..............................

Tuesday, July 26, 2011

နော်ဝေ အကြမ်းဖက်မှု NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

လင်းသန့်
Monday, 25 July 2011

နော်ဝေနိုင်ငံ အော်စလိုမြို့၌ ဇူလိုင်လ ၂၃ နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ၂ ခုတွင် လူပေါင်း ၉၂ ဦး အသက် ဆုံးရှုံး ခဲ့ရမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့လိုက်သည်။

“အထွေထွေအတွင်းရေးမှူး လက်မှတ်နဲ့ စနေနေ့ နေ့လည်ပိုင်းမှာ ဘန်ကောက်မှာရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေ သံအမတ်ကြီး ဆီကို အထူး ၀မ်းနည်း ကြေကွဲကြောင်း၊ နော်ဝေ နိုင်ငံသားများနှင့် ထပ်တူ ခံစားရပါကြောင်း သ၀ဏ်လွှာကို ပါတီကိုယ်စား ပေးပို့ခဲ့တာ ဖြစ်ပါတယ်” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

အော်စလိုမြို့လယ်ရှိ ၀န်ကြီးချုပ်ရုံးနှင့် ၄င်း၏ လေဘာပါတီ ဌာနချုပ်တည်ရှိရာ အစိုးရအဆောက်အဦ များတွင် ဗုံး ဖောက်ခွဲမှုကြောင့် ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း နော်ဝေ ရဲတပ်ဖွဲ့က ဆိုသည်။

နာရီပိုင်းအကြာတွင် ယူတိုယာကျွန်း၌ အာဏာရ လေဘာပါတီ၏ နွေရာသီ လူငယ်စခန်းတွင် လက်ယာ အစွန်းရောက် ဝါဒီ၊ ရဲအရာရှိ အယောင်ဆောင် သေနတ်သမား အန်ဒါစ် ဘယ်ရင် ဘရီးဗစ် (Anders Behring Breivik) က ပစ်ခတ်မှုကြောင့် လူ ၅၀၀ အနက် လူငယ် အများအပြား အပါအဝင် ၈၆ ဦး သေဆုံး ခဲ့သည်။

မြန်မာ့ဒီမိုကရေစီအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် နော်ဝေရောက် မြန်မာများ ကလည်း ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ခြင်း၊ ၀မ်းနည်းခြင်း ဆုတောင်းပွဲများ ကျင်းပကြသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က မြန်မာ့ ဒီမိုကရေစီအရေး တစိုက်မတ်မတ် ထောက်ခံနေသည့် နော်ဝေနိုင်ငံတွင် ဖြစ်ပွားခဲ့ရမှုသည် အလွန်ဝမ်းနည်း ကြေကွဲဖွယ် ဖြစ်ရပ်ဖြစ်ပြီး နော်ဝေ နိုင်ငံသားများနှင့် ထပ်တူ ၀မ်းနည်းကြောင်း၊ အထူးသဖြင့် ယခုဖြစ်ရပ်တွင် အများဆုံး သေဆုံးခဲ့သော လေဘာပါတီ လူငယ် အဖွဲ့နှင့် လူ့ဘောင်သစ် ပါတီ တို့မှာ မဟာမိတ် အဖွဲ့အစည်းများ ဖြစ်ကြောင်း ပြောသည်။

ကိုအောင်မိုးဇော်က “၀မ်းနည်းခြင်း သ၀ဏ်လွှာလည်း ကျနော်တို့ ပို့ထားတယ်။ ဒီလို အကြမ်းဖက်တဲ့ လုပ်ရပ်ကို လုံးဝ လက်မခံနိုင်ဘူး။ ဥရောပမှာ အခုလို လက်ယာ အစွန်းရောက်တွေ ခေါင်းထောင်လာတာ ဥရောပ အတွက်ရော တကမ္ဘာလုံး အတွက်ပါ ကောင်းတဲ့ အလားအလာ မဟုတ်ဘူး” ဟု ကိုအောင်မိုးဇော်က ဧရာဝတီသို့ ပြောသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနသည် အော်စလိုမြို့တွင် ရုံးချုပ်တည်ရှိပြီး နော်ဝေ နိုင်ငံက ငွေကြေး ထောက်ပံ့မှုများလည်း ပေးထားသည်။ DVB ရုံးချုပ်သည် ဗုံးခွဲခံရသည့် ဝန်ကြီးချုပ်ရုံးနှင့် အလှမ်း မဝေးကြောင်း သိရသည်။

DVB သတင်းဌာနမှ ဒါရိုက်တာ တဦးဖြစ်သည့် ဦးခင်မောင်ဝင်းက “ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးနေတဲ့ နိုင်ငံမှာ ဒီလို အကြမ်းဖက်မှုဟာ အလွန်ဝမ်းနည်း ထိပ်လန့်စရာ ကောင်းတယ်။ အစပိုင်းက လူတွေ ထင်သလို မဟုတ်ဘူး။ နော်ဝေ နိုင်ငံသား ကိုယ်တိုင်က နိုင်ငံခြားက ပြောင်းရွှေ့ဝင်ရောက် လာသူတွေကို မလိုလားလို့ လုပ်တာ ဖြစ်တယ်။ မွတ်စလင် အစွန်းရောက် ၀ါဒကို လက်မခံနိုင်လို့ ဒီလို လုပ်ရပါတယ် ဆိုတော့ နော်ဝေမှာရှိတဲ့ နိုင်ငံခြားသားတွေ အတွက် စိတ်ပူ စရာဖြစ်တာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အော်စလိုမြို့အခြေစိုက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ရေး အဖွဲ့က ၁၉၉၁ ခုနှစ်အတွက် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့သည်။

