..............................

Wednesday, May 25, 2011

အဖမ်းခံရသူမှာ KIA အဖွဲ့ဝင် မဟုတ်ဟု ငြင်းဆို

ဖနိဒါ
အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ က ဖမ်းဆီးခဲ့သည့် ၅၆ နှစ်အရွယ် ဦးဇော်အောင်မှာ ၎င်းတို့၏ ပြည်သူ့စစ် အဖွဲ့ဝင် မဟုတ်ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO အရာရှိ ဦးလနန်က ငြင်းဆို လိုက်သည်။

ယခုလ ၂၁ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် ယုဇနမြိုင်ရွာ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ မပခ လက်အောက်ခံ တပ်ဖွဲ့ တဖွဲ့က ဝင်ရောက်ရှင်းလင်းရာ ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ KIO ၏ စစ်တပ်ဖြစ်သော KIA မှ ပြည်သူ့စစ် အဖွဲ့ဝင် ဦးဇော်အောင်ကို ဖမ်းဆီး ရမိကြောင်း အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားမှုကို တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

ဖောက်ခွဲရေးပစ္စည်းများမှာ ပီပီစီပိုက် အပြာရောင်ဖြင့် ပြုလုပ်ထားသော အရှည် ၄ လက်မ၊ အချင်း ၂ လက်မရှိ ဒေသန္တရ ပလတ်စတစ် မိုင်း အလုံး ၃ဝ၊ ပေ ၁၁ဝ အရှည်ရှိ နှစ်ပင်လိမ် ဝိုင်ယာကြိုးတခွေ၊ နင်းခလုတ် ၅ ခုနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သတင်းစာတွင် ပါရှိသည်။

“ဒီပုဂ္ဂိုလ်က အဲဒီတဲအိမ်မှာနေတဲ့ ရိုးရိုးသားသား ယာသမားပါ။ ကျနော်တို့ အဖွဲ့ဝင်လည်း မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ ပစ္စည်းကတော့ ကျနော်တို့ရဲ့ တပ်ရင်း ၁၁ ဧရိယာ တဝိုက်မှာဆိုတော့ ကျနော်တို့ ပစ္စည်းတွေ အရေးပေါ် အတွက် နေရာတကာမှာ ချထားတာ ရှိတာကော၊ အဲဒီမှာသွားရင်း မိသွားတာ နေမှာပါ။ တကယ်ဆို သူက ခြံလုပ်နေတဲ့ ယာသမားပါ။ ဦးဇော်အောင် ဆိုတာက ကျနော်တို့ တပ်ဖွဲ့ဝင် လုံးဝ မဟုတ်ပါဘူး” ဟု ဦးလနန်က မဇ္ဈိမကို ပြောသည်။

“စစ်အစိုးရက ကျနော်တို့ကို အဖျက်သမား၊ သောင်းကျမ်းသူအဖွဲ့ဆိုပြီးတော့ ဖော်ညွှန်းချင်တဲ့ သဘော ဖြစ်ပါလိမ့်မယ်” ဟုလည်း သူက ထင်ကြေးပေးသည်။ KIO လက်အောက်၌ ပြည်သူ့စစ်အဖွဲ့ဝင်များ ရှိသော်လည်း ဦးဇော်အောင်ကဲ့သို့ အသက်အရွယ်များ အထိ မပါဝင်ဘဲ၊ အများစုမှာ လူငယ်များသာ ဖြစ်သည်ဟု ဆိုသည်။

ဦးဇော်အောင်သည် မြစ်ကြီးနားမြို့နယ် နိုင်ကလူ(ကချင်လို ဒယ်ကလူ) ကျေးရွာမှဖြစ်ပြီး တောင်ယာ လုပ်ကိုင်သူ ဖြစ်သည်။

သို့သော် KIO ၏ တပ်ရင်း ၁၁ နယ်မြေအတွင်း ဖြစ်ပွားခဲ့သဖြင့် ခဲယမ်းမီးကျောက်များမှာမူ KIA ပိုင်ပစ္စည်း ဟုတ် မဟုတ်ကို အတိအကျ မပြောနိုင်ဟု ဦးလနန်က ပြောသည်။

