..............................

Wednesday, May 25, 2011

စာပေစံနှစ်မျိုး

လူထုစိန်ဝင်း

လွန်ခဲ့တဲ့ လေးငါးနှစ် လောက်က အနောက်နိုင်ငံ တက္ကသိုလ်ကြီး တစ်ခုမှာ မြန်မာစာ သင်ကြားပေး နေတဲ့ နိုင်ငံခြားသား ပါမောက္ခ တစ်ယောက်နဲ့ စာပေကိစ္စ တစ်ခု ဆွေးနွေးခဲ့ ရပါတယ်။ သူပြုစု ရေး သားနေတဲ့ မြန်မာစာပေ အကြောင်း အကျဉ်းချုပ် စာအုပ်ထဲမှာ ပါစေချင်တဲ့ စာရေးဆရာများနဲ့ ၀တ္ထု များ စာရင်းလေး တစ်ခုကိုလည်း ထုတ်ပြပါတယ်။ မြန်မာ စာပေနဲ့ သူ့ခေတ် သူ့အခါက မြန်မာလူငယ် များ အပေါ် တစ်နည်းနည်းနဲ့ သြဇာ သက်ရောက်မှု ပြုနိုင်တဲ့ စာရေးဆရာများနဲ့ ၀တ္ထုများကို စဉ်းစားရ သလောက် ရွေးထုတ်ထားတာ လို့လည်း ပြောပြပါတယ်။

ပညာရှင်ရဲ့စာရင်း
ပညာရှင် တစ်ယောက် ရွေးထုတ်ထားတာ ဖြစ်ကြောင်း စာရင်း ကြည့်လိုက်တာနဲ့ သိသာပါတယ်။ မပါ သင့်မပါ ထိုက်တာမျိုး လုံးဝကို မပါပါဘူး။ ဒါပေမယ့်လို့ စာရင်းထဲမှာ ဆရာဗန်းမော် တင်အောင်နဲ့ သူ့ ၀တ္ထုတွေ အကြောင်း မပါတာကိုတော့ အံ့သြရတယ်။ ပညာရပ် ဆိုင်ရာ နယ်ပယ်က လူသူ လေးစားမှု ခံရတဲ့ ပညာရှင် တစ်ယောက် ဖြစ်တာကြောင့် မေ့လျော့ ကျန်ရစ်တာတော့ ဖြစ်နိုင်ဖွယ် မရှိဘူး။ အကြောင်းရင်းကို မေ့ကြည့်ဖို့ သင့်တယ် ယူဆပြီး မေးလိုက်ပါတယ်။ မြန်မာစာပေ အပေါ် တစ်နည်း နည်းနဲ့ သြဇာ သက်ရောက်မှု ပြုနိုင်ခြင်း ဆိုတဲ့ သူကိုယ်တိုင် သတ်မှတ်ထားတဲ့ စံအရ ပြောမယ်ဆိုရင် ဆရာ ဗန်းမော် တင်အောင်လောက် သြဇာ လွမ်းမိုးနိုင်တဲ့ စာရေးဆရာ အတော်ရှားတဲ့ အကြောင်း စစ်ပြီးခေတ် နောက်ပိုင်း လူငယ်လူရွယ် အများစုဟာ ဗန်းမော်တင်အောင်ရဲ့ စာတွေဖတ်ပြီး အသိဥာဏ် နိုးကြားပွင့်လင်း လာခဲ့ကြတာ ဖြစ်ကြောင်း၊ လူငယ် အများစုရဲ့ ဘ၀ကို ပုံသွင်း ထုဆစ်ပေးခဲ့သူ တစ်ဦး လိုပင် ဖြစ်ကြောင်း၊ သူ့စာရင်းထဲ ပါတဲ့ နာမည်ကျော် စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ကလောင် နာမည်ပင်လျှင် ဗန်းမော် တင်အောင်ရဲ့ ၀တ္ထုထဲက ဇာတ်ကောင် တစ်ယောက်ကို စွဲလမ်းပြီး ခံယူခဲ့တာ ပါလို့ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ကိုယ်တိုင် ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်တဲ့ အကြောင်း ရှည်ရှည်လျားလျား ရှင်းပြခဲ့ မိပါတယ်။ ပြီးတော့ ၀တ္ထုရေး ဆရာများ ထဲမှာ ဗန်းမော် တင်အောင်လောက် လူကြီး လူငယ်မရွေး ချစ်ခင် လေးစားခံရသူ ဒီနေ့ထိ တစ်ဦး တစ်ယောက်မှ မရှိသေးတဲ့ အကြောင်းလည်း အလေးအနက် ပြောကြားခဲ့တယ်။

