..............................

Monday, March 14, 2011

လူထုအုံကြွမှုဖြစ်မည်ကို နအဖ စစ်အစိုးရ စိုးရိမ်၊ ဓါတ်ဆီဝယ်ခွင့် စာအုပ်ပြန်လုပ်ပြီ

Saturday, 12 March 2011


လမ်းလျှောက်ဂျာနယ်လစ် ၊ ရန်ကုန်

ဓါတ်ဆီစာအုပ်ပြန်လုပ်ပြီ

စက်သုံးဆီဖြန့်ဖြူးတဲ့ လုပ်ငန်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ပြီး ၉လအကြာမှာ ပထမဆုံး အကြိမ် အဖြစ် ဓါတ်ဆီသုံး ကားတွေ ၀ယ်ယူခွင့် စာအုပ် လုပ်ဖို့ လိုအပ်ပြီလို့ အသိပေး ကြေညာ ပြန်ပါတယ်။

လွန်ခဲ့တဲ့လမှ စပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ လူထုအုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီး တနိုင်ငံမှ တနိုင်ငံ မြန်ဆန်စွာ ကူးစက်ခဲ့တဲ့ အဖြစ်က နအဖ စစ်အစိုးရကို တပ်လှန့် သလို ဖြစ်စေခဲ့ပါတယ်။ ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့်၊ လောင်စာဆီဈေး မြင့်တက်မှုကြောင့် လူထု မကျေနပ်မှု မြင့်တက်လာပြီး လူတွေ လမ်းပေါ် ထွက်လာကြမှာကို စိုးရိမ်နေပုံ ရတယ်လို့ ရန်ကုန်မြို့မှ အယ်ဒီတာတဦးက မှတ်ချက်ချပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ လူထုအုံကြွမှုဖြစ်ပွား လာရုံတင် မကပဲ လစ်ဗျားမှာ ပြည်တွင်းစစ် ဖြစ်မယ့် အရိပ် အရောင်တွေ ပေါ်လာတဲ့အခါ ကမ္ဘာ့ ရေနံဈေးလည်း သိသိသာသာ မြင့်တက်လာပြီး တကမ္ဘာလုံးကို စိုးရိမ် ပူပန်စေခဲ့ပါတယ်။ မြန်မာ စစ်အစိုးရ အဖို့တော့ တဘက်မှာ နိုင်ငံရေးအရ စိုးရိမ်မှု ရှိနေတဲ့ အပြင် ရေနံဈေး မြင့်တက်မှုကလည်း ပြည်တွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တာကြောင့် အခြား တစ်ဘက်မှာ စိုးရိမ်နေတာပါ။

ဒါကြောင့် ယခုလို ကားတွေကို ဓါတ်ဆီဝယ်ခွင့် စာအုပ်ပြန်ကျင့်သုံးဖို့ သတ်မှတ် လိုက်တာလည်း ဖြစ်ပါတယ်။

ဒါဟာဓါတ်ဆီဈေး မြင့်တက်လာတဲ့ အချက်က လူထုအုံကြွမှု ဖြစ်ပွားဖို့ အစ ဖေါ်စေ နိုင်တာကြောင့် စစ်အစိုးရက ဓါတ်ဆီဈေးကို ပြန်လည်  ထိမ်းချုပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်ပါတယ်။

မနှစ် ဇွန်လ၁၀ ရက်နေ့ကစပြီး ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေ စတင် ရောင်းချ ခဲ့ပါတယ်။ ယခင် အစိုးရက တာဝန်ယူ ဖြန့်ဖြူးစဉ်ကနဲ့ မတူပဲ ကြိုက်သလောက် ၀ယ်ယူနိုင်သလို ဘယ်နယ်မြေမှာ ၀ယ်ရမယ်၊ ဘယ်ဆိုင်မှာ ၀ယ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ ကျော် တောက်လျှောက် ကျင့်သုံးခဲ့တဲ့ ဓါတ်ဆီ ၀ယ်ယူခွင့် စာအုပ်ကိုလည်း သုံးစရာ မလိုပဲ ၀ယ်ယူ နိုင်ခဲ့ပါတယ်။