သို့သော်လည်း နော်ဝေ လူ့အဖွဲ့အစည်းတွင် မြန်မာလူမျိုးများ အနေဖြင့် နာမည်ကောင်း ရှိကြောင်း၊ ထို့အတွက် ဂုဏ်ယူကြောင်း၊ နော်ဝေ ပြည်သူ အများစုက ထိုကဲ့သို့ အကြမ်းဖက်လိုသည့် သဘောထား မရှိကြောင်း ဦးခင်မောင်ဝင်းက ရှင်းပြသည်။

“ဇူလိုင်လ ၃၁ ရက်နေ့အထိ ၀မ်းနည်းခြင်းအတွက် နော်ဝေနိုင်ငံသား အားလုံးနဲ့ တသားတည်း ရှိတယ် ဆိုတာကို ဖော်ပြ သွားဖို့ ရှိတယ်” ဟု နော်ဝေနိုင်ငံရောက် မြန်မာ တဦးကလည်း ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးကာလတွင် နော်ဝေနိုင်ငံ၌ လူဦးရေ ၄ သန်းမျှသာ ရှိသော်လည်း နော်ဝေ နိုင်ငံသား ၃၀၀၀ ကျော်က အနီရောင်များ ၀တ်ဆင်ကာ မြန်မာနိုင်ငံသားများနှင့် တသားတည်း ရှိကြောင်း ပြသခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

အကြမ်းဖက်မှုကို ကျူးလွန်ကြောင်း ၀န်ခံထားသည့် အန်ဒါစ် ဘယ်ရင် ဘရီးဗစ်သည် အစ္စလာမ် ဆန့်ကျင်ရေး သမား ဖြစ်ပြီး အခင်း ဖြစ်ပွားမှု မတိုင်ခင် ရက်ပိုင်းက ၄င်း၏ စာမျက်နှာ ၁၅၀၀ ရှိ အစ္စလာမ် ဆန့်ကျင်ရေး အကြောင်းများကိုလည်း အင်တာနက်တွင် ရေးသား ဖြန့်ဝေထားသည်။

နော်ဝေ ၀န်ကြီးချုပ် ယန်း စတော်လ်တင်ဘတ် (Jens Stoltenberg) က ယခုဖြစ်ရပ်သည် နော်ဝေ နိုင်ငံ သမိုင်းတွင် အဆိုးရွားဆုံး ၀မ်းနည်းဖွယ် ဖြစ်ရပ်ဖြစ်ကြောင်း၊ ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် နိုင်ငံတော် အလံကို တ၀က် လွှင့်ထူကြောင်း၊ ယခု လုပ်ရပ်၏ လက်သည်သည် သူရဲဘော နည်းသူ ဖြစ်ကြောင်း ၀မ်းနည်းမှု အခမ်းအနားတွင် ပြောကြား သွားသည်။

“တိုက်ခိုက်တဲ့သူတွေကို ကျနော်တို့ နော်ဝေနိုင်ငံသားတွေ ပြောချင်တာက ဒီမိုကရေစီစနစ်နဲ့ အကောင်းဆုံး စံချိန် စံညွှန်းတွေကို ခင်ဗျားတို့ မဖျက်ဆီးနိုင်ဘူး ဆိုတာပဲ” ဟု နော်ဝေ ၀န်ကြီးချုပ်က ပြောသည်။

နော်ဝေနိုင်ငံသည် မြန်မာဒုက္ခသည်အများစုကို အခြေချနေထိုင်ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် ထောက်ခံသော နိုင်ငံဖြစ်သည်။

နော်ဝေ အကြမ်းဖက်တိုက်ခိုက်မှုကြီးကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် နေတိုး အဖွဲ့တို့ကလည်း ဆန့်ကျင် ရှုတ်ချခဲ့ကြသည်။

နော်ဝေနိုင်ငံသည် အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ပွဲများကို ထောက်ခံပြီး အာဖဂန်နစ္စတန် နိုင်ငံသို့လည်း တပ်သားများ စေလွှတ် ထားသည်။

အကြမ်းဖက်မှုကြီး ဖြစ်ပွားပြီးနောက် သတင်းမီဒီယာများက အစ္စလာမ်အစွန်းရောက်များ၏ အကြမ်းဖက်မှုကြီး အဖြစ် အလျင်စလို မှားယွင်းစွာ ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး ထိုအခင်း ဖြစ်ပွားရာ နေ့သည် နော်ဝေနိုင်ငံ အတွက် ၀မ်းနည်းဖွယ် နေ့တနေ့ ဖြစ်သကဲ့သို့ စာနယ်ဇင်းပညာ (မီဒီယာ) အတွက် အရှက်ရဖွယ် နေ့တနေ့ ဖြစ်ကြောင်းလည်း The Straits Times သတင်းစာကြီးက ဝေဖန် ရေးသားထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့