..............................

Thursday, July 14, 2011

ရှမ်းတပ် ဗုံးကြဲတိုက်ခိုက်ခံရဟု SSA တောင်ပိုင်းပြော

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာအစိုးရတပ်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် တောင်ပိုင်း ပူးပေါင်း တပ်ဖွဲ့ ဝင်များအား ဗုဒ္ဓဟူးနေ့တွင် စစ်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

“ဝမ်ဆိုင်းတောင်မှာ စစ်အစိုးရတပ်တွေက ကျနော်တို့ SSA တပ်တွေက ဝိုင်းပြီး ပိတ်ဆို့ထားတဲ့ အတွက်ကြောင့် ဝေဟင်ကနေ MiG 26 လို့ ယူဆလို့တဲ့ လေယာဉ် ၂ စီးနဲ့ ကျနော်တို့ SSA တွေကို လာပြီးတော့ ဗုံး ၈၊ ၉ လုံးလောက် ကြဲသွားတယ်လို့ ရှေ့တန်း တပ်တွေက အဲဒီလို အစီရင် ခံထားပါတယ်” ဟု ဗိုလ်မှူးစိုင်းလောင်ဆိုင်းက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်း ဝမ်ကိုင်ဖရွာအနီးရှိ ဝမ်ဆိုင်းတောင်တွင် တပ်စွဲ ထားသည့် အစိုးရ တပ်များကို SSA ပူးပေါင်း တပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားစဉ် မွန်းလွဲ ၁ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းတပ်မှ တပ်သားနှစ်ဦး ဒဏ်ရာ ရသွားခဲ့ပြီး စစ်လေယာဉ် ၂ စင်းက တပြိုင်နက်တည်း ပျံဝဲကာ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူး လောင်ဆိုင်းကပြောသည်။

“တော်တော်လေး ပြင်းထန်ပါတယ်လို့ ပြောပါတယ်။ သစ်ပင်တွေကတော့ ပြိုလဲကုန်တယ်။ တပြိုင်တည်း ၂ စင်းလာတာ” ဟု သူက ဆိုသည်။

သို့သော် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ရှမ်းပြည်တပ်မတော်တွင် တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ မရှိတော့ဘဲ တပေါင်းတည်း ဖြစ်သွားပြီ ဖြစ်ကြောင်း ၂ဝ၁၁ မေ ၂၁ ရက်တွင် ပြုလုပ် ခဲ့သည့် ၅၃ နှစ်မြောက် ရှမ်းပြည် တော်လှန်ရေးနေ့ အထိမ်းအမှတ် ပွဲ၌ SSA-S ၏ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က မီဒီယာများကို ပြောဆိုခဲ့သည်။

သို့သော် ပူးပေါင်းလိုက်သော ရှမ်းပြည်တပ်မတော်၏ ခေါင်းဆောင်မှု ဖွဲ့စည်းပုံသစ်ကို မထုတ်ပြန်ခဲ့သလို အင်္ဂါနေ့က ပြုလုပ်သော မဇ္ဈိမနှင့် အင်တာဗျူးတွင် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပေါင်းစည်းရန် သဘောတူညီချက် ရရှိထားသော်လည်း ဆွေးနွေးမှု ဆက်လုပ် နေဆဲ ဖြစ်သည်ဟု ပြောသည်။

“မူအရတော့ ပေါင်းစည်းဖို့ သဘောတူညီချက်တွေ ရသွားပြီ။ ဘယ်ပုံဘယ်နည်းနဲ့ ပေါင်းစည်းကြမလည်း ဆိုတဲ့ ပေါင်းစည်းပုံ ပေါင်းစည်းနည်း ကို ဆက်လက် ဆွေးနွေး နေတုန်း ဖြစ်ပါတယ်။ သဘော တူညီချက်တွေ၊ အမြင်ချင်း တူညီတာတွေ သဘောထား တူညီတာတွေ ရထားပြီးပြီ။ လက်နက်ကိုင် တပ်တွေရော နိုင်ငံရေး အပိုင်းမှာလည်း သက်ဆိုင်တာကိုး။ နိုင်ငံရေး အပိုင်းမှာ ဘယ်လို စုပေါင်းကြမလည်း။ လက်နက်ကိုင် တပ်မှာ ဘယ်လို ပေါင်းစည်းကြ မလည်း။ နယ်မြေခွဲဝေမှုတွေ၊ လှုပ်ရှားဖို့ အတွက် ဘယ်လို သွားကြမလည်း ဆိုတဲ့ အသေးစိတ်တွေ ဆက်လက် ဆွေးနွေး နေတုန်းဖြစ်ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

ဇူလိုင် ၁၁ ရက်နေ့ကစ၍ ဖြစ်ပွားနေခဲ့သော SSA-N ဌာနချုပ်ရှိရာ ဝမ်ဟိုင်းအနီးရှိ ဝမ်လု တိုက်ပွဲတွင် ရှမ်းတပ်က ပြန်လည် အသာစီး ရချိန်တွင် အစိုးရတပ်က ဗုံးကြဲ တိုက်ခိုင်းခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲတွင် အစိုးရတပ်ဘက်မှ တပ်သားတဦးကို အရှင် ဖမ်းမိထားကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

ဝမ်ဟိုင်းဌာနချုပ်မှာ ရှမ်းပြည်နယ် မိုင်းရယ်နှင့် ချေးတီးမြို့ကြားတွင် တည်ရှိကာ ယခုတိုက်ပွဲ နေရာသည် ချေးတီးမြို့ အရှေ့မြောက်ဘက် မိုင် ၂ဝ ကျော်တွင် တည်ရှိသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် သတင်းများကို အနီးကပ် စောင့်ကြည့်တင်ပြနေသည့် ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ဗုံးကြဲ တိုက်ခိုက်မှုကို အတည် မပြုနိုင်သေးကြောင်းနှင့် လေယာဉ်များ လာရောက် ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောသည်။

“အတည်မပြုနိုင်သေးဘူး။ သိထားတာကတော့ ဗုံးကြဲတာက မကြဲသေးဘူး။ ဒါပေမဲ့ ဂျက် တိုက်လေယာဉ် ပဲလို့ ပြောတယ်။ တစီးပဲ၊ ၃ ခါ လာဝဲပြီးပြီတဲ့။ ၂ နာရီကျော်၊ ၃ နာရီကျော်၊ ၄ နာရီကျော်။ သုံးခါ လာဝဲပြီးပြီ” ဟု သူက ဆိုသည်။

အစိုးရတပ်ဘက်မှ အင်အားများ ဆက်လက်ဖြည့်တင်း နေသည်ဟု ဦးစိန်ကြည်က ဆက်ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့