ဦးဇော်အောင်ကို မပခ သို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက KIO ထံ အကြောင်းကြားလာ သဖြင့် သိရှိခဲ့ရခြင်း ဖြစ်သည်။

“ သူ့ကို စစ်ယူနီဖောင်း ဝတ်ခိုင်းတယ်၊ နောက်တော့ ဝက်ချည်သလိုချည်ပြီး၊ ဖမ်းချုပ်ပြီးတော့ ထော်လာဂျီမှာ ပစ်တင်ပြီးတော့ တပ်ထဲ ခေါ်သွားတယ်လို့ ပြောတယ်” ဟု ဒေသခံများ ပြောဆိုချက်ကို ဦးလနန်က မဇ္ဈိမကို ပြန်ပြောပြသည်။

မေလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားအနောက်ဘက် KIO တပ်ရင်း ၁၁ နယ်မြေအတွင်း မပခ လက်အောက်ခံ ခလရ ၁၂၁ တပ်ဖွဲ့သည် KIO ချထားသည့် မိုင်းကို နင်းမိခဲ့ရာ၊ အထိတ်တလန့်ဖြင့် သေနတ်ပစ် ဖောက်မှု ဖြစ်ပွားခဲ့သည်။

ထို့နောက် မပခ လက်အောက်ခံ ခလရ ၂၉၊ ၃၇ နှင့် ၁၂၁ တို့၏ တပ်သား ၂ဝဝ ခန့်သည် KIO တပ်ရင်း ၁၁ နယ်မြေ အတွင်း မိုင်းရှင်းလင်းရေး အတွက် သွားလာနေကြောင်းနှင့် KIO တပ်များ လှုပ်ရှားမှုကို တင်းကျပ်လိုကြောင်း ဦးလနန်က ပြောသည်။

နှစ်ဖက်တင်းမာရာမှ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ခံများက ပစ္စည်းများကို တရုတ်ဘက်သို့ ပို့ဆောင် နေကြသည်ဟု လိုင်ဇာမြို့ခံ တဦးက ဆိုသည်။

နယ်ခြားစောင့်တပ် လက်မခံသော KIO ကို ၂ဝ၁ဝ ခုနှစ် အောက်တိုဘာမှစ၍ သောင်းကျမ်းသူဟု စစ်အစိုးရက ခေါ်ဝေါ် သုံးစွဲကာ သတင်းစာများတွင် ဖော်ပြလာခဲ့သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU အကြမ်းဖက် သောင်းကျန်းသူများသည် မွန်ပြည်နယ် ရေး-သံဖြူဇရပ် ကားလမ်းမှ ခရီးသည်တင် မှန်လုံကား ၅ စီးကို ပစ်ခတ်ရပ်တန့်စေ၍ ဆက်ကြေး ကောက်ခံခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဖမ်းဆီး သွားသည်ဟု အင်္ဂါနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုစွပ်စွဲချက်သည် လက်တွေ့ကြုံတွေ့ခဲ့ရသည့် ဒေသခံများ၏ ယုံကြည်လောက်သည့် သက်သေ အထောက် အထားများ မရှိသဖြင့် တဖက်သတ် စွပ်စွဲချက်ဟု KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

“ကျနော်တို့ တပ်မဟာ ၆ နယ်မြေမှာ အရင်ကျိုင်းတုံတို့မှာ စစ်ရေးလုပ်ရှားမှု လုပ်ထားတဲ့အပေါ် ရန်သူ (အစိုးရ) ကတော့ ကျနော်တို့ ဝင်လာနိုင်မယ့် လမ်းကို ပိတ်ထားတယ် ဆိုတော့ ဒီကားလမ်းကြီးပေါ်မှာ ဓားပြလို့ စွပ်စွဲတဲ့ အချက်က ဖြစ်နိုင်ချေ အလွန် နည်းပါတယ်။ တဖက်သတ် စွပ်စွဲချက်ပဲ။ အဓိကတော့ တခြား ယုံကြည်လောက်တဲ့ လူထုဆီက သတင်းမရတော့ ဘာမှ မသိရဘူး။ ဒါပေမဲ့ ကျနော်တို့ ပေါ်လစီထဲမှာ ဒီလို ညွှန်ကြားချက်တွေ လုပ်ဖို့တော့ မရှိဘူး” ဟု သူက ဆိုသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့