေးကိုဖြေဆိုတဲ့ အခါ “ ရှင်း လင်းတိကျတဲ့ နိုင်ငံသားဖြစ်မှုဥပဒေ ” လိုတဲ့ အကြောင်းနဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ လာဘ် ပေးလာဘ်ယူခြစားမှုတွေက ပြဿနာရဲ့ ဇစ်မြစ်ဖြစ်နေတာကို ဝေဖန်ထောက်ပြ သွားပါတယ်။ ရခိုင်ပြည်နယ် ကပဋိပက္ခကို ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း “ တရားဥပဒေ စိုးမိုးရေး မရှိလို့ ” ဆိုပြီးပြော သွားပေမယ့် ဒီပဋိပက္ခတွေ သန္ဓေတည်ပေါက်ဖွား လာတဲ့ အရင်း အမြစ် ကိစ္စနဲ့ အာဏာပိုင်တွေရဲ့ ခြစားမှုတွေ ကိုတော့ ထောက်ပြ သွားတာ မကြားသိရပါဘူး။ တရားစီရင်ရေး အပိုင်းမှာတော့ ရခိုင်ပြည်နယ်က သွေးစွန်းတဲ့ ပဋိပက္ခတွေရဲ့မီးပွားလို့ပြောရမယ့် မသီတာထွေးကို အဓမ္မပြုကျင့်ခဲ့သူ ၃ ဦးကိုတော့ ဇွန်လ ၁၈ ရက်မှာ ကျောက်ဖြူခရိုင် တရားရုံးကနေ သေဒဏ် စီရင်ချက် ချမှတ်လိုက်တာ ကြားသိ ရပါတယ်။

- ရခိုင်ပြည်နယ်ကမတည်ငြိမ်သေးတဲ့ အခြေအနေ၊ ကချင်ပြည်နယ် ထဲက တနှစ်ကျော် ကြာမြင့် လာပြီဖြစ်တဲ့ အစိုးရ တပ်နဲ့ KIA တို့ အကြား တိုက်ပွဲများ၊ အစိုးရတပ်နဲ့ SSA တို့အကြားတိုက်ပွဲများ၊ မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ဆွေးနွေး နေပါတယ် ဆိုတဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ - စ တဲ့ အခြေအနေတွေ ကြားထဲမှာပဲ ပထမ အကြိမ် လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွေကို ဇူလိုင်လ ၄ ရက် မှာ ပြန်စမယ်လို့ကြေညာ လိုက်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း၊ လွှတ်တော် ဆိုင်ရာ ဥပဒေ ကြမ်း များနဲ့ အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေကြမ်းများ ပြဌာန်းနိုင်ဖို့ ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ ရခိုင် ပြည်နယ်ထဲမှာဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ ကိစ္စကိုလည်း တင်ပြဆွေးနွေးမယ်လို့ သိရပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆွေးနွေးမယ် ဆိုရင်လည်း နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတွေကို ပြင်ဆင် တင်ပြကြရ တော့မှာဖြစ်ပြီး ရိုဟင်ဂျာ အရေး တခုတည်းကွက်ပြီးပြောနေလို့ ရတော့မှာ မဟုတ်ပါဘူး။

နိုင်ငံသားဖြစ်မှုအရေးဆွေးနွေးမယ် ဆိုရင် မန္တလေးမြို့လယ်ခေါင်မှာ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ မဟုတ် တဲ့ တရုတ် လူမျိုးတွေ ကြီးစိုးနေတာက စပြီး သန်းခေါင်စာရင်း ကိစ္စတွေကိုပါ ပြောကြရတော့မှာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး အရာရှိ အဆက်ဆက်ရဲ့ လာဘ်ပေး လာဘ်ယူခြစားမှုတွေနဲ့ စစ်အာဏာသိမ်း နဝတ၊ နအဖ ခေတ်ကာလက တိုင်းမှူး၊ တပ်မမှူး၊ နစကမှူး၊ စကခမှူးတွေရဲ့ အလွဲသုံးစား မှုတွေဟာ ပြဿနာ ရဲ့ဇစ်မြစ်ဖြစ်တယ် ဆိုတာကိုလည်း ရှာဖွေတွေ့ရှိကြမှာ အသေအချာပါပဲ။ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ် တော်လိုနေရာမျိုးမှာ အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေကိုဆွေးနွေးသည်ဖြစ်စေ၊ တရားမဝင် ရောက်ရှိနေ ထိုင်တဲ့ တိုင်းတစ်ပါးသား အရေးတွေဆွေးနွေးသည်ပဲဖြစ်စေ “ညောင်မြစ်တူး ပုတ်သင်ဥပေါ်” ဆိုသလိုမျိုး အကြောင်းကိစ္စရပ် အသီးသီးမှာ အကြောင်းကြောင့် အကျိုးဆက်များဖြစ်လာတာမို့ စံနစ် မကောင်းခဲ့လို့ ဖြစ်ရ တာကို ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့အစိုးရက ရဲရဲကြီး ဝန်ခံပြီး ပြည်သူလူထု လိုလားတဲ့ပြုပြင်ပြောင်းလဲရေးတွေကို တကယ် လုပ်ပြမှသာ သန့်ရှင်းသော အစိုးရနဲ့ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်လာမှာ ဖြစ်ပါတယ်။

မင်းဝဏ်

0 comments:

အပေါ်သို့