ဓါတ်ဆီ တစ်ဂါလံ ၂၅၀၀ ကျပ်နဲ့ လွတ်လွတ်လပ်လပ် ၀ယ်နိုင်တဲ့ ကာလဟာ ယမန်နှစ် ဇွန်လ ဆန်းမှ အောက်တိုဘာ အထိသာ ကြိုက်သလောက် ၀ယ်နိုင်ပြီး အောက်တိုဘာ နောက်ပိုင်း မှာတော့ ဂါလံ ပြန် ကန့်သတ်ခဲ့ပါတယ်။

အဲလိုရောင်းချပြီး ၉လအကြာမှာတော့ တဖန်ပြန်ပြီး ခွဲတမ်းနဲ့ ဓါတ်ဆီ ၀ယ်ယူဖို့ ပြန်ဆုံးဖြတ် ခဲ့ပြီး နဂို လမ်းဟောင်းကို ပြန်ကွေ့သွားတဲ့ သဘောပါ။ ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့ပေမယ့် ပုဂ္ဂလိက ဖြန့်ဖြူးသူတွေဆီ အစိုးရ ဓါတ်ဆီကို တဂါလံ ၂၃၅၀ ကျပ်နဲ့ရောင်းပေးပြီး လက်လီရောင်းရာမှာ ၂၅၀၀ ကျပ်ထက် မပိုရလို့ သတ်မှတ် ခဲ့တာပါ။ ဈေးနှုန်းကို ဈေးကွက်က လွတ်လပ်စွာ ဆုံးဖြတ်တဲ့ စနစ်ဆီ သွားဖို့ ဆက်မလုပ်တော့ပဲ နဂို လုပ်နေကြ လမ်းအတိုင်း သတ်မှတ်ချက် နှုန်းနဲ့ ရောင်းချခိုင်းတဲ့ စနစ်ဆီ ပြန်လျှောက်သွားတာပါ။

၂၀၀၇ ခုနှစ် သြဂုတ်လလယ်မှာ ဓါတ်ဆီနဲ့ ဒီဇယ်ဆီကို ၂ဆ၀န်းကျင် မြှင့်တက်ပြီးနောက် ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်တဲ့ လမ်းလျှောက်တဲ့ လှုပ်ရှားမှုက သံဃာ့ အရေးအခင်းကြီးရဲ့ ရှေ့ပြေး ဖြစ်ရပ်ပါ။ ဒီအကြောင်းအကျိုး ဆက်စပ်မှုကို စစ်အာဏာရှင်တွေ အနေနဲ့ မမေ့သေးပါဘူး။ ဒါကြောင့် ကုန်ဈေးနှုန်း မြင့်တက်လို့ လူတွေ လမ်းပေါ် ထွက်လာမှာကို စိုးရိမ်နေမှာ မလွဲပါဘူး။

ကုန်ဈေးနှုန်း တက်မှာစိုးတာကြောင့် ကုန်တန်ပို ပြန်တင်ခွင့်ပြု

အာဆီယံစံနှုန်းလို့ ခေါ်တဲ့ ၀င်ရိုးဘီးအရေအတွက်ပေါ်မူတည်ပြီး သတ်မှတ် ကုန်တန်ချိန် အထိသာ တင်ဆောင်ခွင့် ပြုတဲ့ စနစ်ကို ကျင့်သုံးပြီး လအနည်းငယ် အကြာမှာ အဆိုပါ စနစ်ကို ရပ်ဆိုင်း ထားလိုက်ပြီး နဂို အတိုင်း ကုန်တင်ယာဉ်တွေ အနေနဲ့ မိမိတင်နိုင်တဲ့ ပမာဏကို တင်ခွင့် ပြန်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်က အာဆီယံစံနှုန်းလို့ခေါ်တဲ့ သတ်မှတ်ကုန်တန်ချိန်သာ တင်ရမယ် ဆိုတဲ့ သတ်မှတ်ချက် စည်းမျဉ်း ထုတ်ပြန်ပြီးနောက် ဇန်န၀ါရီလထဲမှာ မြန်မာနိုင်ငံမှ ကုန်စည် ပို့ဆောင်ခတွေ ၂ဆနီးပါ မြင့်တက် ကုန်ပါတယ်။ နကိုက ဆေးရွက်ကြီး တထုပ်ကို ရန်ကုန်မှ ဖားအံသို့ ၁၈၀၀ ကျပ် ကျသင့်ရာမှ ဇန်န၀ါရီလမှာ ၃၀၀၀ ကျပ်အထိ မြင့်တက် သွားပါတယ်။

