..............................

Wednesday, July 27, 2011

KNU ကို ရှင်းရန် ထိုင်း ဖိအားပေးခံရ

သန်းထိုက်ဦး
Tuesday, 26 July 2011

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များကို ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် မပြုရန် မြန်မာ အစိုးရက ထပ်မံ ဖိအား ပေးနေကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး စမတ်လွိုင်ဖာ့က ဧရာဝတီကို ယနေ့ ပြောသည်။

KNU ခေါင်းဆောင် အများအပြား မဲဆောက်မြို့နှင့် အနီးရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသည်ဟု သတင်း ရထားကြောင်း၊ ထိုဒေသသို့ ထွက်ပြေး တိမ်းရှောင် နေသည်ဟူသော ဗုံးခွဲ အကြမ်းဖက် သူများကိုလည်း ဖမ်းဆီး ပေးစေလိုကြောင်း မြန်မာ အစိုးရက တောင်းဆို နေသည်ဟု ဆိုသည်။

“မြန်မာ အစိုးရက ထိုင်းအစိုးရကို ဒီကိစ္စတွေ အားလုံး ဖြေရှင်းသွားအောင် ဆောင်ရွက်စေချင်တယ်၊ မဲဆောက် - မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား ပိတ်လိုက်တာလည်း ဒီကိစ္စနဲ့ ပတ်သက်နေတယ်” ဟု စမတ် လွိုင်ဖာ့က ဆက်ပြောသည်။

ဖိအားပေးသည့်အတိုင်း ထိုင်းအစိုးရ ဆောင်ရွက်ပေးလျှင် နယ်စပ် ကုန်သွယ်မှုတွင် အရေးပါသည့် မြ၀တီ မဲဆောက် တံတားကို မြန်မာ ဘက်က တနှစ်ကျော်ကြာ ပိတ်ထားရာမှ ပြန်ဖွင့်ပေးဖွယ် ရှိသည်ဟု သူက ဆက်ပြောသည်။

KNU ကမူ ၎င်းတို့ ခေါင်းဆောင်များ ထိုင်းနယ်မြေတွင် အခြေချနေထိုင်ခြင်း မရှိဟု ဆိုသည်။

“ဒုက္ခသည်စခန်းကို ကျနော်တို့က အခြေခံပြီးတော့ အစိုးရ စစ်တပ်ကို ပြန်တိုက်စရာ ဘာအကြောင်းမှ မရှိဘူး” ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဧရာဝတီကို ပြောသည်။

ယခင်နှစ်ကလည်း မဲဆောက်မြို့ရှိ KNU ခေါင်းဆောင်တို့ နေထိုင်သည့်ဟု ယူဆရသော နေအိမ် တချို့ကို ထိုင်းအာဏာပိုင် တို့က ရှောင်တခင် ၀င်ရောက် စစ်ဆေးပြီး KNU စစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာပြည်ရှိ KNU ထိန်းချုပ် နယ်မြေတွင်သာ အခြေချရန် ဖိအား ပေးခဲ့သည်။

ဤအတောအတွင်း မဲဆောက်ဒေသ ထိုင်းအာဏာပိုင်တို့၏ လှုပ်ရှားမှုများမှာ ပုံမှန် အခြေအနေတွင် ရှိနေကြောင်း AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

မြန်မာပြည်သား အလုပ်သမား သိန်းနှင့်ချီ ရှိသော မဲဆောက်မြို့တွင် မြန်မာ အဖွဲ့အစည်းများ လှုပ်ရှား နေသည်ဟု သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့