..............................

Monday, July 25, 2011

ဦးဝင်းတင်ကို ဒေါ်အောင်ဆန်းစုကြည် အားပေး

မျိုးသိဏ်း
စနေနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၁

(ရန်ကုန်၊ မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ထံသို့ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့ ညနေ ၅ နာရီ အချိန်က လာရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်တည်းက ခြေထောက်နာကျင်ကိုက်ခဲမှု ဝေဒနာကြောင့် အာရှတော်ဝင် ဆေးရုံတွင် ကုသမှု ခံယူ နေခဲ့ရသည့် ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလုပ် တာဝန် များပြားနေသည့် ကြားမှ ယခုကဲ့သို့ လာရောက် အားပေးကြည့်ရှုသဖြင့် အားတက်မိသည်ဟု မဇ္ဈိမကို ပြောသည်။

"လာကြည့်တဲ့အတွက်တော့ အများကြီး အားတက်တာပေါ့။ အားတက်တယ် ဆိုတာက အလုပ် အလွန်များတဲ့ အနေ အထားမှာက နေပြီးတော့ အခုလို ကျန်းမာရေး အတွက် လာပြီး အားပေးတယ် ဆိုတာကတော့ တို့ဆိုတာကတော့ အားတက်တာပေါ့။ သို့သော် တခုရှိတာက သူ့အတွက်လဲ နိုင်ငံရေး လုပ်ငန်းတွေက၊ အလုပ်တွေက အများကြီး ရှိတဲ့ အခါကြတော့ အဲ့တာတွေ အတွက်လဲ အနှောင့်အယှက် မဖြစ်စေချင်ဘူး။ တို့က သူ့ကို အကူအညီသာ ပေးချင်တယ် အနှောင့်အယှက်တော့ ဘာမှ မဖြစ်စေချင်ဘူး။ သူ့အတွက်လဲ အဟန့်အတား အပိတ်အဆို့ မဖြစ်စေချင်ဘူး" ဟု ဦးဝင်းတင်ကပြောသည်။

ဦးဝင်းတင်အား မိနစ်နှစ်ဆယ်ခန့် စကားပြောဆို အားပေး ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းတင်အား ကုသ ပေးနေသည့် ဆရာဝန်ကြီး နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇူလိုင်လ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဆေးရုံမှ ခေတ္တ ခွင့်ပန်ကာ သွားရောက်ခဲ့သူ ဦးဝင်းတင်သည် ခြေထောက် နာကျင်ကိုက်ခဲမှု ဝေဒနာ အတွက် ခါးရိုးအတွင်းသို့ ဆေးထိုးသွင်း ကုသနေရဆဲဖြစ်ပြီး နောက်ထပ် ၅ ရက် ၆ ရက်ခန့် ဆေးရုံတွင် ဆက်လက် ကုသမှု ခံယူရဦးမည်ဟု သိရသည်။

အသက်အရွယ်အရ ကျန်းမာရေးပြဿနာမှာ ရှောင်လွှဲမရနိုင်သည့် အနေအထား ဖြစ်သော်လည်း ဒီမိုကရေစီရေး လှုပ်ရှားမှုများ အတွက် အဟန့်အတားဟု မထင်ကြောင်း နိုင်ငံရေးသမား ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က မဇ္ဈိမကိုပြောသည်။

"ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ချို့ယွင်းချက်ကတော့ တို့မှာတော့ ပေါ်နေပြီ။ အသက်ကလဲ ၈၂ နှစ်ဆိုတော့ ရှောင်လွှဲလို့လဲ မရတော့ဘူး။ ဒီဟာက ပေါ်ကို နေတော့တာ။ အဲ့တော့ အခု ဒီကျန်းမာရေးကိစ္စ ပေါ်လာတဲ့ အတွက်တော့ ဒီမိုကရေစီရေး လှုပ်ရှားမှု လုပ်ငန်းတွေ အတွက် ဘာမှ ထူးထူးခြားခြား အဟန့်အတား အနှောက်အယှက် ဖြစ်တယ်လို့ မယူဆတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ရှေ့လျှောက်လဲ ဒါတွေ ဖြစ်နေတော့မှာပဲ အသက်အရွယ်ကို လိုက်လို့လေ။ အဲ့တော့ ဒီဟာအတွက် အရေးမကြီးတော့ဘူးလို့ တို့က ယူဆပါတယ်"

ယခုကဲ့သို့ ကျန်းမာရေးချို့တဲ့သည့် အနေအထားအပေါ် စိတ်ပူပန်ခြင်း မရှိစေလိုကြောင်း၊ လူတဦး တယောက် အနေဖြင့် အို၊ နာ၊ သေ ကိစ္စများ ရှောင်လွှဲ မရသော်လည်း ဒီမိုကရေစီရေး ကြိုးပမ်းမှုများတွင်မူ မည်သည့် အကြောင်းနှင့်မှ အားထုတ်မှု လျော့မသွားရန် လိုကြောင်း သူ့အား စိုးရိမ် ပူပန်နေသူများနှင့် မိတ်ဆွေများအား ဦးဝင်းတင်က မဇ္ဈိမ မေးမြန်းခန်းတွင် ဖြည့်စွက် ပြောဆိုသွားခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့