..............................

Tuesday, May 24, 2011

တော်လှန်စစ်

May 23, 2011

ခင်မမမျိုး

နိဒါန်း
တော်လှန်စစ်တွေဟာ ပြည်တွင်းပဋိပက္ခတွေအပေါ်မှာ အဓိက အခြေ ခံပါတယ်။ လူမျိုးရေး တန်းတူညီမျှမှု မရှိတာတွေ၊ ၀ါဒ ကွဲပြားမှု ညှိနှိုင်း လို့မရတာတွေနဲ့ အာဏာရှင် စနစ် ကျင့်သုံးမှု တွေကြောင့် တော်လှန်စစ်တွေ ဖြစ်ပွား လာရပါတယ်။ တော်လှန်ရေး တွေမှာ တူနီးရှား၊ အန်ဂိုလန်၊ ကွန်ဂို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဆိုပြီး၊ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ၀ါဒအ လိုက် ကွဲပြားမှုတွေ ရှိပေမယ့်၊ မပြောင်းလဲတဲ့ မဟာဗျူဟာ အခြေခံ အချက်ကတော့ တော်လှန်စစ် ဆိုတာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အုပ်ချုပ်ရေး အာဏာကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေက စစ်တပ်၊ ရဲနဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်ထားတာ ဖြစ်တဲ့ အတွက် တော်လှန်စစ်မှာ စစ်တပ်နဲ့ ရဲအဖွဲ့တွေနဲ့ ရင်ဆိုင် တိုက်ခိုက်ရတာတွေ ရှိ သလို၊ စစ်တပ်နဲ့ ရဲအဖွဲ့ကို တော်လှန်ရေး သမားတွေနဲ့ ပူးပေါင်းလာအောင် စည်းရုံး လှုံ့ဆော် ရတာတွေလဲ ရှိပါတယ်။ အာဏာရှင်တွေ ကြိုးကိုင် ထားတဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို ယိုင်လဲအောင် ပြုလုပ်ပြီး၊ တိုင်းပြည်အတွက် သင့်လျော်မယ့် အုပ်ချုပ်ရေး ယန္တရားနဲ့ အစားထိုး နိုင်ရေးဟာ တော်လှန်စစ်ရဲ့ အဆုံးသတ် ပန်းတိုင်ပဲ ဖြစ်ပါတယ်။

တော်လှန်ရေး၊ အာဏာသိမ်းခြင်းနှင့် သူပုန်ထခြင်း
နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ယာယီရည်မှန်းချက်ဖြင့် ဖြစ်စေ၊ ရေရှည်ရည်မှန်းချက်ဖြင့် ဖြစ်စေ ရယူရာမှာ နည်းလမ်း သုံးခု ရှိပါတယ်။ ပထမ တခုကတော့ တော်လှန်ရေး (Revolution) နည်းလမ်းနဲ့ ဖြစ်ပါတယ်။ တော်လှန်ရေး ဆိုတာက ပေါက်ကွဲမှု အရှိန် ပြင်းပြင်းနဲ့ အုပ်ချုပ်ရေး အာဏာကို ပြည်သူလူထုက စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ တခါတရံမှာ ရုတ်ခြည်း ဖြစ်ပေါ်လာတတ်ပြီး အရှိန် အဟုန်လည်း ပြင်းထန် တတ်ပါတယ်။ တော်လှန်ရေးတိုင်းဟာ ကြိုတင်ပြင်ဆင် ပြီးမှ စီမံချက်နဲ့ ပေါ်ထွက်လာမယ် ဆိုတော့ မသတ်မှတ်နိုင်ပါဘူး။ တခါတရံမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာ လဲ ရုတ်ခြည်း ထဖြစ် သွားတတ်ပါတယ်။ တော်လှန်ရေး မပေါ်ပေါက်ခင်မှာ တော်လှန်ရေး ပေါ်ပေါက်နိုင်သော အခြေ အနေ (Revolutionary situation) ရှိနေ တတ်ပေမယ့် တော်လှန်ရေး တရပ်ဟာ ဘယ်အချိန်မှာ၊ ဘယ်လို အခြေအနေ မျိုးနဲ့ ဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာတပ်အပ် မပြောနိုင်ကြပါဘူး။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး၊ ၁၉၁၁ ခုနှစ် တရုတ်တော်လှန်ရေး၊ ၁၉၁၇ ခုနှစ် ရုရှားတော်လှန် ရေးနဲ့ ၁၉၅၆ ခု နှစ် ဟန်ဂေရီ တော်လှန်ရေးတွေဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ လူထုက စတင်လိုက်တဲ့ တော်လှန်ရေးတွေ ဖြစ်ပါတယ်။ တော်လှန်ရေး ဆိုတာကို ခေါင်းဆောင်က စတင်ရမယ်လို့ အချို့က ယူဆပြီး၊ ယခင် တော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေကို တော်လှန်ရေး ခေါ်ဖို့ တောင်းဆို တတ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ဆက်တိုက် ဖြစ်နေချိန် တွေမှာသာ ဒီလို လုပ်ဆောင်လို့ ရနိုင်ပေမယ့်၊ လူထုနဲ့ တော်လှန်ရေး ရေချိန် မညီချိန်တွေမှာ ဒီလို တော်လှန်ရေး Timing ပေးမှုတွေ လုပ်ရင် တော်လှန်ရေး ကျွံသွား တတ်ပါတယ်။ နောက်ဆက်တွဲ တော်လှန်ရေးတွေ ပြတ်တောက် သွားတတ်ပါတယ်။

