..............................

Wednesday, July 27, 2011

SSC နှင့် Hot News အမှု သောကြာနေ့တွင် စတင်စစ်ဆေးမည်

သဲသဲ
အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွှေဂုံတိုင် အထူးကုဆေးရုံ အုပ်ချုပ်ရေးအဖွဲ့က Hot News ဂျာနယ်နှင့် အယ်ဒီတာချုပ် ဒေါ်ဟေမာ (ခ) မမ ကို တရား စွဲဆိုထားသည့် အမှုအတွက် လာမည့် သောကြာနေ့တွင် ရန်ကုန်တိုင်း တိုင်းဒေသကြီး တရားရုံးတွင် အမှုစတင် စစ်ဆေး တော့မှာ ဖြစ်ကြောင်း တရားလိုဘက်မှရှေ့နေ ဦးရဲမြင့်က ပြောသည်။

Shwe Gon Dine Specialist Centre (SSC) က Hot News ကို နစ်နာကြေး သိန်း ၂ သောင်း ရလိုမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး တရားရုံးတွင် လည်းကောင်း၊ အသရေဖျက်မှု ပုဒ်မ ၅ဝ၅(၁)ဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် လည်းကောင်း အမှု စွဲဆိုထားသည်။

လာမည့် သောကြာနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး တရားရုံး၌ နစ်နာကြေး ရလိုမှုဖြင့် စွဲဆိုထားသည့် အမှုကို စတင် ကြားနာမည်ဖြစ်ပြီး ဗဟန်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ အသေရ ဖျက်မှုကို သြဂုတ်လ ၅ ရက်နေ့တွင် စတင် စစ်ဆေးမည် ဖြစ်သည်။

အမှုနှင့် ပတ်သက်၍ တရားရုံးအပြင်ဘက်တွင် ဖြေရှင်းကာ ပြေလည်မှုရအောင် ကြိုးစားမှုများလည်း ရှိနေသည်ဟု ယုံကြည်ရပြီး ကြားဝင် စေ့စပ်ပေးနေသူ ရှိသော်လည်း ပြေလည်မှု မရသေးဘဲ ဖြစ်နေသည်။

“နှစ်ဘက် အကျိုး လိုလားသူ တယောက်က ဝင်ပြီး စေ့စပ်ပေးသူ တယောက်တော့ ရှိပါတယ်။ ဘယ်သူ ဆိုတာတော့ ကျနော် အတိ အကျ မသိပါဘူး” ဟု SSC ဘက်မှ အမှုလိုက်ရှေ့နေ ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။

ကြားဝင် စေ့စပ်ပေးသူမှာ ယခင်စစ်အစိုးရ နံပါတ် ၂ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးနှင့် ရင်းနှီးသူ ကမ္ဘောဇဘဏ် သူဌေး ဦးအောင်ကိုဝင်း ဖြစ်သည်။

“သူတို့ (SSCဘက်မှ တာဝန်ရှိသူများ) နဲ့ တွေ့ကြည့်ပါ ဆိုတော့ ကျမ ကမ္ဘောဇ ရုံးချုပ်မှာ ပထမတခါ လိုက်တွေ့တော့ အဆင် မပြေပါဘူး။ သူတို့က လူနာရှင် အနေနဲ့ ရေးထားတဲ့ အပေါ်မှာ ကွဲလွဲနေတယ်လို့ ပြောတော့ အစ်မကလည်း SSC ရဲ့ Customer က မကျေနပ်လို့ ကျမရဲ့ ဂျာနယ်တိုက်ကို လာရောက် ပြောဆိုခြင်း ဖြစ်တယ်လို့ ပြောလိုက်တယ်” ဟု ဒေါ်မမက ပြောသည်။

ကမ္ဘောဇ ဘဏ်ရုံးချုပ်တွင် တွေ့ဆုံခဲ့ရာ SSC ဆေးရုံဘက်မှ အဓိက ရှယ်ယာရှင်များဖြစ်သည့် ဒေါက်တာ ဇော်ထွန်း၊ ဒေါက်တာ ဌေးဌေးရီ တို့လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

နှစ်ဘက်ညှိနှိုင်းမှုကို တရားရင်ဆိုင်သွားမည်ဟု ကြေငြာခဲ့သည့် Hot News ဂျာနယ်၏ ဇူလိုင်လ ၈ ရက် သတင်းစာ ရှင်းလင်းပွဲ နောက်ပိုင်းတွင် ယခုကဲ့သို့ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ပထမပတ်ထုတ် Hot News ဂျာနယ်တွင် ရွှေဂုံတိုင် SSC ပုဂ္ဂလိက ဆေးရုံ၏ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်း ဆောင်းပါးမှာ ဆေးရုံကို အသရေ ပျက်စေသည်ဟု ဆိုကာ ဇွန်လ ၃ဝ ရက် နောက်ဆုံးထားကာ တောင်းပန်ရန်နှင့် မတောင်းပန် ပါက ဥပဒေကြောင်း အရ အရေး ယူသွားမည်ဟု SSC က ဇွန်လ ၆ ရက်နေ့တွင် သတိပေးစာ ပို့ခဲ့သည်။

သို့သော် Hot News က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ အမှုဆိုင်သွားမည်ဟု ပြောဆိုခဲ့သည်။

Hot News ဂျာနယ်ကို သတင်းပေးခဲ့သည့် လူနာရှင် မိသားစုမှလည်း SSC ဆေးရုံ၏ ဝန်ဆောင်မှု အပေါ် မကျေနပ်သည့် အတွက် အရေးယူ ပေးရန် နိုင်ငံတော် သမ္မတ၊ ရန်ကုန်တိုင်း အစိုးရနှင့် မြန်မာနိုင်ငံ ဆေးကောင်စီတို့ ထံ ဇွန်လ ၂၄ ရက်နေ့က တိုင်ကြား ထားကြောင်းလည်း ဒေါ်မမက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ တတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင်လည်း အဆိုပါ တိုင်စာအတွက် အရေးယူ ဆောင်ရွက်မှု အခြေအနေကို သိရှိရန် မေးမြန်းရာ ဝန်ကြီး ဦးဉာဏ်ထွန်းဦးနှင့် အခြေအတင် ဖြစ်ခဲ့သေးဟု ဒေါ်မမက ပြန်ပြောပြသည်။

“အခုချိန်ထိ အဲဒီအတွက် ဘာ Result မှ ထွက်မလာသေးလို့ ဆောင်ရွက်မှုကို သိချင်ပါတယ်လို့ အမက ပြောတဲ့ အခါမှာ အမနဲ့ သူ (ဦးဉာဏ်ထွန်းဦး) နဲ့ အခြေအတင် ငြိကြတာပါ” ဟု ပြောသည်။

ဒေါ်မမသည် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်မောင်သန်း၏ သမီးဖြစ်ကာ ပေဖူးလွှာ မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာချုပ်နှင့် Faces မဂ္ဂဇင်း ထုတ်ဝေသူလည်း ဖြစ်သည်။

Hot News ဂျာနယ်မှာ SSC နှင့် အမှုအပြင် ခရီးသွားလုပ်ငန်းနှင့် ပတ်သတ်သည့် ဆောင်းပါး တပုဒ် ကြောင့်လည်း ဇေကမ္ဘာ ဦးခင်ရွှေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့က တရား စွဲဆိုထားသေးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့