ကုန်သယ်ပို့ခမြင့်တက်တာကြောင့်လည်း ကုန်ပစ္စည်းဈေးတွေ မြင့်တက် ကုန်ပါတယ်။ အခုလို ကုန်ပစ္စည်း ဈေးနှုန်း မြင့်တက်သွားတဲ့ အဖြစ်ကြောင့် လူထုအကြား မကျေနပ်မှုတွေ မငြိမ်သက်မှုတွေကို ဖြစ်ပေါ်မှာကို စစ်အစိုးရ အနေနဲ့ စိုးရိမ်လာပါတယ်။ ဒါကြောင့် မကြာခင်က နိုင်ငံခြား ဆန်တင်ပို့မှုကို ယာယီ ရပ်ဆိုင်း စေခဲ့ပါတယ်။ ဆန်ဈေးမြင့်တက်၊ လောင်စာဆီ ဈေးမြင့်တက်၊ ကုန်ပို့ခ မြင့်တက်တာတွေ ပေါင်းဆုံသွားရင် လူထုအနေနဲ့ မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်ထွက်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို မတ်လ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယခု တလော ပြည်တွင်း သတင်းဂျာနယ် တွေနဲ့ ပြည်ပ သတင်းဝက်ဆိုက် အချို့မှာ ကုန်ဈေးနှုန်း မြင့်တက်တဲ့ သတင်းတွေနဲ့ ပြည့်လျှံ နေတာတွေ့ပါလိမ့်မယ်။ ရွှေဈေးမြင့်တက်တဲ့ သတင်း၊ လောင်စာဆီ မြင့်တက်တဲ့ သတင်း၊ အိမ်ခြံမြေ ဈေးနှုန်း မြင့်တက်တဲ့သတင်း၊ အခွန်အကောက် မြင့်တက်တဲ့ သတင်း၊ ဆန်ဈေး မြင့်တက်တဲ့ သတင်းတွေ ဂျာနယ်တိုင်းမှာ တွေ့ရ ဖတ်ရှုရမှာပါ။

ဒီလိုဖြစ်ပျက်တာဟာ စစ်အစိုးရရဲ့ တလွဲစီမံခန့်ခွဲမှုတွေကြောင့် ဖြစ်ပါတယ်။ အာဆီယံ စံနှုန်း သတ်မှတ်ချက်ကို လိုက်နာဖို့ လုပ်ဆောင်ရတာဟာ ၂၀၁၅မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအကြား တနိုင်ငံနဲ့ တနိုင်ငံ ကုန်သွယ်ရေး အရပါ ကူးလူး ဆက်သွယ်လာရင် တခြားနှိုင်ငံတွေရဲ့ စံနှုန်းအတိုင်း လိုက်လုပ် ရမှာမို့လို့ အခုကတည်းက လုပ်ဆောင်တာလို့ စစ်အစိုးရက ပြောပါလိမ့်မယ်။ ဒီအချက်ထက် ကုန်စည် ပို့ဆောင်မှုနှုန်းတွေ ဈေးမြင့်စေတာဟာ အခြားသော အခွန်အကောက်တွေ ၊ စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့် ထားရှိတာကြောင့် ကုန်ကျစရိတ် မြင့်တက်တာတွေလည်း ပါဝင် နေတယ်ဆိုတာ လက်ခံပုံ မရပါဘူး။

ဒါကြောင့် လတ်တလော ဖြစ်ပေါ်နေတဲ့ အကြောင်းရင်း တခုကိုသာ ဖြေရှင်းဖို့ ကြိုးစားပြီး နှစ် ၃၀၊ ၄၀ ကြာစွဲမြဲနေတဲ့ ကုန်စည် စီးဆင်းမှု အတားအဆီးတွေ၊ စစ်ဆေးပြီး ကောက်ခံတဲ့ အကောက်ခွန် တွေကြောင့် ကုန်ပစ္စည်း ဈေးမြင့်တက်လာတဲ့ အဖြစ်ကိုတော့ သိရှိပုံ မရပါဘူး။

