..............................

Thursday, July 14, 2011

အကျဉ်းသား ပေါ်တာများ အထောက်အထား အစီရင်ခံစာထွက်

Wednesday, 13 July 2011

မြန်မာအစိုးရ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် အကျဉ်းသားများကို ပေါ်တာ အဖြစ် ခိုင်းစေမှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။

“စစ်သားတွေက ပြောတယ်၊ မင်းတို့ မနက်ဖြန်အထိ အသက်ရှင်နေသေးရင် ကံကောင်းလို့ပဲ တဲ့” ဟု မြန်မာ စစ်တပ်နှင့် အတူ ရှေ့တန်း စစ်မျက်နှာသို့ ပေါ်တာအဖြစ် လိုက်ပါခဲ့ရသူ အကျဉ်းသား ကိုထွန်းထွန်းအောင်က ပြောသည်။

မန္တလေးဇာတိဖြစ်သူ ကိုထွန်းထွန်းအောင်သည် တခြားသော အကျဉ်းသား ၂၉ ယောက်နှင့်အတူ မိတ္ထီလာ ထောင်မှ ၂၀၁၀ ဒီဇင်ဘာတွင် ပေါ်တာ အဖြစ် စစ်တပ်၏ ခေါ်ဆောင်မှုကို ခံခဲ့ရသူဖြစ်သည်။

ကရင်ပြည်နယ်သို့ ပေါ်တာအဖြစ် သူတို့အဖွဲ့ ရောက်သွားစဉ်တွင် ထိုဒေသတွင် အကျဉ်းသား ၁ ထောင်ခန့် ပေါ်တာ ဆွဲထားသည်ကို မြင်ခဲ့ရကြောင်း၊ စစ်တပ်အတွက် ဗုံးများ သယ်ဆောင်ရန် သူတို့ အုပ်စုကို နှစ်ဖွဲ့ ခွဲလိုက်ကြောင်း ကိုထွန်းထွန်းအောင်က ပြောသည်။

၁၉၄၈ ခုနှစ်ကတည်းက မြန်မာအစိုးရနှင့် ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်နေသည့် အန္တရာယ် များလှသော ယင်းဒေသ၌ တတောင်တက် တတောဝင် ထမ်းပိုး၍ သွားရသည့် ခရီးတွင် “ကျနော်တို့ကို အစားအစာ၊ သောက်ရေ လုံလုံလောက်လောက် မပေးပါဘူး” ဟု ကိုထွန်းထွန်းအောင်က ပြောသည်။

ကိုထွန်းထွန်းအောင်၏ အတွေ့အကြုံသည် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) နှင့် ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) တို့ မှတ်တမ်း တင်ထားသော အဖြစ်အပျက် ၅၈ ခုအနက်မှ တခုဖြစ်သည်။ ယင်းအဖွဲ့နှစ်ခုတို့ ပူးပေါင်း၍ “လမ်းလျှောက်နေရသည့် သေလူ - မြန်မာပြည်အရှေ့ပိုင်း စစ်မျက်နှာစာမှ အကျဉ်းသား ပေါ်တာများ” အမည်ရှိ အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ပြီး ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း (FCCT) ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည်။

ယင်းအစီရင်ခံစာကို ပေါ်တာဆွဲခံရရာပြီး ရှေ့တန်းစစ်မျက်နှာမှ လွတ်မြောက်လာသော အကျဉ်းသားများ၏ ထွက်ဆိုချက်များ ဖြစ်သည့် နှိပ်စက်ညှဉ်းပမ်း ခံရမှုများ၊ သတ်ဖြတ် ခံရမှုများကို အခြေခံ၍ ပြုစုထားသည်။