တော်လှန်ရေးရဲ့ အခြေခံသဘောတရားအရ လူထုတော်လှန်ရေးတွေ စတင်လာချိန်မှာ တိုက်ပွဲထဲက ခေါင်းဆောင် တွေ ပေါ်ထွက်လာလေ့ ရှိပါတယ်။ ဒီခေါင်းဆောင်တွေဟာ ရှေ့ပိုင်းတော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေ လဲ ဖြစ်နိုင်သလို၊ ခေါင်းဆောင်သစ် တွေလဲ ဖြစ်နိုင်ပါတယ်။ မန်ချူး မျိုးဆက်ကို တော်လှန်ရေးနဲ့ အဆုံးသတ် ခဲ့စဉ်တုန်း က ဒေါက်တာ ဆွန်ယက်ဆင်က အင်္ဂလန်မှာ ရှိနေခဲ့ပါတယ်။ Romanovs ကျရှုံးချိန်တုန်းက လီနင်က ဆွစ်ဇာလန်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှု ဆိုတာကို ပြည်တွင်း ခေါင်းဆောင်၊ ပြည်ပရောက် ခေါင်းဆောင်၊ ၀ါရင့်ခေါင်း ဆောင်၊ ၀ါနု ခေါင်းဆောင် စသဖြင့် ကြိုတင် ခွဲခြား သတ်မှတ်လို့ မရနိုင်ပါဘူး။ ရုတ်ခြည်း ပေါ်ထွက်လာတဲ့ တော်လှန် ရေးတွေက ခေါင်းဆောင်တွေကို ရွေးချယ် သတ်မှတ် သွားစမြဲပါ။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ ဒုတိယနည်းလမ်းကတော့ အာဏာသိမ်းခြင်း (plot) ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့ ခေါင်းဆောင်များကိုပဲ ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဒီနည်းလမ်းမှာ အများပြည်သူ ပါဝင် မှု မလိုအပ်ပါဘူး။ ကြိုတင် ပြင်ဆင်မှုတွေ အများအပြား လိုအပ်ပေမယ့်၊ လက်တွေ့ လှုပ်ရှားမှုမှာတော့ မြန်ဆန် တိကျဖို့ လိုအပ်ပါတယ်။ အာဏာ သိမ်းပွဲဟာ လောင်းကစားပွဲလို သဘောသဘာဝ ရှိတာကြောင့် အရှုံး၊ အနိုင်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် ယန္တရားအတွင်းက ခေါင်းဆောင်အချင်းချင်း အာဏာ သိမ်းမှု၊ လုပ်ကြံ သတ်ဖြတ်မှုတွေ ရှိသလို၊ သူပုန်တွေက အစိုးရ အဖွဲ့ ခေါင်းဆောင်တွေကို လုပ်ကြံ သတ်ဖြတ်ပြီး အာဏာ သိမ်းမှုတွေလဲ ရှိနိုင်ပါတယ်။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ တတိယနည်းလမ်းကတော့ သူပုန်ထခြင်း (insurgency) ဖြစ်ပါတယ်။ မတရားတဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖြိုချနိုင်ဖို့ အဆုံးသတ် ပန်းတိုင် ချမှတ်ပြီး၊ ရည်မှန်းချက် အဆင့်ဆင့်နဲ့ လက်နက် ကိုင်ပြီး တော်လှန် ပုန်ကန်ရတာ ဖြစ်တဲ့အတွက် သူပုန်ထ တော်လှန်ခြင်းဟာ အချိန် အတိုင်းအတာ တခုအထိ ကြာ တတ်ပါတယ်။ တရုတ်ပြည်မှာ (၁၉၂၇) ခုနှစ်ကနေ (၁၉၄၉) ခုနှစ်အထိ ၂၂ နှစ်ကြာခဲ့ပြီး၊ ဂရိ မှာ ငါးနှစ်၊ အင်ဒိုချိုင်နား မှာ ကိုးနှစ်၊ အယ်ဂျီးရီးယားမှာ ရှစ်နှစ်ခန့် ကြာခဲ့ပါတယ်။ သူပုန် ထခြင်းကတော့ တော်လှန်ရေးလို ရုတ်ခြည်း ပေါ်ထွက် လာတာ မဟုတ်ပါဘူး။ ကနဦး ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီးမှ လူထုက လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူထုက လှုပ်ရှားပြီးမှ ခေါင်းဆောင် ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သူပုန်ထပြီး ပုန်ကန် တော်လှန်တဲ့ အခါ ခေါင်း ဆောင်တွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။

