..............................

Wednesday, June 27, 2012

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တပ်မတော် (၃)

မာန်လက်
ဇွန်လ ၂၇ ရက် ၂၀၁၂
အချိန်ဆွဲပေါ်လစီလား


အသစ်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ တို့ကကော စစ်မှန်တဲ့ ထာဝရ ငြိမ်း ချမ်းရေးကို တကယ် လိုလားရဲ့လား ဆိုတာ မေးခွန်း ထုတ်ကြည့် ကြရအောင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ၂၀၁၀ ရွေးကောက်ပွဲ ကနေ ပေါ်ထွက်လာတဲ့ ကြံ့ဖွတ် အစိုးရသစ် ဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေးနဲ့ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ပေါ် တည်ဆောက်ရေး ကြွေးကြော်ပြီး လွှတ်တော်ထဲ ၀င်ရောက်လာ တာပါ။ ဒါပေမဲ့ လက်တွေ့မှာက အခိုင်အမာ ဘာတခု မှ မဖြစ်လာသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး အတွက် ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦးအောင်မင်း ဦး ဆောင်တဲ့ အဖွဲ့တို့ လုပ်ဆောင်နေတာ မှန်ပေမဲ့ တကယ် အနှစ်သာရ ရှိတဲ့ ငြိမ်းချမ်းရေး မျိုးကို မတွေ့မြင်ရသေးဘဲ အပစ်ရပ် ရုံလောက်သာ ဖြစ်နေသေးတာကြောင့် သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ သစ်ကို အခု ရက်ပိုင်းလေးကတင် ဖွဲ့စည်း လိုက်ပါ တယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ပြီး ဒု သမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် အပါအ၀င် ၁၂-ဦးနဲ့ ဖွဲ့စည်း လိုက်တာကြောင့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ-ကာလုံမှာ နိုင်ငံခြားရေး ၀န်ကြီးအစား ရှေ့နေချုပ်နဲ့ သမ္မတရုံး-ညွှန်ချုပ် နောက်ထပ် ၂-ဦးနဲ့ ထပ်အားဖြည့် လိုက်တာပဲ ကွာခြားပြီး တကယ့် အာဏာပိုင်တွေနဲ့ ဖွဲ့စည်း လိုက် တာကို တွေ့မြင် ရပါတယ်။

အကြောင်းက ၂၀၀၈ စစ်ဖွဲ့စည်းပုံ အရ ကာလုံ ဆိုတာဟာ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့် အမိန့် အာဏာထက် အထူး အာဏာ ရှိနေလို့ပါပဲ။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့မှာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းက ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒု-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီး စိုးဝင်း၊ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ အဖွဲ့ ၀င်များအဖြစ် ၀န်ကြီး ၇ ဦး၊ ပြည်နယ်/တိုင်း ၀န်ကြီးချုပ် ၁၀ ဦး၊ ပြည်နယ်/တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၁၀ ဦး၊ နယ်စပ်ရေးရာ ဒု-၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းနှင့် ဒု-ရှေ့နေချုပ် ဦးထွန်းထွန်း ဦး အပါအ၀င်၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် အပါအ၀င် စုစုပေါင်း ၅၂ ဦးနဲ့ ထပ်မံ အားဖြည့် ဖွဲစည်း လိုက်တာကို ကြည့်ရင်လည်း စစ်ဗိုလ် ချုပ်ဟောင်းတွေကသာ အများစု နေရာ ယူထားပြန်တာကြောင့် နောက်တက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုတာလို မျိုးများလားလို့ အတွေး ပိုမိပါတယ်။

သူတို့ အပြောအရတော့ အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးကော်မတီ အဖွဲ့နှစ်ခုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးနဲ့ ထာဝရ ငြိမ်းချမ်းရေး ရတဲ့ အထိ အစိုးရ သက်တမ်း မကုန်ခင် ငြိမ်းချမ်းရေး အကောင် အထည်ဖော်နိုင် အောင် လုပ်ဆောင် သွားဖို့ ရည်ရွယ် ထားတယ်လို့ မီဒီယာ တွေ မှာ ဖော်ပြထားပါတယ်။

