..............................

Tuesday, May 24, 2011

ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခဲ့သော်

ရဲဘော်ဖိုးသံချောင်း

တနင်္လာနေ့၊ မေလ ၂၃ ရက် ၂၀၁၁

တလောတုန်းက ဒေါ်အောင်ဆန်းစုကြည်က သူမကြာမီ နယ်ဆင်းမယ်လို့ ကြေညာ သွားပါတယ်။ နိုင်ငံရေး ခေါင်းဆောင် တယောက် နယ်ဆင်းတာ ဘာများ ဆန်းလို့လဲလို့ မေးကောင်း မေးလာနိုင်ပါတယ်။ ဟုတ်ပါတယ်၊ တခြားနိုင်ငံ၊ တခြား အခြေအနေမှာဆိုရင် ဘာမှ မဆန်းပါဘူး။ ဒါပေမဲ့ ဒါဟာ ဗမာပြည် ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် နယ်ဆင်းမယ် ဆိုတဲ့ အချိန်ဟာ အရပ်ဝတ် စစ်အစိုးရ တက်လာကာစ အချိန် ဖြစ်တဲ့အပြင် ဒီပဲယင်း အရေးအခင်း ရှစ်နှစ်ပြည့် ကာလနဲ့လည်း တိုက်ဆိုင်နေတော့ စဉ်းစားစရာတွေ၊ ပြောစရာတွေ ဖြစ်လာပါတယ်။

သေချာတာတခုက ဒေါ်စုသာခရီးထွက်လိုက်ရင် ဗိုလ်ချုပ်တဖြစ်လဲ ဦးသိန်းစိန်ရဲ့ အစိုးရက ဘာလုပ်မလဲ ဆိုတာဟာ သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေလို တဇောက်ကန်း လုပ်မလား၊ သူတို့ရဲ့ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနက် ဖွင့်ပြမလား၊ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ကြည့်နေမလား၊ ရင်တမမ စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်လာမှာကတော့ သေချာပါတယ်။ နောက်ပြီး ဗိုလ်ချုပ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းရဲ့ တကယ့် အနှစ်သာရ ကိုလည်း ကမ္ဘာက မြင်လာရစရာ ရှိပါတယ်။

ဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ ၂ဝဝ၃ မေ ၃ဝ တုန်းကလို မလုပ် လေဘူးလို့ ထင်ရပေမယ့် အာဏာ ရကာစ ကြံ့ဖွတ်တွေက နည်းသဏ္ဌာန် မျိုးစုံနဲ့ “ဆန္ဒပြ” တာလောက်တော့ ဖြစ်နိုင်သေးတယ်လို့ ယူဆရပါတယ်။ ဒေသခံ ကြံ့ဖွတ်တွေက အစိုးရ အလိုကျ လက်စွမ်းပြ မျက်နှာလုပ်တာ ဖြစ်နိုင်သလို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေက “ဥပဒေအရ” လုပ်ဆောင် ပြတာတွေလည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အကော်ဒီယံလို ဥပဒေကလည်း ဆွဲလိုဆွဲ၊ စေ့လိုစေ့ လုပ်လို့ရတာကိုး။ တွေးကြည့် လိုက်ရင်တော့ သူတို့ အုပ်စိုးသူများဘက်က လုပ်လာနိုင်စရာ တွေက အများကြီး ရှိပါတယ်။ အာဏာ ရသူနဲ့ အာဏာမဲ့သူ ယှဉ်လိုက်ရင် အာဏာရသူ ဘက်က ရွေးချယ်စရာ ပိုများလေ့ ရှိတယ်ဆိုတဲ့ တရားအတိုင်းပါပဲ။ အရပ်ဝတ် စစ်အစိုးရက မလုပ်လေဘူးလို့ တွက်မိတာကြောင့် ခံလိုက်ရတယ်ဆိုရင် သမိုင်းက ကိုယ့်ကို အပြစ် တင်လာနိုင်စရာ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပြောခဲ့ပြီဆိုတော့ နယ်ခရီးကိုထွက်ကိုထွက်ရတော့မှာပါ။ နောက်ဆုတ်လို့ မဖြစ်တော့ ပါဘူး။ ကိုယ့်ဘက်က အဘက်ဘက် ပြင်ဆင်ပြီးမှ သွားတာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သတိပေါ့လို့တော့ မဖြစ်ပါဘူး။ တချိန်ထဲမှာ စဉ်းစားရမှာက ဒီလို ကြိုကြေညာ ထားတဲ့အတွက် အစိုးရဘက်က ပြင်ဆင်ချိန် ကောင်းကောင်း ရသွားတယ် ဆိုတာပါပဲ။

