..............................

Monday, July 25, 2011

စစ်လက်နက် မကူရန် အိန္ဒိယကို တောင်းဆို

ထွန်းထွန်း
သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာအစိုးရသစ်က ကချင်နှင့် တိုင်းပြည်အရှေ့ပိုင်း တိုင်းရင်းသား ဒေသများ၌ ထိုးစစ် ဆင်နေသဖြင့် အိန္ဒိယ အစိုးရအနေနှင့် စစ်လက်နက် မကူညီရန် အိန္ဒိယရှိ လူမှု အဖွဲ့အစည်းများနှင့် မြန်မာ့အရေး လှုပ်ရှားသူများက တောင်းဆို လိုက်သည်။

မြို့တော်နယူးဒေလီရှိ ဂျန်တားမန်တားအရပ်၌ သောကြာနေ့ နေ့လယ်ပိုင်းတွင် ဆန္ဒပြတောင်းဆိုရာ အိန္ဒိယ လူမှု အဖွဲ့အစည်း ၄၆ ဖွဲ့၊ တသီးပုဂ္ဂလ ၄၉ ဦးနှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ၂၄ ဖွဲ့ အပါအဝင် လူဦးရေ ၁ဝဝ ကျော် ပါဝင်ခဲ့သည်။

“အိန္ဒိယ အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့တာကို ကျမတို့ မလိုချင်ဘူး။ ဘာ့လို့လဲ ဆိုတော့ ဒါက အပြစ်မဲ့တဲ့ သူတွေကို သတ်နေတာ။ ဒါကြောင့် မလိုချင်တာ။ ဒါကလည်း ကျမတို့ အိန္ဒိယ အစိုးရကို ပေးချင်တဲ့ သတင်းစကားပါပဲ” ဟု ဆန္ဒပြပွဲကို ဦးဆောင် စီစဉ်ခဲ့သည့် Burma Centre (Delhi) မှ ဆက်သွယ် ညှိနှိုင်းရေးမှူး မစ္စစ် Alana Golmei က မဇ္ဈိမကို ပြောသည်။

အိန္ဒိယအစိုးရက စစ်လက်နက် ထောက်ပံ့ခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် မြန်မာတိုင်းရင်းသား ဒေသများတွင် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် အားပေး အားမြှောက် ဖြစ်နေသည်ကို မလိုလားကြောင်း စုပေါင်း ကြေညာချက်တွင် ရေးသားထားသည်။

ထို့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ထိုးစစ်ဆင် မှုများ ပြုလုပ် နေသည်ဟုလည်း ဆိုသည်။

“သူတို့ (အိန္ဒိယ) အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးနဲ့ ရရှိရေးအတွက် အုပ်ချုပ်နေတဲ့ သူတွေနဲ့ ဆက်ပြီးတော့ လိုချင်တာတွေ ပေး၊ ဝယ်ချင်တာတွေ ရောင်းမယ့် အနေအထား။ နောက်တခါ ဆိုးတာကတော့ နိုင်ငံတကာ စင်မြင့်မှာ မြန်မာ အုပ်ချုပ်သူများ အလွန် လိုချင်နေတဲ့ နိုင်ငံရေးအရ ကာကွယ်မှု၊ သံတမန်ရေးအရ ကာကွယ်မှု တွေကို အိန္ဒိယအစိုးရက တောက်လျှောက် လုပ်လာတော့ ဒါလည်းပဲ ဆက်လုပ်နေမယ်လို့ ကျနော်က ထင်တယ်” ဟု NCGUB ညွန့်ပေါင်းအစိုးရ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောဆိုသည်။

အိန္ဒိယဘက်မှ စစ်လက်နက်များ တင်ဆောင်ထားသည့် မြန်မာစစ်ကား ၅၂ စီး ဇူလိုင် ၇ ရက်တွင် မြန်မာပြည်တွင်း ဝင်ရောက်ခဲ့သည့် အပေါ် ယနေ့ဆန္ဒပြပွဲက ကန့်ကွက်ခဲ့သေးသည်။ မဏိပူရပြည်နယ် မိုးရေးမြို့မှ စစ်ကိုင်းတိုင်း တမူးမြို့မှတဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျမတို့အနေနဲ့ အိန္ဒိယဘက်ကနေ မြန်မာဘက်ကို စစ်ကား ၅၂ စီး ပို့ခဲ့တယ်ဆိုတာကိုပဲ သိရတယ်။ အသေးစိတ် မသိရသေးဘူး။ ကျမတို့ ဒီသတင်းတွေကို နယ်စပ်မှာရှိတဲ့ သတင်း အေဂျင်စီတွေကနေ ရတာပါ။ အခုကိစ္စကတော့ ကျမတို့ ဆန္ဒပြတဲ့ ထဲမှာပါတဲ့ ကိစ္စရပ် တခုပါ။ ဒါက အိန္ဒိယက မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့နေတဲ့ အထဲက အစိတ်အပိုင်း တခုပါ” ဟု မစ္စစ် Alana Golmei က ပြောသည်။

