..............................

Friday, March 18, 2011

DKBA စစ်ဆင်ရေး သတင်းကြောင့် မြဝတီမြို့ခံများ တိမ်းရှောင်

Thursday, 17 March 2011

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်း - မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ စစ်ဆင်ရေး ပြုလုပ်မည် ဆိုသည့်သတင်း ထွက်ပေါ် နေသဖြင့် မြို့ခံများ ဘေးကင်း လုံခြုံရာသို့ ရှောင်တိမ်း နေကြသည်ဟု သိရသည်။

မြ၀တီမြို့ခံ တဦးက “DKBA ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က ဝင်တိုက်မယ် ဆိုတော့ ထိုင်းဘက်နဲ့ ကော့ကရိတ် ဘက်ကို ရှောင်တာ ရှိသလို၊ မြို့ပြင် ဘက်ကိုလည်း ရှောင်နေကြတယ်။ အာဏာပိုင်တွေ ကတော့ ဒီသတင်း မဟုတ်ဘူး၊ ကောလာဟလလို့ ရပ်ကွက်ထဲ လိုက်ပြောနေတယ်။ ဒါပေမယ့် ရှောင်နေတဲ့ အထဲမှာ သူတို့ ဆွေမျိုး သားချင်းတွေ ရှေ့ဆုံးကပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ သတင်းများကြောင့် မြဝတီမြို့၌ ကျီးလန့်စာစား ဖြစ်နေချိန်တွင် ထိုင်းဘက်ခြမ်း နယ်ခြားမျဉ်း အနီးရှိ သုဿန်တွင် ပြုလုပ်သော ဈာပနမှ ပစ်ဖောက်သည့် မီးကျည် အသံများကြောင့် မြို့ခံများ ထိတ်လန့်ကာ တမြို့လုံး အသွားအလာ မရှိဘဲ ငြိမ်သက် နေသည်ဟု သူက ဆိုသည်။

DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူး ဆန်းအောင်က “ဒီနေ့ စစ်ဆင်ရေး ရှိတာ ဟုတ်တယ်။ ကျနော်တို့ တပ်ဖွဲ့တွေ မြို့ကို ၀ိုင်းထားပေမယ့် ဒီရက်တွေမှာ မိုးတအား ရွာနေတာကြောင့် စစ်ဆင်ရေးကို အဟန့်အတား ဖြစ်မှာစိုးလို့ ဒီနေ့တော့ မလုပ်ဖြစ်ပါဘူး။ ဒီစစ်ဆင်ရေးက နအဖ ရဲ့ ယန္တရား ကိုပဲ အဓိက တိုက်မှာ ဖြစ်တဲ့ အတွက် အရပ်သားတွေ စိုးရိမ်ဖို့ မလိုဘူး။ ဒါပေမယ့် သတိနဲ့တော့ သွားလာဖို့ လိုတယ်” ဟု ပြောသည်။

DKBA တပ်မဟာ ၅ အဖွဲ့သည် ၁၀ တန်း ကျောင်းသားများ စာမေးပွဲပြီးသည့် ရက်ပိုင်းအတွင်း မြ၀တီမြို့ကို ထိုးစစ် ဆင်မည် ဆိုသည့် အကြောင်း မြို့ခံများ သိရှိစေရန် ကြိုတင် ပြောကြား ထားပြီး ဖြစ်သည်ဟုလည်း ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း DKBA အဖွဲ့သည် မြ၀တီ - ကော့ကရိတ် ကားလမ်းပေါ်ရှိ တောင်သုံးလုံး ဒေသ အနီးတွင် နအဖ တပ်စခန်းများကို ၀င်ရောက် ပစ်ခတ်ခဲ့သည့် အတွက် နအဖ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်ဟု မြ၀တီမြို့ခံ ယာဉ်မောင်း တဦးကပြောသည်။

DKBA အဖွဲ့သည် ဆက်လက်ရပ်တည်ရန် ဘဏ္ဍာငွေ မရှိတော့သဖြင့် မြ၀တီမြို့ကို ၀င်ရောက် တိုက်ခိုက်ပြီး ပြည်သူများ ထံမှ ဓားပြတိုက် လုယက်ရန် အစီအစဉ် ရှိသည်ဟု မြ၀တီခရိုင် အစိုးရ အာဏာပိုင်များက ခရိုင် အတွင်း သတင်းဖြန့် ထားသည်ဟု သိရသည်။

မြဝတီမြို့ခံ ယာဉ်မောင်းက “မြ၀တီခရိုင်နဲ့ ကော့ကရိတ်ခရိုင် နှစ်ခုကို DKBA နဲ့ KNU (ကရင်အမျိုးသား အစည်းအရုံး) က ဘယ်အချိန် ၀င်တိုက်တိုက် ရတဲ့ အနေအထား ရှိတာကို လူထုက သိထားတယ်။ သူတို့မှာ အတွေ့အကြုံနဲ့ အဆက် အသွယ်တွေက ရှိပြီးသား ဆိုတော့ အရင် ရှောင်ထားတာ အလကား မဖြစ်ဘူးဆိုတာ သိနေကြတယ်။ မြ၀တီနဲ့ ကော့ကရိတ် လမ်းကိုတောင် လုံခြုံရေး မပေးနိုင်တဲ့ အာဏာပိုင်တွေကို လူထုက အယုံအကြည် မရှိတာ ရှေ့မှာ နမူနာတွေ အများကြီး ရှိခဲ့တယ်” ဟုပြောသည်။

DKBA အဖွဲ့က မြ၀တီမြို့ စစ်ဆင်ရေးကို အကောင်အထည် ဖေါ်မည့် စစ်ရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဟု ပြောထားပြီး မြ၀တီ ခရိုင်အာဏာပိုင်များ ဘက်မှ မြို့တွင်း လုံခြုံရေးအတွက် ပုံမှန်ထက် တပ်အင်အားများ တိုးမြှင့် ချထားကြောင်း၊ ခရိုင်အတွင်း တပ်လှန့် ထားကြောင်း ကရင် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့မှစ၍ နအဖ တပ်နှင့် DKBA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်သို့ ထွက်ပြေးခဲ့ကြ ရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့