အတွေးအခေါ်နှင့် ယုံကြည်ချက်
နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဖြိုချဖယ်ရှားနိုင်ရေးကို ဦးတည်ပြီး၊ တော်လှန်စစ်ကို တော်လှန်ရေး သမားတွေက စတင်ရတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ စတင် တော်လှန်မယ် ဆိုတာကို တော်လှန်ရေး သမားတွေ က စီမံချက်တွေ ချမှတ်ပြီး၊ အကောင်အထည် ဖော်ဆောင်ကြပါတယ်။ တော်လှန်စစ် စတင်ချိန်မှာ အုပ်ချုပ်ရေးအာ ဏာကို တရားသော နည်းဖြင့် ဖြစ်စေ၊ မတရားသော နည်းဖြင့် ဖြစ်စေ ရယူထားတဲ့ အစိုးရ တရပ်မှာ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်ရေး၊ တရားဥပဒေ ပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် ရှိမှု၊ အုပ်ချုပ်ရေး ယန္တရားများကို ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ်နဲ့ ရဲကို အမိန့်ပေး စေခိုင်းနိုင်မှု၊ နိုင်ငံတော် ဘဏ္ဍာများကို ခွဲဝေ အသုံးပြုနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးကို ထိန်းချုပ်နိုင်မှု၊ ကုန်ထုတ်လုပ်ရေးကို အသုံးပြုနိုင်မှု၊ သတင်းနဲ့ စာနယ်ဇင်းကို ထိန်းကျောင်းအသုံး ပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတတ်ပါတယ်။ တော်လှန်ရေး သမားတွေ ဘက်မှာတော့ ဒီလို သိသာ ထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။