နိုင်ငံရေးမှာ အင်တာနက် သုံးမှာစိုး၍ နှေးကွေးအောင်လုပ်

ကိုယ့်အိမ်မှာ သုံးနေတဲ့ အင်တာနက်က ဘယ်ဝက်ဆိုက်မှ ၀င်လို့မရ ဖြစ်နေချိန်မှာ ကိုယ့် အနီးအနားမှာ ရှိတဲ့ အင်တာနက် ကဖေးထဲမှာ လူတွေ သုံးနေတာ တွေ့မြင်ရတော့ စိတ်ထဲ မခံချိ မခံသာ ဖြစ်လာပါတယ်။ သူတို့ ဆိုင်တွေမှာ သုံးလို့ရနေပြီး ငါတယောက်ထည်း အင်တာနက် သုံးမရ ဖြစ်တာလားပေါ့။ အဲဒီဆိုင်က သူတွေကျတော့ ဘာလို့ သုံးနေနိုင်သလဲ ဆိုပြီး သိချင်စိတ်ရော ကိုယ့် အင်တာနက်လိုင်းကို ဘ၀င် မကျတဲ့ ခံစားချက်တွေနဲ့ သုံးသူ ၇၊ ၈ ယောက်ရှိတဲ့ အင်တာနက် ဆိုင်ထဲ ၀င်ပြီး မေးကြည့် မိပါတော့တယ်။

“အင်တာနက်ရလား” လို့ မေးလိုက်တဲ့အခါ ဆိုင်ဝန်ထမ်ြး ဖစ်သူက “မေးလ် တော့မရဘူး ဂျီတော့ခ်တောင် ကြာမှ တက်တယ်”လို့ ဖြေပါတယ်။ သုံးနေတဲ့ သူတွေကို ကြည့်လိုက်တဲ့ အခါမှာ ဂျီတော့ သုံးသူ တ၀က်နဲ့ နက်ဝေါ့ခ ဂိမ်းကစားနေသူ တ၀က် ရှိတာကို တွေ့ရပါတယ်။ အဲဒီတော့မှ အော် အင်တာနက်က ဘယ်မှာမှ မရပါလား လို့ သဘောပေါက် သွားပါတယ်။ တပြိုင်နက် ထဲမှာလည်း မြန်မာပြည်မှာ အင်တာနက် ဆိုတာ ဂျီတော့ခ်ကိုလည်း ခေါ်ပါလားလို့ ဆိုတာကိုပါ သိလိုက်ရပါတယ်။

အုပ်ချုပ်သူ စစ်အစိုးရရဲ့ သားသမီး၊ ချွေးမ၊ ခမည်းခမက် နဲ့ စပ်တူ့ပိုင်တဲ့ ကုမ္ပဏီတွေက ၀ိုင်မက်စ်၊ အက်ဖ်တီတီအိတ်စ် (Fibre to Home) ငါးသိန်းဖုန်း အင်တာနက်၊ မက်ဝေးလ် ဖုန်းအင်တာနက် အစရှိတဲ့ ၀န်ဆောင်မှုတွေကို လုပ်ကိုင်ခွင့် ပေးထားပြီး အင်တာနက် လိုင်းတွေ အမျိုးမျိုး ချရောင်း နေချိန်မှာ ၀ယ်ပြီးသား သူတွေကတော့ အင်တာနက် မရလဲ အပြစ်တင်ခွင့် မရှိ၊ တလလုံးလုံး လိုင်းကျ နေလည်းပဲ လကုန်ရင် လစဉ်ကြေး အပြည့် ပေးသွင်း နေရပါတယ်။

အင်တာနက်ဆိုင်တွေဟာလည်း တလလုံး အင်တာနက် လိုင်းမကောင်းလို့ ၀င်ငွေ မရှိလည်းပဲ စည်ပင် သာယာကို လုပ်ငန်း လိုင်စင်ခွန် အပြည့် ဆောင်ရမှာ ဖြစ်သလို မြန်မာနိုင်ငံ သတင်းနှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို အများသုံး အင်တာနက်ဆိုင် လိုင်စင်ကြေး တလ ၅သောင်း၊ အင်တာနက် လိုင်း လစဉ်ကြေး စတဲ့ ကုန်ကျစရိတ်တွေက လျော့ပေါ့ပေးခြင်း မရှိပါဘူး။