ယမန်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲ ကာလမှစတင်၍ အစိုးရတပ်နှင့် ကရင်၊ ရှမ်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြန်လည် အရှိန်မြင့်လာခဲ့သည်။ တိုက်ပွဲများ အဆက်မပြတ် ဖြစ်မှုနှင့်အတူ အကျဉ်းသားများကို ပေါ်တာ အဖြစ် အသုံးပြုမှုများလည်း တိုးမြင့်လာသည်။

အကျဉ်းသား ပေါ်တာများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တိုက်ပွဲဖြစ်ရာဒေသ မိုင်းဗုံးများထူထပ်သည့် နေရာများတွင် စစ်သားများ၏ ရှေ့မှ ကြို၍ သွားရကြောင်း၊ အကာအကွယ် အတားအဆီး မပါဘဲ အတင်း သွားခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

အကျဉ်းသားပေါ်တာတဦးဖြစ်သူ ကိုမောင်မြင့်က “စခန်းကို ကျနော်တို့ ရိက္ခာတွေ သယ်ပို့ပေးရတယ်။ ပေါ်တာ တယောက်က မိုင်းနင်းမိပြီး ခြေထောက် ပြတ်သွားတယ်။ စစ်သားတွေက သူ့ကို ဒီအတိုင်း ထားခဲ့တယ်။ သူက ကြောက်ရွံ့ ထိတ်လန့် နေပေမယ့် ဘယ်သူမှ မကူနိုင်ဘူးလေ။ စခန်းကနေ ပြန်ဆင်းလာတော့ အဲဒီ မိုင်းနင်းမိတဲ့လူ သေနေပြီ” ဟု အစီရင်ခံစာတွင် ပြန်ပြောပြ ထားသည်။

KHRG မှ သုတေသီ ကိုဖိုးရှမ်းက အကျဉ်းသားပေါ်တာများ ဤသို့ ပြုမှုခံရသည်မှာ ယခုမှ မဟုတ်ကြောင်း၊ ၁၉၉၂ ခုနှစ် ကတည်းက အစိုးရ တပ်များက တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် တိုက်ခိုက်သည့် ရှေ့တန်း စစ်မျက်နှာများတွင် အကျဉ်းသား ပေါ်တာများကို အသုံးပြုခဲ့ကြောင်း ပြောသည်။

အကျဉ်းသား ပေါ်တာများနှင့်အတူ ဒေသခံရွာသားများလည်း ပစ္စည်းများ ထမ်းပိုးရန် အဓမ္မ ခိုင်းစေ ခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးထောင်တွင် သေဒဏ်ကျခံထားရပြီး ၁၉၉၂ တွင် အကျဉ်းသား ပေါ်တာဖြစ်ခဲ့သည့် ကိုမြင့်အောင်က “ကျနော်တို့နဲ့ အတူ ပေါ်တာတွေ ဘယ်နှယောက်ရှိလဲ မသိဘူး၊ ဒါပေမယ့် ရွာသား ၄၀၀ လောက်ကိုတော့ အကျဉ်းသား ပေါ်တာတွေကို အခိုင်း ခံနေရတာ တွေ့ခဲ့ရတယ်” ဟု ပြောသည်။

ပေါ်တာ အယောက် ၃၀ ကျော် ၄၀ ခန့်ကို စစ်သားများက သတိလစ်သည်အထိ ရိုက်နှက်ပြီး ထိုအတိုင်း ပစ်ထား ခဲ့သည်ကို မြင်ဖူးကြောင်း၊ ယင်းတို့အားလုံး သေဆုံးနိုင်ကြောင်းလည်း ကိုမြင့်အောင်က ပြောသည်။

HRW မှ တာဝန်ရှိသူ Elaine Pearson က “မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှည်ဆုံး လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ နေရာပါ။ အကျဉ်းသား တွေကို ပေါ်တာအဖြစ် သုံးတာ၊ လူတွေကို မိုင်းရှင်း ကိရိယာ အဖြစ် သုံးတာတွေ ရှိနေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှု များနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုများ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေပါပဲ” ဟု ပြောသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့