..............................

Monday, July 25, 2011

ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးစန်းပွင့် ထောင်ထဲတွင်ပင်ရှိသေး

မျိုးသန့်
သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရက ၂ဝဝ၄ ခုနှစ်တွင် ဖမ်းဆီးထားခဲ့သော ထောက်လှမ်းရေး အရာရှိကြီးဟောင်း တဦးဖြစ်သူ ဗိုလ်မှူးကြီး စန်းပွင့်မှာ ထောင်ထဲတွင်ပင် ရှိနေသေးကြောင်း မိသားစုဝင်တဦးက ပြောသည်။

အသက် ၆ဝ ကျော်ခန့်ရှိ ဗိုလ်မှူးကြီးစန်းပွင့်သည် ယခုအခါ မကွေးတိုင်း သရက်ထောင်တွင် ပြစ်ဒဏ်များ ကျခံနေရပြီး တနင်္လာနေ့တွင် ထောင်ဝင်စာ သွားရောက် ပေးပို့ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးစန်းပွင့်၏ မိသားစုဝင်က ဆိုသည်။

ကြာသပတေးနေ့ထုတ် ဧရာဝတီ သတင်းတပုဒ်တွင်တော့ ဗိုလ်မှူးကြီးစန်းပွင့်မှာ ဇွန်လအတွင်းက လွတ်မြောက် လာခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးစန်းပွင့်မှာ ဆိုင်းငံ့ထောင်ဒဏ် ၄၄ နှစ်အပြစ်ပေးခံရပြီး ရန်ကုန်တွင် နေအိမ် အကျယ်ချုပ် ခံနေရပြီး တာဝန်မှ ဖယ်ရှား ခံလိုက်ရသူ ဝန်ကြီးချုပ်ဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ အားကိုးရသူ တဦးလည်း ဖြစ်သည်။

သို့သော် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ရုံး အုပ်ချုပ်ရေးဌာန အရာရှိ ဒုဗိုလ်မှူးကြီးဟောင်း သက်တင်စိန် ကတော့ သမ္မတဦးသိန်းစိန်၏ တနှစ်လျော့ ပြစ်ဒဏ်ဖြင့် မေလတွင် လွတ်မြောက် လာခဲ့သည်ဟု ထောက်လှမ်းရေးဟောင်း သတင်း ရပ်ကွက်က ပြောသည်။

ဗိုလ်မှူးကြီးစန်းပွင့်နှင့် ဒုဗိုလ်မှူးကြီး သက်တင်စိန်တို့မှာ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူများ ဖြစ်သည်ဟု ဆိုသည်။

အရာရှိ အများအပြား နှစ်ရှည်ထောင်ဒဏ် ကျခံရပြီး အများဆုံး ထောင်ဒဏ် နှစ် ၁၆ဝ ထိ ချမှတ်ခဲ့သည့် ၂ဝဝ၄ ခုနှစ် သြဂုတ်လ အတွင်း နိုင်ငံတဝှမ်းလုံးရှိ စစ်ထောက်လှမ်းရေးကို ဖျက်သိမ်း အရေးယူမှု ပြုသည့်အထဲ ပါဝင်သွားခဲ့ကာ ဗိုလ်မှူးကြီးစန်းပွင့်ကို အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှုတို့ဖြင့် ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့သည်။

ဗိုလ်မှူးကြီး စန်းပွင့်သည် အဖမ်းခံရချိန်အထိ ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံ အနီးရှိ စစ် ထောက်လှမ်းရေး ဌာနချုပ်တွင် တာဝန် ထမ်းဆောင်ကာ တိုင်းရင်းသား ရေးရာ ဒုတိယ တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။

စစ်အစိုးရ စည်းဝိုင်းအတွင်း အားပြိုင်မှု၊ တိုက်ခိုက်ရေး တပ်များနှင့် ထောက်လှမ်းရေး ယန္တရား၏ အားပြိုင်မှု အကျိုးဆက်မှသည် ထောက်လှမ်းရေး ဖျက်သိမ်း ခံရခြင်း အထိ သက်ရောက်မှုများ ရှိခဲ့သည်ဟု လူအများက ယုံကြည်ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့