..............................

Monday, July 25, 2011

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဟီလာရီ ကလင်တန် တောင်းဆို

Friday, 22 July 2011

မြန်မာနိုင်ငံတွင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း မရှိလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှု ဆုံးရှုံးနေမည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောကြား လိုက်သည်။

“ကျမတို့ အလေးအနက်ထားတာက အကျဉ်းထောင်တွေထဲမှာ ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက် မရှိ အစိုးရက လွှတ်ပေးဖို့ပဲ” ဟု ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီ ကျွန်းတွင် ကျင်းပသော အာဆီယံ-အမေရိကန် ဝန်ကြီးများ အဆင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လူနည်းစု တိုင်းရင်းသားများ၊ နိုင်ငံရေးအတိုက်အခံများနှင့် အဓိပ္ပာယ်ရှိပြီး အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးရေးကို အကောင်အထည် ဖော်သင့်ကြောင်းလည်း ဟီလာရီ ကလင်တန်က ပြောသည်။

ဟီလာရီ ကလင်တန်က စစ်လက်နက် ထိမ်းချုပ်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှု မြင့်မား လာကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ယမန်နှစ်က ဒုံးကျည်ထိပ်ဖူးများ၊ စစ်လက်နက်ခဲယမ်းများ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုးရီးယား သင်္ဘော မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းလာသည်ကို တားဆီးခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အနုမြူလက်နက် ပိုင်ဆိုင်လိုသည့် ရည်ရွယ်ချက်ရှိသည်ဟု စိုးရိမ်ဖွယ်များ တိုးလာ စေခဲ့သည်။

နျူကလီးယား မပြန့်ပွားရေးနှင့်ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ခြင်းခံနေရသည့် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရန် ဟီလာရီ ကလင်တန်က သတိပေးသည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကို သူတို့လှမ်းမလား၊ တလျှောက်လုံး သွားနေတဲ့ လမ်းဟောင်းပဲ ဆက်လျှောက်မလား၊ ရွေးချယ်စရာက ရှင်းပါတယ်” ဟု ဟီလာရီ ကလင်တန်က ပြောသည်။

ယမန်နှစ်က ရွေးကောက်ပွဲကျင်းပခဲ့ပြီး စစ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းခြင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေး ခဲ့ခြင်းများ ရှိသော်လည်း ဟန်ပြ ပြောင်းလဲခြင်းသာ ဖြစ်ပြီး စစ်တပ်မှ အာဏာကို တဖက်လှည့်နှင့် ထိမ်းချုပ်ထားဆဲဟု အများက ယုံကြည်နေကြသည်။

ယခုဆွေးနွေးနေဆဲဖြစ်သည့် မြန်မာကို ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးပေးရေး မဖြစ်သင့် ကြောင်းကိုလည်း ဟီလာရီ ကလင်တန်က အရိပ်အမြွက် ထည့်သွင်း ပြောဆိုခဲ့သည်။

“အာဆီယံအဖွဲ့ဝင်တွေဟာ ဒေသတွင်းမှာ ဦးဆောင်နိုင်တဲ့ နိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မူရှိတဲ့၊ လုပ်နိုင် ကိုင်နိုင်စွမ်း ရှိတဲ့ ဥက္ကဋ္ဌ နိုင်ငံကို ရွေးချယ် နိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

အမေရိကန် သမ္မတ အိုဘားမား အစိုးရသည် မြန်မာနိုင်ငံတွင် အခြေအနေ တိုးတက်လာစေရန် ထိတွေ့ ဆက်ဆံမှုများ လုပ်ဆောင် ခဲ့သော်လည်း သိသာမြင်သာသည့် တိုးတက် ပြောင်းလဲခြင်း မရှိပေ။

ဘာလီကျွန်း ဆွေးနွေးပွဲ မတိုင်မီ ဇူလိုင်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ကလေးစစ်သားကိစ္စ၊ အဓမ္မ အလုပ် ခိုင်းစေမှု၊ မတရား ဖမ်းဆီးနှိပ်စက် ထောင်ချခြင်းများ၊ စစ်တပ်က လက်နက်တခု သဖွယ် အမျိုးသမီးများအား မုဒိန်းပြုကျင့်သည့် ကိစ္စများ အပါအ၀င် ပြည်သူများ၏ အခွင့်အရေးများကို ကျူးလွန် ချိုးဖောက်နေခြင်းများ အတွက် အမေရိကန် အောက်လွှတ်တော်က မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ်တိုးခဲ့သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့