..............................

Tuesday, March 15, 2011

ဘလတ္တာ နေပြည်တော် သွားမည်

ရန်ပိုင်
Monday, 14 March 2011

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် တရားဝင် ခရီးအဖြစ် မနက်ဖြန် နေ့လယ်တွင် မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ်ဖြင့် လာရောက်မည်ဖြစ်သည်။

ခရီးစဉ် ရည်ရွယ်ချက်မှာ မန္တလေးမြို့၌ FIFA၏အကူအညီဖြင့် တည်ဆောက်ထားသည့် ဘောလုံး အကယ်ဒမီ သင်တန်းကျောင်းဖွင့် လှစ်ပေးရန် ဖြစ်သော်လည်း နေပြည်တော်သို့ သွားရောက်ကာ နောင်အစိုးရ သစ်တွင် သမ္မတ ဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဟု သိရသည်။

ထိုသို့ အစိုးရအသစ်တွင် သမ္မတဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်က FIFA ဥက္ကဋ္ဌအား တွေ့ဆုံခြင်းသည် အရပ်သား အစိုးရသစ်ကို ပွဲထုတ်ရန် ကြိုးစားခြင်း ဖြစ်သည်ဟု ရန်ကုန် သံတမန် အသိုင်းအ၀န်းတွင် ပြောဆိုနေကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ရေးသားထားသည်။

ထို့အပြင် မစ္စတာ ဘလတ္တာအား ၀န်ကြီးချုပ် ဦးသိန်းစိန် သာမက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း လက်ခံ တွေ့ဆုံနိုင်သည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကမူ မစ္စတာ ဘလတ္တာ ၏ ခရီးစဉ်သည် မန္တလေးမြို့တွင် တည်ဆောက် ထားသည့် ဘောလုံး အကယ်ဒမီကျောင်း ဖွင့်ပွဲ တက်ရောက်ရန်၊ လက်ရှိ မြန်မာ ဘောလုံးလောကနှင့် ပတ်သက်၍ ဘောလုံး အဖွဲ့ချုပ်၏ ဆောင်ရွက် နေမှုများကို စစ်ဆေးရန် ဖြစ်သည်ဟု ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ပြောသည်။

ယင်း ဘောလုံးအကယ်ဒမီကျောင်းကို လွန်ခဲ့သည် ၈ လ ခန့်ကတည်းက ဖွင့်လှစ်ခြင်း ဖြစ်ပြီး အသက် ၁၁ နှစ်အောက်၊ ၁၃ နှစ် အောက်၊ ၁၅နှစ် အောက် ဟူ၍ အတန်းသုံးတန်း ခွဲထားကြောင်း၊ တတန်းလျှင် ကျောင်းသား ၃၀ ဖြင့် စုစုပေါင်း ကျောင်းသား ၉၀ အား ဘောလုံး ပညာ သင်ပေး နေကြောင်း သိရသည်။

“ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစား ထားတယ်၊ အ၀တ်အစား ဆင်ပေးတယ်၊ အစိုးရ ကျောင်းမှာ စာသင်ပေးပြီး ပညာသင် ထောက်ပံကြေး ပေးတယ်”ဟု ဦးစိုးမိုးက ဆိုသည်။

ယခု ဖွင့်လှစ်သည့် ဘောလုံးအကယ်ဒမီသည် FIFA ထောက်ပံ့ငွေဖြင့် ဆောက်လုပ်သည်ဟု ဆိုသော်လည်း ကုန်ကျစရိတ် များပြား သည့်အတွက် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တခြားသော စီးပွားရေး ကုမ္ပဏီကြီးများ၏ ထောက်ပံ့ငွေလည်း ပါဝင်ကြောင်း ဦးစိုးမိုးက ပြောသည်။

အားကစားသတင်းများကို ဖော်ပြနေသည့် Soccermyanmar အင်တာနက် စာမျက်နှာတွင် ယခု ဘောလုံး အကယ်ဒမီ ဆောက်လုပ် ရန် FIFAမှ ထောက်ပံ့သည့် ငွေမှာ အမေရိကန်ဒေါ်လာ ၄ သိန်းသာ ရှိပြီး ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ ၂.၅ သန်းနီးပါး ကုန်ကျကြောင်း ဦးဇော်ဇော်က ပြောသည်ဟု ရေးသားထားသည်။

နောင်လာမည့် ဘောလုံးအားကစား စီမံကိန်းများအတွက် ထောက်ပံ့ငွေများကိုလည်း FIFA ထံမှ ထပ်မံ တောင်းခံသွားမည် ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် စစ်အစိုးရနှင့် နီးစပ်သည်ဟု နာမည်ကျော်ကြားပြီး အထူးသဖြင့် အသစ် ဖြစ်ပေါ်လာမည့် အစိုးရ အဖွဲ့တွင် ဒုသမ္မတ ဖြစ်လာမည့် လက်ရှိ အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အလွန် ရင်းနှီးသူ စီးပွာရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သည်။

ထို့အပြင် ဦးဇော်ဇော်သည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်မည် ဆိုသော SEA GAME အတွက် ရည်ရွယ်ပြီး နေပြည် တော်၌ တည်ဆောက်နေသည့် ဘောလုံးကွင်း ၂ ကွင်း နှင့် အားကစားရွာ တည်ဆောက်ခွင့် ကိုပါ ရထားသူ ဖြစ်ပြီး အာရှတွင် အကြီးဆုံး စီးပွားရေးဇုန် ဖြစ်လာမည်ဟု ပြောဆိုနေသည့် ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့် အပါအ၀င် အစိုးရနှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်း တချို့ကို လုပ်ကိုင်ခွင့် ရထားသူဖြစ်သည်။

မစ္စတာ ဘလတ္တာသည် ဘောလုံးအကယ်ဒမီ ဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်မြို့သို့ ထွက်ခွာမည် ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းရှိ တိုးချဲ့ ထိုင်ခုံများ လွှဲပြောင်း ပေးအပ်ပွဲကို တက်ရောက်မည် ဖြစ်သည်။ ထို့အတွက်လည်း ယမန်နေ့က အတွင်းရေးမှူး ၁ သီဟ သူရ ဦးတင်အောင်မြင့်ဦး သွားရောက်ကြည့်ရှုကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာဘောလုံးအဆင့်မှာ အရှေ့တောင်အာရှ ဒေသအတွင်းရှိ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား တို့၏ နောက်တွင်ရှိပြီး FIFA သတ်မှတ်ချက်အရ ၁၆၁ အဆင့်တွင်သာ ရှိသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့