မြောက်ဥက္ကလာမြို့နယ်ထဲက အင်တာနက်ဆိုင်ရဲ့ ဆိုင်ရှင်ဖြစ်သူက လိုင်းကျနေလို့ အင်တာနက် ၀န်ဆောင်တဲ့ မြန်မာ့ ဆက်သွယ်ရေးကို ဖုန်းလှမ်း ဆက်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေး ကတော့ ဘာကြောင့် ဖြစ်တယ်။ ဘယ်လောက်ကြာမယ် ၊ ဘယ်တော့ ပြန်ကောင်းမယ် ဆိုတာ ရေရေရာရာ အဖြေ မပေးဘူးလို့ ပြောပါတယ်။ ဆိုင်ထဲမှာ ကွန်ပျူတာ တ၀က်ကို ဂိမ်းလည်း ကစားနိုင်အောင် လုပ်ထားပေးပြီး အနီးအနားက ၁၀ နှစ်ကျော် အရွယ် ကလေးတွေ ဂိမ်းကစားနိုင်အောင် ၀န်ဆောင်မှုပေးပြီး ဆိုင်ဝင်ငွေ နည်းနည်း ပိုရအောင် လုပ်ထားတာ တွေ့ရပါတယ်။ ယခင် လိုင်းကောင်းစဉ်မှာ နိုင်ငံခြားကို အွန်လိုင်းက ဖုံးပြောဖို့လာတဲ့ ဖောက်သည်တွေလည်း အင်တာနက် နှေးလွန်းတော့ ပြောလို့ မရတာနဲ့ ယခုရက်ပိုင်း မလာတော့ဘူး လို့ပြောပါတယ်။

စစ်အစိုးရအတွက် ဘယ်သူပဲ ဆက်သွယ်ရေး ပြတ်ပြတ်၊ ဘယ်စီးပွားရေး လုပ်ငန်းပဲ ထိခိုက်ပါစေ၊ ဘယ်ကျောင်းသားတွေ ကျောင်းတက်ဖို့ ပညာရေး လေ့လာဖို့ သုံးမရ ဖြစ်ဖြစ် သူတို့ ဂရုမစိုက်ပါဘူး။ အာဏာ တည်မြဲရေးကို ခြိမ်းခြောက်နေတဲ့ အရာမှန်သမျှ ပိတ်ဖို့ ဖြတ်ဖို့ အမိန့် ပေးထားပြီးသားပါ။

မြန်မာပြည်မှာ စစ်အစိုးရရဲ့ အာဏာတည်မြဲရေးဆိုတဲ့ အရာဟာ လူထုတစ်ရပ်လုံး ရဲ့ စီးပွားရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ လူမှုရေး ဆိုတာတွေထက် အမြဲတမ်း အရေးကြီး နေတာပါ။ ဘယ်သူတွေ ဘာဖြစ်ဖြစ် သတင်း အချက်အလက်များ လူထုကို အဆက် ဖြတ်လိုသည့်အခါ အင်တာနက် ကျောရိုးကိုလည်း ဖြတ်တောက်ပြစ်ရန် ၀န်လေးသူများ မဟုတ်။

