..............................

Friday, May 27, 2011

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရောက်ရှိ

ရန်ပိုင်
Thursday, 26 May 2011

သမ္မတ ဦးသိန်းစိန်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ တရုတ်နိုင်ငံသို့ ယနေ့ ရောက်ရှိသွားသည်။ သမ္မတ အဖြစ် တာဝန် ယူပြီး ပထမဆုံး သွားရောက်ခဲ့သည့် ပြည်ပခရီး ဖြစ်သည်။

ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမို တိုးမြှင့်ရန် ရည်ရွယ်သည်ဟု တရုတ် အစိုးရ၏ ဆင်ဟွာ သတင်းတွင် ယနေ့ ဖော်ပြထားသည်။

နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူများ၏ အဆိုအရ နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်များ အပြင် အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ တရုတ်စစ်သင်္ဘောများ မြန်မာ ဆိပ်ကမ်းတွင် ဆိုက်ကပ်နိုင်ရေးကိုလည်း သမ္မတ ဦးသိန်းစိန်၏ ယခု ခရီးစဉ်အတွင်း ထည့်သွင်း ဆွေးနွေးလိမ့်မည်ဟု သိရသည်။

ထိုသင်္ဘောများသည် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကတိုက်တို့မှ ထွက်ရှိသည့် ရေနံများ သယ်ယူနေသည့် တရုတ် သင်္ဘောများကို ပင်လယ်ဓားပြများ ရန်မှ ကာကွယ် စောင့်ရှောက်လျက်ရှိသည်။

စစ်သင်္ဘောများ ဆိုက်ကပ်ခွင့် ပြုရေးကို ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံ၏ ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်က မြန်မာ အစိုးရသစ်ကို အဆို ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် ရခိုင်ကမ်းလွန်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဖောက်လုပ် နေသည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းတို့ လုံခြုံမှု ရှိရေးကိုလည်း လိုလား နေသည်ဟု စစ်ရေး လေ့လာသူများက ဆိုသည်။

ပိုက်လိုင်းတည်ဆောက်ရေးကို ၂၀၁၃ ခုနှစ်တွင် အဆုံးသတ်မည်ဖြစ်ပြီး အရှေ့ အလယ်ပိုင်းနှင့် အာဖရိက တိုက်မှ သယ်ယူ လာသည့် ရေနံများကို ထိုပိုက်လိုင်းမှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်မည် ဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရက ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းပေါ်ရှိ လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်း တခုတွင် ပါဝင် ပတ်သက် နေသည်ဟု ရမ်းဗြဲကျွန်း ဒေသခံတဦးထံမှ သိရသည်။

“လေယာဉ်ကွင်း ဆောက်တဲ့ နေရာမှာ တရုတ်အလုပ်သမားတွေပဲ အလုပ် လုပ်ရတယ်၊ ပြီးခဲ့တဲ့နှစ်တုန်း ကလည်း တရုတ် စစ်ဘက် အမှုထမ်းတွေကို တွေ့နေရတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်ရေတပ်သည် ယခင်က ပစိဖိတ်သမုဒ္ဒရာတွင်သာ လှည့်လည် သွားလာနေသော်လည်း အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ပါကစ္စတန်၊ အီရန်၊ သီရိလင်္ကာ၊ မြန်မာ စသည့် နိုင်ငံများတွင် ရေတပ် အခြေစိုက် စခန်းများ တည်ဆောက်နိုင်ရန် ကြိုးစား နေသည်ဟု စစ်ရေး လေ့လာသူ တချို့က သုံးသပ်သည်။

ယမန်နေ့က ထုတ်ပြန်သည့် ဆင်ဟွာသတင်းတပုဒ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ၀မ်ကျုံးရင်က သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် နှစ်နိုင်ငံ အကြား ဆက်ဆံရေး ထပ်မံ တိုးမြှင့်ရန် မဟာဗျူဟာ ကျကျ ဆောင်ရွက်မည်ဟု ပြောဆိုကြောင်း ဖော်ပြထားသည်။

နှစ်နိုင်ငံအကြား ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စသည့် ကဏ္ဍများတွင် စာချုပ် ၁၅ ခုခန့် ချုပ်ဆိုထားပြီး တရုတ်သည် မြန်မာနိုင်ငံ အတွက် အကြီးဆုံး ကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံဖြစ်သည်။

တရုတ် ကွန်မြူနစ်ပါတီ၏ ပေါလစ်ဗျူရို အဖွဲ့ဝင် ကျာချင့်လင်က ဦးသိန်းစိန်အစိုးရ အဖွဲ့ကို ပြီးခဲ့သည့် ဧပြီ လဆန်းပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့သည်။ အစိုးရသစ်ကို ပထမဆုံး သွားရောက် တွေ့ဆုံခဲ့သည့် နိုင်ငံတကာမှ ခေါင်းဆောင်ဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့