သို့ပေမယ့် တော်လှန်ရေးသမားတွေ ဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။ တော်လှန်ရေး အတွေးအခေါ်နဲ့ တော်လှန်ရေး ယုံကြည်ချက် ဆိုတဲ့ အားသာချက် နှစ်ရပ်ကိုပဲ တော်လှန်ရေး သမားတွေဘက်က ပိုင်ဆိုင် ထားပါတယ်။ ဒါကြောင့် တော်လှန်စစ်မှာ အတွေးအခေါ် တိုက်ပွဲက အလွန်ပဲ အရေးကြီးပါတယ်။ အတွေး အခေါ်တွေ ရှုပ်ထွေးေ၀၀ါးနေရင် တော်လှန်စစ် အောင်နိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကို ရန်သူကလဲ တွေ့မြင်ပြီး အတွေးအခေါ် စစ်မျက်နှာကို ထိုးနှက်လေ့ ရှိပါတယ်။ ဒါကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေဟာ အတွေးအခေါ် ရှုပ်ထွေးတဲ့ ကာလတွေမှာ အင်အားပြိုလဲမှု မဖြစ်အောင် စနစ်တကျ စည်းရုံး ထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်စစ်မှာ ယုံကြည်ချက်ကလဲ အရေးကြီးပါတယ်။ တော်လှန်ရေး အခြေခံ ရည်မှန်းချက်တွေ အပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည်ချက် ရှိပါမှ၊ ရည်မှန်းချက် မပြည့်ခင် အချိန်အထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ထားနိုင် မှာ ဖြစ်ပါတယ်။ တော်လှန်ရေး သမားဆိုတိုင်း၊ တော်လှန်ရေး ဖြတ်သန်းမှု ရှိတိုင်း ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ် ကိုင်ထားမည့်သူလို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ တော်လှန်ရေး ရထားကြီး ဖြတ်သန်းခဲ့တဲ့ ဘူတာစဉ် တလျှောက်မှာ ရထားပေါ်က ခုန်ချသွားသူတွေ ရှိသလို၊ ကြားဘူတာတွေ ကနေမှ တက်လာ သူတွေလဲ ရှိနိုင်ပါတယ်။ အဓိက ကတော့ ယုံကြည်ချက် ခိုင်မာဖို့ပါပဲ။ တုတ်၊ ဓား၊ သေနတ်တွေကို အားမတန်လို့ ချချင် ချထားရမယ်၊ လက်ခြေ တွေကို တုပ်နှောင်ထားလို့ မလှုပ်နိုင်ပဲ ဖြစ်ချင်ဖြစ်မယ်၊ ရင်ထဲက ယုံကြည်ချက်ကို ဆုပ်ကိုင် ထားသရွေ့ ရန်သူကို မရှုံးသေးပါဘူး။ တော်လှန်စစ်မှာ တော်လှန်ရေး အတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာပြတ်သားသူ ဆယ်ယောက်ဟာ တော်လှန်ရေးကို ပုဂ္ဂလိက အခွင့်အလမ်း၊ ခံစားချက်တွေနဲ့ လုပ်ဆောင်သူ အယောက် တထောင်ထက် ပိုပြီး တန်ဖိုး ရှိပါတယ်။

ပြည်သူသာ အခရာ
တော်လှန်စစ်ရဲ့ အရှုံးအနိုင်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ် တွေကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လူထုက တော်လှန်စစ်ကို ထောက်ခံမှသာ အောင်ပွဲရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အာဏာကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ လူထုထောက်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ ပြည်သူ့အာဏာ မဖြစ်သရွေ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာ ပြည်သူလူထုနဲ့ အစိုးရ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေး အာဏာအတွက် တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှာ အနှောင့်အယှက် အတားအဆီးဖြစ်တဲ့ အာဏာရှင် စနစ်နဲ့ ရွေးကောက်ပွဲ အယောင်ပြ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေကို တော်လှန်စစ်နဲ့ တိုက်ဖျက်ကြတဲ့ အခါမှာ လူထုထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။

လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်ခြင်းဖြင့် လူထုနဲ့ တော်လှန်ရေး တသားတည်း ဖြစ်အောင် ပြုလုပ်လေ့ ရှိကြပါတယ်။ ဒါကို သိမြင်တဲ့ အာဏာရှင် အစိုးရတွေကလဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် အရပ်ဘက် လူ့အဖွဲ့အစည်း အဖွဲ့တွေ (Civil Society Organizations) တွေ ဖွဲ့စည်းပြီး၊ အာဏာရှင် စနစ်ကို ထောက်ခံသူတွေ များပြားလာအောင် လုပ်ယူလေ့ရှိ တတ်ပါတယ်။

ဒါကြောင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာကို လူထု ထောက်ခံမှု ရယူရေး စစ်မြေပြင် (battleground for population support) လို့ သတ်မှတ် ထားကြပါတယ်။ တော် လှန်စစ်ရဲ့ ရေခံမြေခံကို Civil Society စစ်မြေပြင်ကနေ တဆင့် တည်ဆောက်ယူလို့ ရနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာရဲ့ တော်လှန်ရေး ဖြစ်ပွားရာ မှာ နိုင်ငံတိုင်းမှာ Civil Society အားကောင်းခြင်း ဆိုတဲ့ တော်လှန်စစ် ရေခံ မြေခံ ရှိထားကြောင်း ပညာရှင်တွေက လေ့လာ တွေ့ရှိခဲ့ကြပါတယ်။