စာပေရှုထောင့်ကသာကြည့်
မိတ်ဆွေ ပါမောက္ခက ပြောခဲ့တာတွေကို သူလည်း သိရှိရုံမက သဘောလည်း တူပါတယ်။ ဗန်းမော် တင်အောင်ရဲ့ သြဇာ အင်မတန် ကြီးပါတယ်။ စစ်ပြီးခေတ် လူငယ် ကျောင်းသားတွေနဲ့ စာရေးဆရာ တွေထဲမှာ ဗန်းမော် တင်အောင်ရဲ့ သြဇာနဲ့ ကင်းလွတ်သူ ဆိုလို့ အာဏာရ အစိုးရ အ၀န်းအ၀ိုင်းက လူတချို့သာ ရှိတယ် ဆိုတာလည်း သူသိပါတယ်။ ဒါပေမယ့်လို့ စာပေကို လေ့လာတဲ့ အခါမှာ စာရေး ဆရာ ရေးသားခဲ့တဲ့ စာများ၊ ၀တ္ထုများကိုသာ ဖတ်ပြီး စာပေရှုထောင့် ကသာ လေ့လာ အကဲဖြတ်ရပါတယ်။ ဆရာဗန်း မော်တင်အောင် သြဇာကြီးတယ် ဆိုတာက နိုင်ငံရေး ဘက်မှာသာ ဖြစ်တယ်။ စာပေ အနေနဲ့ ၀တ္ထုတို ၀တ္ထုရှည် တို့ရဲ့ ကြန်အင် လက္ခဏာ များနဲ့ အကဲ ဖြတ်ရာမှာတော့ အားနည်းပါတယ်။ ဒါကြောင့် ချန်ထား ခဲ့တာပါလို့ ရှင်းပြပါတယ်။

လူကြီးလူကောင်းလို
ဒါ့အပြင် သူက မြန်မာနိုင်ငံမှာ စစ်ပြီးခေတ် နောက်ပိုင်း စာပေ ဝေဖန်ရေးနဲ့ စာပေ အကဲဖြတ်ရေးလုပ် ကြရာမှာ နိုင်ငံရေး ရှုထောင့်က အမြင်ကို အထူး အလေးထားကြတာကို တွေ့ရတယ်။ အနောက် နိုင်ငံ များမှာတော့ နိုင်ငံရေး အမြင်ကို ထည့်သွင်း မစဉ်းစားဘဲ စာပေအမြင်၊ စာပေစံနဲ့သာ လေ့လာအကဲ ဖြတ်ကြပါတယ်လို့ ဆက်ပြီး ပြောပါတယ်။ အဲဒီနောက်တော့ ဒီကိစ္စကို စကား ဖြတ်ပြီး တခြား “ထွေလာကေလာ” များကိုသာ ဆက်ပြီး ပြောဖြစ် ကြပါတော့တယ်။ ဘာကြောင့် စကား ဖြတ်လိုက်ကြ တာလဲ ဆိုတော့ ဒီကိစ္စကို ဆက်ပြော နေလို့လည်း အကျိုး ထူးလာစရာ မရှိ ဘူးဆိုတာ နှစ်ယောက် စလုံး သိနေကြလို့ပါပဲ။ ခင်မင် ရင်းနှီးခဲ့ကြတာ နှစ်ပရိစ္ဆေဒတွေ ကြာလှပြီ ဆိုတော့ သူ့အကြောင်း ကိုယ်သိသလို ကိုယ့်အကြောင်းကိုလည်း သူက ကောင်းကောင်းသိ နေတာကိုး။ ဒီတော့လည်း လူကြီး လူကောင်း တွေလို “သဘော မတူတာကို သဘောတူကြသည်” (agree to disagree) နဲ့ပဲ ရပ်လိုက်ကြ တာပေါ့။