မကြာခင်ကျရောက်လာမယ့် ငွေကြေးဖောင်းပွမှု

ယခုတလော အများဆုံး ပြောဆိုနေကြတဲ့ အကြောင်းအရာကတော့ ၀န်ထမ်းတွေ လစာ တိုးမယ် ဆိုတဲ့ သတင်းပါ။ နောက်အုပ်ချုပ်မယ့် အစိုးရ အသစ်မှာ သမတရဲ့ လစာက သိန်း ၅၀ လို့ ဆိုတာကြောင့် ကျန်တဲ့ အဆင့်ဆင့်သော ၀န်ကြီးတွေ၊ ညွှန်ချုပ် ညွှန်မှူးနဲ့ ၀န်ထမ်းတွေရဲ့ လစာနှုန်းကို တွက်ချက် လိုက်တဲ့အခါ လက်ရှိ လစာနှုန်းထားနဲ့ မကိုက်ညီ တော့ပါဘူး။ အဲဒီအချက်ကြောင့် ၀န်ထမ်းတွေကို လစာတိုးမယ့် သတင်း ထွက်ပေါ် လာရခြင်းလည်း ဖြစ်သလို ၀န်ထမ်းတွေ အကြားထဲမှာလည်း လစာ တိုးမယ်ဆိုရင် လုပ်လေ့ လုပ်ထရှိတဲ့ pay role တွေပြန်တွက်ချက်တာ လုပ်ဆောင်နေတယ်လို့ ကြားသိ နေကြရ လို့လည်း ဖြစ်ပါတယ်။

လစာတိုးမယ်ဆိုရင် အဲဒါရဲ့ အကျိုးဆက်က ဘာဖြစ်မလဲဆိုရင် လူအများက ချက်ခြင်းပဲ ငွေဖောင်းပွ လာမှာလို့ ဖြေကြပါလိမ့်မယ်။ လစာတိုးတဲ့ အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက် လာလိမ့်မယ်။ သယ်ယူ ပို့ဆောင်ခတွေ၊ ဆန်၊ စားသောက်ကုန် တွေက ယခုကတည်းက အထိုက်အလျောက် မြင့်တက်နေပါပြီ။ အစိုးရရဲ့ အခွန်ကောက် တိုးမြှင့် ကောက်ခံတာ၊ ကုန်သွယ်မှု အတားအဆီး တွေကို ဖြစ်စေတဲ့ ဥပဒေ၊ စည်းကမ်းတွေ ပြဋ္ဌာန်းတာတွေကြောင့် ယခုလထဲမှာ နန်းကြီးသုပ် တပွဲကို ၁၀၀၀ ကျပ်ထိ အချို့ဆိုင်တွေက ဈေးမြှင့် လိုက်ကြပါပြီ။ အရင်က ၆၀၀၊ နောက်မကြာသေးမီ အချိန်ထိ ၇၀၀ ကျပ်လောက်ရှိခဲ့တဲ့ နန်းကြီးသုပ် ၊ အုန်းနို့ခေါက်ဆွဲလို စားစရာက အခုတစ်ပွဲကို တစ်ထောင်ကျပ် ဖြစ်သွားခဲ့ပါပြီ။

လောင်စာဆီဈေးမြင့်တာကြောင့် ကုန်ပစ္စည်းပို့ခမြင့်လာ၊ ကုန်ပစ္စည်းဈေး မြင့်လာလို့ စားစရာ သောက်စရာလည်း ဈေးလိုက်မြင့် လာပေမယ့် လူအများစုရဲ့ လုပ်ခ လစာတွေက သိသိသာသာ မမြင့်တက်လာ သေးပါဘူး။

ဒီအဖြစ်တွေကြောင့် လှိုင်သာယာက အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံနဲ့ အခြားသော စက်ရုံတွေမှာ အလုပ် သမားတွေက သူတို့ ရပိုင်ခွင့်ကို ဆန္ဒပြ တောင်းဆို နေကြပါပြီ။ စစ်အစိုးရ ကတော့ ပုဂ္ဂလိက လုပ်ငန်းရှင် တွေနဲ့ အလုပ်သမား အကြားမှာ ဖြစ်တဲ့ ပြဿနာကို တိုက်ရိုက် ၀င်စွက်ဖက်တာ မလုပ်ပဲ ပြင်ပကို မကူးစက်အောင် စက်ရုံတွေကို အရပ်ဝတ်ရဲ၊ ထောက်လှမ်းရေး တွေနဲ့ ၀ိုင်းရံ ထားကြပါတယ်။

စစ်အစိုးရအနေနဲ့ အစိုးရ၀န်ထမ်းတွေကို လစာတိုးမြှင့်လိုက်မယ် ဆိုရင် ဒါရဲ့ အကျိုးဆက် ဖြစ်တဲ့ လစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေ ပုဂ္ဂလိက ကဏ္ဍမှာ ပွက်လောရိုက်လာမှာ သေချာပါတယ်။


Ref: မိုးမခ

0 comments:

အပေါ်သို့