အဆိုပါ စစ်ကား ၅၂ စီးကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အိန္ဒိယက ဒီလိုအချိန်မျိုးမှာပေါ့လေ။ လက်နက်ပစ္စည်းတွေ မြန်မာပြည်ပို့တယ်ဆိုတဲ့ သတင်းက မှန်ခဲ့လို့ ရှိရင်တော့ ဒီဟာဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အချိန်ရွေးမှုလည်း အင်မတန်မှ လွဲမှားတယ်။ ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်း မြန်မာပြည်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေက အနည်းဆုံး ပြည်နယ် ၃ ခုမှာတောင် ဖြစ်နေတဲ့ အချိန်မှာ လက်နက်တွေ ပေးတယ် ဆိုတော့ ဒါဟာ မှားယွင်းတဲ့ အချိန်ရွေးချယ်မှု” ဟု ဒေါက်တာတင့်ဆွေက ဆိုသည်။

အိန္ဒိယအနေဖြင့် ၎င်းတို့အကျိုးစီးပွားအတွက် လက်နက်နှင့် ချဉ်းကပ်ခြင်းမှာ မှားယွင်းကြောင်းနှင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနှင့် အကြမ်းမဖက်မှု ကိုင်စွဲခဲ့ခြင်း၊ ဗုဒ္ဓဘာသာ ထွန်းကားရာ ဒေသဖြစ်သည့် အတွက် နဂိုရှိရင်းစွဲ အရည်အချင်း များနှင့်သာ ချဉ်းကပ် သင့်သည်ဟု သူက ဆက်ပြောသည်။

“လက်နက်ရောင်းတာကတော့ ဘယ်နေရာရောင်းရောင်း ရတယ်။ ခုနပြောတဲ့ အကြမ်းဖက်မှုနဲ့ ဘာသာရေး အဆုံးအမ တွေကို တခြား နိုင်ငံတွေ လုပ်မရဘူး။ ဆိုလိုချင်တာက အိန္ဒိယဟာ သူ့ရဲ့ ကိုယ်ပိုင် အရည်အသွေး တွေကို သုံးပြီးတော့ နိုင်ငံတကာ ဆက်ဆံရေး၊ သူ့အကျိုးစီးပွား ဖြည့်ဆည်းအောင် လုပ်သင့်တယ်လို့ ယူဆပါတယ်” ဟု သူက ဆိုသည်။

မြန်မာ့မြေပေါ်တွင် အခြေချ လှုပ်ရှားနေသည့် အိန္ဒိယအရှေ့မြောက်ပြည်နယ် ခွဲထွက်ရေး သူပုန်များအား နှိမ်နင်းရန် အတွက် အိန္ဒိယ အစိုးရက မြန်မာစစ်အစိုးရကို လက်နက်များ ဈေးပေါပေါနှင့် ယခင်က ထုတ်ရောင်းခဲ့စဉ် ကလည်း မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား သူများက ကန့်ကွက် ခဲ့ကြသေးသည်။ သို့သော် ၂ဝဝ၈ ခုနှစ် မတ်လထဲတွင် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ပရာနတ်ဘ် မူကာဂျီးက ၎င်းတို့ အစိုးရ အနေဖြင့် မြန်မာနိုင်ငံကို လက်နက် ထောက်ပံ့ခဲ့သည်မှာ မဟုတ်မှန်ကြောင်း အမေရိကန် ဝါရှင်မြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆိုခဲ့သည်။

ဆွီဒင်နိုင်ငံ Stockholm အပြည်ပြည်ဆိုင်ရာဌာန - SIPRI မှ သုတေသနပညာရှင် Siemon Wezeman အဆိုအရ ၂ဝဝ၆ အောက်တိုဘာ လထဲတွင် ၇၅ နှင့် ၁ဝ၅ မီလီမီတာ သေနတ်များ တင်ပို့ခဲ့ပြီး T-55 တင့်ကားများ၊ သံချပ်ကာ ကားများ၊ မော်တော်ကား များနှင့် ရဟတ်ယာဉ် များလည်း ပို့ဆောင်ခဲ့ကြောင်း ဝီကီလိခ် ကြေးနန်း များတွင် ဖော်ပြ ပါရှိသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပေ။

ယင်းအပြင် ၂ဝ၁ဝ နှစ်ကုန်ပိုင်းက အိန္ဒိယ-မြန်မာ သဘောတူညီချက်တွင် ရိုင်ဖယ်သေနတ်များ၊ သံချပ်ကာ ကားများနှင့် ကင်းလှည့် လေယာဉ်များ ထောက်ပံ့ရန် လက်မှတ် ရေးထိုးခဲ့ကြေင်း မစ္စတာ Wezeman က ဝီကီလိခ်တွင် ပြောကြား ထားသည်။

ယနေ့ဆန္ဒပြပွဲအပြီးတွင် အိန္ဒိယအဖွဲ့များနှင့် မြန်မာ့အရေး လှုပ်ရှားသူများက လက်မှတ်ရေးထိုး ကန့်ကွက်လွှာ ၂ စောင်အား ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းထံ ပေးပို့ခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့