ဘ၀ချင်း မတူရင် အမြင်ချင်း မတူ
သူနဲ့ ကိုယ်နဲ့ကြားမှာ သဘော မတူတာကို ညှိနှိုင်းလို့ ဘယ်လိုမှ ရနိုင်စရာ အကြောင်း မရှိပါဘူး။ ဒါ ကြောင့် ဆက်မဆွေးနွေး တော့တာ ဖြစ်တယ်။ အကြောင်းအရာ တစ်ခုကို လေ့လာ သုံးသပ်ကြရာမှာ ရပ်တည်တဲ့ နေရာချင်း တူမှ၊ ရှုထောင့်ချင်း တူနိုင်ပြီး မြင်တာချင်း တူနိုင်ပါတယ်။ သူနဲ့ ကိုယ်နဲ့က ရပ် တည်တဲ့ နေရာချင်းကိုက လုံးလုံးကြီး မတူတဲ့ နေရာတစ်ခုစီ ဖြစ်နေပါတယ်။ သူက စီးပွားရေး အရ ထိပ်တန်း ရောက်အောင် တိုးတက်ပြီး ဖြစ်တဲ့ တိုင်းပြည်ကြီး တစ်ပြည်မှာ နေထိုင်သူ ဖြစ်တယ်။ သူနေ ထိုင်ရာ ပတ်ဝန်းကျင် ကလည်း “ဆင်စွယ် ရဲတိုက်ကြီးများ” ပတ်ဝန်းကျင်လေ။ သူ့မှာ စားဝတ်နေရေး ရှေ့ရေးနောင်ရေး အပူအပင် အကြောင့်အကြ ဘာတစ်ခုမှ မရှိဘူး။ ဒီတော့ သူက ကမ္ဘာကြီးတစ်ခုလုံး ကို “ဂလိုဘယ်” အမြင်နဲ့ ကြည့်နိုင်စွမ်း ရှိတယ်။ အနုပညာကို အနုပညာအမြင် သက်သက်နဲ့ စာပေ ကို “စာပေစံ” သက်သက်နဲ့ သုံးသပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ သူ့အမြင်၊ သူ့ရှုထောင့်၊ သူ့သုံးသပ် ပုံကို မှားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူ ရပ်တည်နေတဲ့ နေရာကနေပြီး ကြည့်ရင် ဘယ်သူ မဆို ဒီလိုပဲကြည့်၊ ဒီလိုပဲ သုံးသပ်မှာပါပဲ။ ဒါဟာ သဘာဝ ကျပါတယ်။

ဂလိုဘယ်ထက်လိုကယ်က အရေးကြီး
ကိုယ်ကကျတော့ သူနဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေတဲ့ အနေအထားမှာ ရပ်တည်နေသူ ဖြစ်တယ်။ ကိုယ့်နိုင်ငံက အခုအချိန်မှာ စက်မှု နိုင်ငံကြီးတွေလို ဖြစ်လာနိုင်ဖို့ ကျားကုတ် ကျားခဲ ကြိုးစား နေရဆဲ အဆင့်မို့ အစစအရာရာ ပြည့်စုံတယ် ရယ်လို့ ရှိသေးတာ မဟုတ်ဘူး။ ပူပင်ကြောင့်စရာ တွေ ကလည်း ရှိသေးတယ်။ ဒီတော့ ဘယ်မှာ စိတ်အေးလက်အေးနဲ့ “စိန်ခြူး ကြာညောင်” လုပ်နေနိုင် မှာလဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၊ ကိုယ့်အရေး ကိုယ့်ကိစ္စဆိုတဲ့ “လိုကယ်” ရေးတွေကိုတောင် ပြီးပြည့်စုံအောင် မဖန်တီးနိုင် သေးတာ “ဂလိုဘယ်” ရေးကို ဘယ်လို တွေးပြီး ဘယ်လို မြင်မှာလဲ။ နောက်ပြီး တော့ စာပေတို့ အနုပညာတို့လို ကြည့်မြင် သုံးသပ်တဲ့ အခါမှာလည်း လတ်တလော လိုအပ်ချက် အရ “ပြည်ထဲရေးနဲ့ ၀မ်းရေး” အတွက် ဘယ်လောက် အထောက်အကူ ပြုသလို၊ နိုင်ငံသူ နိုင်ငံသားများ အတွက် ဘယ်လို မျက်စိဖွင့် နားဖွင့် လုပ်ပေးသလဲ၊ ဘယ်ထိ အကျိုးကျေးဇူး ဖြစ်ထွန်းစေ သလဲဆိုတာ တွေကိုသာ ဦးစားပေးပြီး ကြည့်ကြရ မှာပဲလေ။ “တိုင်းကားပြည်ရေး” ထက်တော့ ဘယ်ဟာကမှ ပို အရေးမကြီး နိုင်ပါဘူး။ လွမ်းရေးတို့ ဆွမ်းကျွေးတို့ ဆိုတာက တတ်နိုင်သူတွေရဲ့ အလုပ်ပါ။ နွားခြေရာ ခွက်ကလေးထဲ ကြည့်တယ်ပြောပြော၊ တောကျ လိုက်တာလို့ပဲ ဆိုဆို ကျွန်တော်တို့ အတွက်တော့ လောလောဆယ် ကာလမှာ “လိုကယ်” က “ဂလိုဘယ်” ထက် ပိုအရေးကြီးပါတယ်။ အင်တာနက် ထက် အိမ်တိုင်းစေ့၊ လျှပ်စစ်မီး ၂၄ နာရီ ရဖို့က ပိုအရေးကြီး ပါတယ်။

