..............................

Thursday, July 14, 2011

လသာမီး လူတဦး သေဆုံး

ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ လူတဦးသေဆုံးသည့် မီးလောင်မှု တရပ် ရန်ကုန်တိုင်း လသာမြို့နယ်ရှိ နေအိမ် တခု၌ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဗဟို မီးသတ်နှင့် မြို့နယ် ရဲစခန်းက ပြောသည်။

နေအိမ်အမှတ် ၄၉ ၊ သုံးထပ် အဆောက်အအုံ ဒုတိယထပ်၌ နေ့လည် ၁ နာရီခန့်မှစ၍ မိနစ် ၄၅ ခန့်အကြာ မီးလောင်ကျွမ်း မှုတွင် အသက် ၇၇ နှစ်အရွယ် ဦးကျော်ညွန့်သိန်း ဆိုသူ သေဆုံး သွားခဲ့သည်။

“လူအသေအပျောက် ရှိပါတယ်။ တဦးပါခင်ဗျာ” ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာနရှိ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

လျှပ်စစ်မီးဖို အသုံးပြုရာမှ စတင် လောင်ကျွမ်းကြောင့် အဆောက်အအုံ သုံးထပ်စလုံး ရာနှုန်းပြည့် နီးပါး ပျက်စီး သွားသည်။

“ အဖိုးကြီးက လေဖြတ်နေတာ။ သူ့သားနဲ့ ချွေးမက အလုပ်သွားနေတဲ့ အချိန်” ဟု ၁၈ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တ ဦးက ပြောသည်။

အိမ်နီးနားချင်းတဦးက “အစက စက္ကူမီးရှို့တဲ့ အနံ့မျိုး ညှော်တယ်ဆိုပြီး ကျနော်တို့ လိုက်ရှာ နေကြတာ။ နောက်တော့မှ အဲဒီအခန်းက မီးခိုး ထွက်လာပြီး ချက်ချင်းပဲ မီးတောက်တွေ ထွက်လာတာ။ ပြေးတက်ပြီး ငြှိမ်းဖို့ ကြိုးစား ကြသေးတယ်။ အပေါ်က ဘာတွေ ထပေါက်တာလဲ မသိဘူး၊ တဝုန်းဝုန်း ဖြစ်လို့ အားလုံး ပြန်ဆင်းပြေး လာကြတာ” ဟု ဆိုသည်။

မီးသတ်ယာဉ် ၁၇ စီးနှင့် အုပ်ချုပ်ရေးယာဉ် ၄ စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့