..............................

Thursday, May 26, 2011

တခါသုံး FEC ၅၀ တန် ဖုန်းကတ် မှတ်ပုံတင်မိတ္တူပြ ဝယ်ရ

Wednesday, 25 May 2011

ထူးကုမ္ပဏီ၏ လက်ခွဲ E-Lite ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အကျိုးတူပူးပေါင်းပြီး ပြန်လည် ထုတ်လုပ် ရောင်းချနေသော တခါသုံး FEC ၅၀ တန် CDMA 450 မိုဘိုင်းလ်ဖုန်း ကတ်များကို လုံခြုံရေး အကြောင်းပြချက်ကြောင့် မှတ်ပုံတင် မိတ္တူ ပေးမှသာ ရောင်းချပေးကြောင်း သတင်းရရှိသည်။

ထူးကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တခါသုံး FEC ၂၀ တန် GSM မိုဘိုင်းလ်ဖုန်းကတ်နှင့် FEC ၅၀ တန် တခါသုံး CDMA 450 MHz ဖုန်းကတ်များကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလမှစ၍ FEC ၂၀ တန် တခါသုံး ဖုန်းကတ်ရောင်းချမှုကို လုံးဝ ရပ်ဆိုင်းခဲ့သည်။ FEC ၅၀ တန် တခါသုံး ဖုန်းကတ်များကိုမူ ပြန်လည် ထုတ်လုပ် ရောင်းချ ခဲ့သော်လည်း မှတ်ပုံတင်မိတ္တူ ပေးအပ်မှသာလျှင် ရောင်းချပေးကြောင်း ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite ရုံးချုပ်မှ ဈေးကွက် မြှင့်တင်ရေး အကြီးတန်း အရာရှိတဦးက ပြောသည်။

“၀ယ်သူရဲ့ ဖုန်းနံပါတ်နဲ့ မှတ်ပုံတင် မိတ္တူကို မှတ်တမ်းတင်ထားရတယ်။ လုံခြုံရေးကြောင့်ပါ။ အဝေးထိန်း စနစ်နဲ့ တခါသုံး မိုဘိုင်းလ်ဖုန်း သုံးပြီး ဗုံးခွဲတာမျိုး ဖြစ်လာမှာ စိုးရိမ်တာကြောင့် မြန်မာ့ ဆက်သွယ်ရေးက တခါသုံး ဖုန်းကတ် သုံးတဲ့ သူတွေရဲ့ မှတ်ပုံတင် မိတ္တူကို ရယူဖို့ ညွှန်ကြားထားလို့ပါ” ဟု တာမွေမြို့နယ်မှ E-Lite ဆိုင်ခွဲ ၀န်ထမ်းတဦးက ရှင်းပြသည်။

တခါသုံး FEC ၅၀ တန် ဖုန်းကတ်များကို မြန်မာကျပ်ငွေဖြင့် ၀ယ်ယူမည်ဆိုလျှင် ဖုန်းကတ်တကတ် အတွက် ကျပ် ၄၈၀၀၀ သတ်မှတ် ရောင်းချကြောင်း သိရသည်။

“FEC တဒေါ်လာကို ၈၁၀ ပဲရှိတယ်။ FEC ၅၀ ဆိုရင် ၄၀၅၀၀ ပဲကျတယ်။ ဒါပေမယ့် မြန်မာငွေနဲ့ ၀ယ်မယ်ဆိုရင် ဖုန်းကတ် တကတ်ကို ၄၈၀၀၀ ကျတာဆိုတော့ သုံးတဲ့သူတွေက FEC လဲပြီး လာဝယ်ကြတယ်။ FEC နဲ့ ၀ယ်ရင် ၇၅၀၀ သက်သာတယ်” ဟု စမ်းချောင်းမြို့နယ် E-Lite ဆိုင် ၀န်ထမ်းက ပြောသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ငါးသိန်းနှုန်းဖြင့် GSM၊ CDMA မိုဘိုင်းလ်ဖုန်းများကို အများပြည်သူ အား သုံးစွဲခွင့် ပြုထား သော်လည်း ငွေကြေး မတတ်နိုင်သူများက FEC ၅၀ တန် တခါသုံး ဖုန်းကတ်များကို ၀ယ်ယူသုံး စွဲနေကြကြောင်း၊ FEC ၅၀ တန် ဖုန်းကတ်များသည် နိုင်ငံတ၀န်း သယ်ဆောင် အသုံးပြုနိုင်ကြောင်း သိရသည်။

FEC ၅၀ တန် တခါသုံးဖုန်းကတ်၏ သက်တမ်းသည် ၃ လဖြစ်ပြီး ဖုန်းခေါ်ဆိုမှုအတွက် တမိနစ်လျှင် ကျပ် ၃၀၀ ကျော် ကျသင့်မည် ဖြစ်သည်။ ဖုန်းခေါ်ဆိုမှု အတွက်သာ သီးသန့် အသုံးပြုလျှင် အချိန် တနာရီခွဲခန့်သာ အသုံးပြုနိုင်ပြီး အထွက်ခေါ်ဆိုမှု မပြုဘဲ အ၀င်အတွက်သာ အသုံးပြုလျှင် ၃လ သက်တမ်း ကုန်သည်အထိ သုံးစွဲနိုင်သည်။

ရန်ကုန် ပန်းဆိုးလမ်းမကြီး အလယ်ဘလောက်ရှိ Mobile Shopping Mall ရှေ့တွင် တခါသုံး CDMA ဖုန်း ကတ် အရောင်းအ၀ယ် ဈေးကွက်တခု ဖြစ်ထွန်းနေပြီး ပွဲစားများသည် ဖုန်းကတ်များကို E-Lite ဆိုင်ခွဲများမှ FEC နှင့်ဝယ်ယူကာ မြန်မာငွေ ၄၈၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချကြကြောင်း၊ အဆိုပါဈေးကွက်တွင်မူ တခါသုံး ဖုန်းကတ် ၀ယ်ယူပါက မှတ်ပုံတင် မိတ္တူပေးရန် မလိုအပ်ကြောင်း သိရှိရသည်။

“ဖုန်းကတ်တကတ် ရောင်းရရင် ငွေ ၇၅၀၀ မြတ်တယ်။ တချို့လူတွေက E-Lite ဆိုင်ခွဲတွေမှာ တခါသုံးကတ် သွားဝယ်ရင် မှတ်ပုံတင် မိတ္တူ ပေးရမှာစိုးလို့ ဒီဈေးကွက်မှာ လာဝယ်တယ်။ ဒီဈေးကွက်မှာက မြန်မာငွေနဲ့ပဲ ရောင်းတယ်။ မှတ်ပုံတင် မလိုဘူး။ ဖုန်းကတ် လိုသလောက် ရောင်းပေးတယ်” ဟု ပန်းဆိုးလမ်းမပေါ်တွင် တခါသုံး မိုဘိုင်းလ်ဖုန်းကတ် အရောင်းအ၀ယ် ပြုလုပ်နေသူ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အော်တိုတယ်လီဖုန်းလိုင်း အရေအတွက် ၂၂၉၇၄၁၉ လိုင်းရှိပြီး လာမည့် ၅ နှစ်အတွင်း GSM
မိုဘိုင်းလ်ဖုန်းလိုင်း အရေအတွက် သန်း ၃၀ အထိ တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင် သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့