ပြောချင်တာက တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင် ရေးတွေမှာ တပ်မတော်ရဲ့ ပါဝင်ပတ် သက်မှု အခန်း ကဏ္ဍကို ရှေ့တန်း တင်လာလို့ပါပဲ။ အမှန်ကတော့ တိုင်းပြည်တခုမှာ တပ်မတော် တရပ်ဟာ အရေးကြီးသလို တိုင်းပြုပြည်ပြုကိစ္စ ရပ် တွေမှာ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာလည်း အင်မတန်မှ အရေးပါ ပါတယ်။ တပ်မတော်ကသာ တိုင်းရင်း သား ပြည်သူ တရပ်လုံးရဲ့ အလိုလား အတောင့်တဆုံးဖြစ်တဲ့ ပြည်တွင်းစစ် ရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို စိတ်ရင်းစေတနာ မှန်နဲ့ ညှိနှိုင်း ဖော်ဆောင်မယ် ဆိုရင် တကယ့်ငြိမ်းချမ်းရေးက မဖြစ်လာစရာ မရှိသလို တပ်မတော်ရဲ့ အစဉ်အလာ ဂုဏ် သိက္ခာလည်း ပြန်လည် ဦးမော့လာမှာ မလွဲပါဘူး။

အစိုးရက ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N)၊ ကရင် အမျိုးသား အစည်း အရုံး (KNU)၊ မွန်ပြည်သစ် ပါတီ၊ (DKBA) ကလို့ထူးဘော အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) စသဖြင့် ၁၀-ဖွဲ့ ထက်မနည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ် ထားပြီးဖြစ်ပေမဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နဲ့တော့ အခု လော လောဆယ်ကို နေ့စဉ် ရက်ဆက် ပြင်းထန်တဲ့ တိုက်ပွဲကြီးတွေ ဖြစ်နေသလို အလားတူ ဇန်န၀ါရီလ ၂၈-ရက်နေ့က တောင် ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅-ချက်ပါ သဘော တူညီချက်ကို လက်မှတ် ထိုးထားတဲ့ SSA ရှမ်းပြည် မြောက်ပိုင်းတပ်ဖွဲ့ နယ်မြေ အတွင်း အစိုးရ ဘက်က တပ်အင်အား ဖြည့်ဆည်းမှုနဲ့ လှုပ်ရှား စစ်ကြောင်းတွေ ထပ်မံ ၀င် ရောက်လာတာ ကလည်း စစ်ရေး တိုက်ပွဲတွေ ဖြစ်လာဖို့ တာ စူနေတာကြောင့် အပြောနဲ့ မကိုက်ညီဘူး ဖြစ်နေပါတယ်။

ဒါ့ပြင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကလည်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO- ဌာနချုပ်ကို ထိုးစစ် ဆင်မှာ မဟုတ် ကြောင်း ဧပြီလ၂၉ ရက်နေ့ နေပြည်တော် သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုသွားတဲ့ ဒီရက်ပိုင်း အတွင်းမှာကို မြန်မာပြည် မြောက်ပိုင်းဒေသ ဘက်မှာ လက်နက်ကြီးပေါက်ကွဲ သံတွေနဲ့ အတူ စစ်ရဟတ်ယာဉ် သံတွေကလည်း လူးလာခေါက်တုန့် ဖြစ်နေတာက ၀န်ကြီး ဦးအောင်မင်းရဲ့ ပြောဆိုချက်ကို ပျက်ရယ်ပြုသလို ဖြစ်နေပါတယ်။

ချုပ်ကြည့်ရင် နအဖစစ်အစိုးရ တဖြစ်လဲ ဦးသိန်းစိန် အစိုးရ သစ်ဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်း ရေးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆိုတာကို ပါးစပ်က တတွတ်တွတ်ပြောနေပေမဲ့ လက်တွေ့မှာက မြန်မာပြည် အနှံ့ အပြား တိုင်းရင်းသားဒေသတွေမှာ ရေရှည် အကျိုးစီးပွား ဆိုင်ရာ နယ်မြေသိမ်းပိုက် စစ်ဆင်ရေးတွေကို တပ်မတော်က အပြင်းအထန် ဆင်နွှဲနေတာက အသစ်ဖွဲ့စည်း လိုက်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ ဟာ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို အမှန်တကယ် လိုလားရဲ့လား ဆိုတာ အမေးပုစ္ဆာတခု ဖြစ်နေပါကြောင်း။

0 comments:

အပေါ်သို့