သြဇာ အသက်ရောက်ဆုံး စာရေးဆရာ
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အခြေအနေနဲ့ လိုအပ်ချက် အရ “လိုကယ်” အမြင်ရှုထောင့်ကပဲ ကြည့်လိုက် ရင်တော့ သူ့ခေတ်၊ သူ့အခါက မြန်မာ စာပေနဲ့ မြန်မာလူငယ်များ အပေါ် သြဇာ အသက်ရောက်ဆုံး စာရေးဆရာဟာ ဗန်းမော်တင်အောင် ကလွဲပြီး ဘယ်သူမှ မရှိဘူးလို့ပဲ ဆိုချင်ပါတယ်။ ငါးဆယ်ခုနှစ်နဲ့ ခြောက်ဆယ်ခုနှစ်များ အတွင်းက တိုးတက်တဲ့ လူငယ်များ အဖြစ် သတ်မှတ်ခဲ့ကြတဲ့ ကျောင်းသား လူငယ်တွေနဲ့ စာသမား၊ ကဗျာ သမားတွေ၊ လက်ဝဲ၀ါဒီများလို့ ကင်ပွန်းတပ် ခံခဲ့ရသူတွေ အားလုံး လောက် နီးပါးဟာ ကားလမတ်တို့၊ လီနင်တို့ စာအုပ်တွေ ဖတ်ပြီး ဆိုရှယ်လစ် ၀ါဒတွေ ကွန်မြူနစ် ၀ါဒ တွေ သိလာကြရတာ မဟုတ်ပါဘူး။ ဗန်းမော်တင်အောင် ဒဂုန်တာရာ၊ မြသန်းတင့်၊ လင်းယုန်နီ၊ အောင်လင်းစတဲ့ စာရေးဆရာတွေ ရေးတဲ့ စာတွေဖတ်ပြီး သိလာ ခဲ့ကြရတာ တိုးတက်တဲ့ လူငယ်တွေ ဖြစ်လာ ကြရတာပါ။ “ဂလိုဘယ်”တွေ အတွက် ရှိတ်စပီး ယားတို့၊ ဘားနတ်ရှောတို့၊ တော်လ်စတွိုင်းတို့ တတွေ တန်ဖိုး ရှိသလိုပဲ။ ကျွန်တော်တို့ “လိုကယ်”တွေ အတွက်လည်း ဆရာ ဗန်းမော်တင်အောင်ဆို တာ တန်ဖိုးဖြတ်လို့ကို မရနိုင်တဲ့ စာပေ ပညာရှင်ကြီး တစ်ယောက် ဖြစ်ကြောင်း သောင်းထိုက်ဗဟိုက ကြားတဲ့အောင် ကြော်ငြာမောင်း ခတ်လိုက်ရပါတယ်ဗျား။

လူထုစိန်ဝင်း

(ပေဖူးလွှာ မဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၁)

0 comments:

အပေါ်သို့