တဆက်ထဲ ဒီခရီးကြောင့်ဗမာပြည်နိုင်ငံရေးနယ်ပယ်က အစိုးရမဟုတ်တဲ့အင်အားစုတွေအထဲမှာ မတူတဲ့ အမြင်တွေ အမျိုးမျိုး ပေါ်လာ နိုင်ပါတယ်။ ပုစဉ်းလှံဖျားနား ကျီးကန်း ချေးပါတာမျိုး ရှိနိုင်သလို ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ကြည့်ပြီး ဝေဘန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘေးထိုင် ဘုပြော တာတွေကတော့ မုချ ပေါ်လာမှာပါ။

ဒါဖြင့် အရပ်ဝတ်အစိုးရထဲမှာရော မတူတဲ့အမြင်တွေ ပေါ်မလာနိုင်ဘူးလား။ ဒီပဲယင်း အရေးအခင်း အပြီး မကြာခင်မှာ ဗိုလ်ခင်ညွန့် ပြုတ်သွား ခဲ့တာကို ပြန်စဉ်းစား လိုက်ရင် တန်ပြန် အကျိုး သက်ရောက်မှုတွေ မရှိနိုင်တာ မဟုတ်၊ ရှိနိုင်တယ်လို့ ဆိုရမှာပါ။ အမှန်ပဲ ရာထူး ဌာနန္တရ ရကာစ ပုဂ္ဂိုလ်များ ကတော့ ပြောဝံ့၊ လှုပ်ဝံ့မယ် မထင်ရပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ဦးသိန်းစိန် အနေနဲ့ ဘာလုပ်မယ် ဆိုတာ အပေါ် အများကြီး မူတည်ပါတယ်။ သူ့နောက်က ဗိုလ်သန်းရွှေတို့က ဘာညွှန်ကြားမလဲ ဆိုတာကိုလည်း ထည့်စဉ်းစား ရပါလိမ့်မယ်။

တကယ်တမ်းသာ ဒီခရီးထွက်ဖြစ်တယ်ဆိုရင် အစိုးရသစ်က ဒီပဲယင်းတုန်းကလို မလုပ်အောင် နိုင်ငံရေး အဖွဲ့အစည်း အားလုံးက ဆန္ဒတွေ ဖော်ပြသင့်ပါတယ်။ ကိုယ်နဲ့တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ နိုင်ငံသားတဦးရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ကာကွယ်ရမယ့် တာဝန်ကို နိုင်ငံရေး အဖွဲ့အစည်းနဲ့ နိုင်ငံရေး သမား ဆိုသူတွေက ခေါင်းရှောင်လို့ မဖြစ်ပါဘူး။ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်တုန်းက ဒါဟာ နအဖပေးတဲ့ “ဒီမိုကရေစီ အခွင့်အရေး” ကို ခံစားခဲ့ကြတယ် ဆိုသူတွေဟာ ဒီလို အရေးအခင်း ကြုံလာရင် ဒီမိုကရေစီ ဘက်က ရပ်ပါ့မလား စောင့်ကြည့်ရပါမယ်။