နိုင်ငံရေးစစ်
တော်လှန်စစ်ရဲ့ instrument of war က နိုင်ငံရေး ဖြစ်တဲ့အတွက် တော်လှန်စစ်တိုင်းဟာ နိုင်ငံရေးစစ် (political war) ပဲ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ လက်နက်ကိုင် တော်လှန်ရေး အင်အားစုပဲ ရှိလို့ မရနိုင်ပါဘူး။ ပါတီတခု (သို့မ ဟုတ်) ပါတီပေါင်းစုံ စုဖွဲ့ထားတဲ့ ညွန့်ပေါင်း အဖွဲ့အစည်း (သို့မဟုတ်) ညွန့်ပေါင်း အစိုးရ တရပ်ဆိုတဲ့ political establishment တရပ် ရှိဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက အဆိုပါ political establishment ရဲ့ military wing (သို့မဟုတ်) တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ political establishment မရှိပဲ လက်နက်ကိုင် တော်လှန်ရေး အင်အားစုပဲ ရှိနေရင် (သို့မဟုတ်) political establishment နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲရဖို့ ခဲယဉ်းပါတယ်။

political establishment ဆိုရာမှာလဲ တရုတ်ပြည်မှာကဲ့သို့ တပါတီတည်းက ဦးဆောင်တိုက်ပွဲ ၀င်တာမျိုး မဟုတ်ပဲ၊ မဟာမိတ် တပ်ပေါင်းစုတွေ အနေနဲ့ စုစည်းမှု ရှိနေရင်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိမှသာ အင်အားဖြစ် နိုင်ပါတယ်။ ရန်သူရဲ့ စေ့စပ်မှုကို ဘယ်လို အခြေခံ အကြောင်းတရားတွေ အောင်နိုင်ပြီးမှ လက်ခံမယ်ဆိုတဲ့ အချက် ကို ကြိုတင် သဘောတူ ညှိနှိုင်း ထားနိုင်မှသာ တော်လှန်စစ်ကို အင်အား ဖြစ်စေမယ့် မဟာမိတ် တပ်ပေါင်းစု ဖြစ်လာမှာ ပါ။ တဖွဲ့က တိုက်လိုက်၊ တဖွဲ့က စေ့စပ် ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်၊ တဖွဲ့က လက်နက်ချလိုက် ဖြစ်နေတဲ့ တပ်ပေါင်းစု တော်လှန်စစ်ဟာ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါ။ တော်လှန်စစ်ဟာ နိုင်ငံရေးစစ် ဖြစ်တဲ့အတွက်၊ တိုက်ပွဲ ကာလ နိုင်ငံရေး ဘုံရည်မှန်းချက်ကို ညှိနှိုင်း ချမှတ်နိုင်မှသာ တပ်ပေါင်းစုတွေ ဦးဆောင်တဲ့ တော်လှန်စစ် အောင်မြင်မှာ ဖြစ်ပါတယ်။

တော်လှန်စစ် သဏ္ဌာန်
နိုင်ငံရေးအတွေးအခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေပေါ်မှာ အခြေခံပြီး တော်လှန်စစ်ရဲ့ မဟာဗျူဟာ သဏ္ဌာန် (strategic pattern) တွေ ကွဲပြား ခြားနားပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေး အများစုမှာတော့ တော်လှန်စစ် သဏ္ဌာန်က ပါတီထောင်ခြင်းနဲ့ အစပြုပါတယ်။ နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး မြေပေါ် (သို့မဟုတ်) မြေအောက် ပါတီတရပ်ကို ခိုင်ခိုင်မာမာ စုဖွဲ့ တည်ထောင်ဖို့ လိုအပ်ပါတယ်။ ဒီပါတီမှာ လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်လာ အောင် စည်းရုံး လှုံ့ဆော်ဖို့ လိုအပ်ပါတယ်။ တတ်သိ ပညာရှင်များနဲ့ တက္ကသိုလ် ကျောင်းသားများဟာ ပါတီတရပ်ရဲ့ ardour လဲဖြစ်၊ brain လဲ ဖြစ်တဲ့အတွက် ပညာတတ်တွေ ပေါင်းစည်း ပါဝင်လာအောင် ပါတီ ခေါင်းဆောင်များက ကြိုး ပမ်းကြရမှာ ဖြစ်ပါတယ်။