ပြောရရင် ဗမာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင် တိုက်ပွဲ ဝင်ခဲ့ကြသူတွေ အဖို့ ဒီအရပ်သား စစ်အစိုးရက ဘာလုပ်လာမယ် ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့် သတိကြီးကြီး ထားရကောင်းမှန်းတော့ သိကြပါတယ်။ ပြောရရင် တဖက်နဲ့ တဖက်က ရာစုနှစ် တဝက်နီးပါး ရင်ဆိုင် ခဲ့ကြတာ ဆိုတော့ နှစ်ဖက်စလုံးဟာ အံခွ နေတယ်လို့တောင် ဆိုနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ငါညံ့လို့ ခံလိုက်ရတာမျိုး ဖြစ်ရင်တော့ ဖြစ်တဲ့ဘက်က ခံပေရော့ ဖြစ်ပါလိမ့်မယ်။

၂ဝဝ၃ တုန်းက ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လူထုကိုအားကိုး၊ လူထုနဲ့အတူ ချီတက်ခဲ့တာ မှန်ပေမယ့် ဗိုလ်သန်းရွှေ တို့ရဲ့ ရက်စက် ယုတ်မာ နိုင်စွမ်းဟာ သာမန်လူ မှန်းဆနိုင်တာထက် အဆပေါင်းများစွာ ပိုနေတာနဲ့ ကြုံခဲ့ရပါတယ်။ ဒီတခါမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အဲဒီသင်ခန်းစာကို ယူထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သင်ခန်းစာ ဆိုတဲ့ အထဲမှာ အရေးကြီးတဲ့ တခုက လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက NLD အင်အားထု တခုတည်းနဲ့ ရင်ဆိုင်ခဲ့ တာဟာ မလုံလောက်ဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ၂ဝဝ၇ သံယာ့ အရေးတော်ပုံမှာ သံဃာတော်တွေချည်း လှုပ်ရှားတာ မလုံလောက်ဘူး ဆိုတာ တွေ့ခဲ့ရပါပြီ။ ဒါကြောင့် တခုခု လုပ်မယ်ဆိုရင် ကျန်တဲ့ အင်အားစုတွေ၊ ပြည်သူ လူထုတွေပါ ပါလာအောင် ဘယ်လို လုပ်မယ်ဆိုတဲ့ စဉ်းစားမှု အမြဲ ရှိသင့်ပါတယ်။

အခုလိုဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့အရပ်ဝတ်စစ်အစိုးရကို ကြိုတင် အသိပေးထားသလို ဖြစ်နေတော့ သူ့ဘက်က ပြင်ဆင်
နေမယ် ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ သူ့အကွက်ထဲ ဝင်လာပြီလို့ တွက်နေကောင်းလည်း တွက်နေ ပါလိမ့်မယ်။ ဒါဖြင့် ကိုယ့်ဘက်ကရော။ အရပ်ဝတ် စစ်အစိုးရ ဘက်က အရင် ဒီပဲယင်း တုန်းကလို ခြေကျွံ လက်ကျွံ ဖြစ်လာရင် ကိုယ့်အကွက် ထဲကို ဝင်လာတာပဲလို့ ဖြစ်အောင် မပြင်ဆင်နိုင်ဘူးလား။ ဗိုလ်ချုပ် ဦးသိန်းစိန် တို့ကို မဟုတ်တယုတ် မလုပ်ဝံ့အောင် ကိုယ်က ကြိုတင် အကြပ်ကိုင်နိုင်တဲ့ နည်းတွေ မရှိဘူးလား။

ဗမာပြည်နိုင်ငံရေးရဲ့ထူးခြားချက်ကိုမေ့လို့ မဖြစ်ပါဘူး။ ဗမာပြည်မှာက အုပ်စိုးသူနဲ့ အတိုက်အခံ တို့ဟာ တန်းတူ အားပြိုင် နေကြတာ မဟုတ်ပါဘူး။ အဘက်ဘက်မှာ မတရား ချုပ်ခြယ်ခံနေရတဲ့ အတိုက်အခံတွေ အနေနဲ့ စစ်ရေးမှာ လိုပဲ လှုပ်ရှား မှုတခုကို ကိုယ်ပိုင်တဲ့ ခွင်ထဲမှာ အကောင်အထည် ဖော်တာ၊ အသေအချာ ပြင်ဆင်တာ၊ အလျင်အမြန် လှုပ်ရှားတာ စတာတွေ လုပ်ရမယ်လို့ ထင်ပါတယ်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့