ကျစ်လျစ်ခိုင်မာတဲ့ ပါတီတရပ်က ပေါ်ပေါက်လာပြီးချိန်မှာ တပ်ပေါင်းစု (United Front) ပေါ်ထွက် လာရေး အတွက် မဟာမိတ် ဆက်ဆံရေး တည်ထောင်ဖို့ လိုပါတယ်။ တပ်ပေါင်းစု ဆိုတာ ခေါင်မိုးချင်း ထိစပ်တာ ဖြစ်ပါတယ်။ ခိုင်ခိုင်မာ မာ အုတ်မြစ် ချထားတဲ့ အကာအရံ ရှိတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးချင်း ထိစပ်မှသာ အကျိုးရှိပါတယ်။ အုတ်မြစ် မရှိ၊ အကာအရံမရှိဘဲ ခေါင်းမိုးတွေပဲ လိုက်ထိစပ်နေလို့ ကတော့ ခေါင်မိုးရောင်စုံ မြေမှာ ဖြန့်ခင်းထားသလိုပဲ ဖြစ်ပြီး၊ တော်လှန်စစ် အတွက် အကျိုးရှိမယ့် အင်အားကို ဖြစ်ထွန်းစေနိုင်မှာ မဟုတ်ပါဘူး။ တပ်ပေါင်းစု ပေါ်ထွက်လာရေးဟာ အရေးကြီးပေမယ့် တပ်ပေါင်းစု ပေါ်ထွက်ရုံနဲ့ အောင်ပွဲကို မဆောင်ကျဉ်း နိုင်ပါဘူး။ Minimum Common Programme ကို တပ်ပေါင်းစုအကြား ကြေလည်အောင် ချမှတ်နိုင်မှာသာ အောင်ပွဲရရေး အတွက် အထောက်အကူ ဖြစ်ပါတယ်။

တပ်ပေါင်းစုတွေ ရှိလာတဲ့အခါမှာတော့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား နဲ့ Movement Warfare တွေကို အဆုံးသတ် အောင်ပွဲ ရရှိချိန်အထိ အကောင်အထည် ဆက်လက် ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ အဆုံးသတ် အောင်ပွဲ ရရှိဖို့အတွက် အရေးကြီးဆုံး နောက်ဆုံး အချက်ကတော့ psychological superiority ပဲ ဖြစ်ပါတယ်။ ပန်းတိုင် မရောက်ခင် တက်မ ထောင်တတ်တဲ့ ဓလေ့တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုအပ်ပါ တယ်။ အဆုံးသတ် အောင်ပွဲဟာ အာဏာရှင် (သို့မဟုတ်) အာဏာရှင် ကြိုးကိုင် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖြို ဖျက်ပြီး၊ သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားကို ယာယီဖြစ်စေ အစားထိုးနိုင်မှ ရရှိမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးယန္တရား မပြိုခင်နဲ့ ပြိုကျပြီး အချိန်တွေမှာ အာဏာရှင်တွေဘက်က စေ့စပ်ဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှု (negotiation and peace offers) တွေ ပေါ်ထွက် လာတတ်ပါတယ်။ တဘက်ရန်သူရဲ့ time buying မဖြစ်စေဖို့ ဂရုစိုက်ရန် အလွန် အရေးကြီးပါတယ်။ တူနဲ့ ရိုက်ခွဲရတဲ့ ရေခဲတုန်းတခုကို နေပူပူမှာ အချိန်အတိုင်းအတာ တခုအထိ ချထားလိုက်ရင် ရိုက်ခွဲဖို့မလိုပဲ အလိုလို အရည်ပျော် ကျသွား တတ်ပါတယ်။ တော်လှန်စစ်မှာလဲ ရန်သူက time buying မလုပ်သွားအောင် သတိပြုဖို့ လိုပါတယ်။

နိဂုံး
နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတွေ ရောထွေးပြီး (separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်) လွတ်လပ်ပြီး တ ရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု မရှိချိန် (သို့မဟုတ်) ပြည်သူ့အာ ဏာကို မတရား ရယူ ခံထားရ ချိန်တွေမှာ တော်လှန်စစ်တွေ ပေါ်ထွက် လာတတ်ပါတယ်။ တော်လှန်ရေးရဲ့ အဆုံးသတ် ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့် ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစား ထိုးနိုင်ရေးဖြစ်ပြီး၊ တော်လှန်စစ် အောင်မြင်ရေးဟာ အတွေးအခေါ်နှင့် ယုံကြည်ချက် ခိုင်မာမှု၊ ပြည်သူလူထုကို စည်း ရုံးနိုင်မှုနဲ့ political establishment တည်ရှိမှုတို့ အပေါ်မှာ မူတည်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့