..............................

Wednesday, July 13, 2011

အမတ်နှင့် ဥပဒေ

မျိုးသန့်
အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လွှတ်တော်အမတ်များ အနေဖြင့် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးနေသည့် ဥပဒေများနှင့် ပတ်သက်၍ မည်သည့် ဥပဒေကို ပယ်ဖျက်သင့်သည်၊ မည်သည့် ဥပဒေကို ပြင်ဆင်သင့်သည် စသည်များကို လွှတ်တော် ဆွေးနွေးပွဲများ အတွင်း တင်ပြနိုင်ရမှာ ဖြစ်သော်လည်း အမတ်များ ကိုယ်တိုင်က သိနားလည်မှု အားနည်း နေကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ဇွန်လအတွင်း တွေ့ဆုံမှုတွင် မြန်မာ နိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် ဥပဒေ ၄၀၀ ကျော်ရှိပြီး ထိုဥပဒေများမှ ပြန်လည် ပြင်ဆင်သင့်သည့် ဥပဒေများကို လေ့လာ ထားရန်လိုကြောင်းလည်း လွှတ်တော် အမတ်များကို ပြောခဲ့သည်။

သို့သော်လည်း လက်ရှိ ယခု သတင်းဆောင်းပါး ရေးသားချိန် အထိ အမတ်အများစုမှာ ဥပဒေနှင့် အလှမ်း ဝေးနေဆဲ ဖြစ်သည်။ အမတ်များဘက်မှ ခုခံ ပြောကြားကြသည်မှာ စာအုပ် စာတမ်းများ ရှားပါးမှုနှင့် မအားလပ်မှု များကြောင့်ဟု ဆိုကြသည်။

ဦးရွှေမန်းက ထိုဥပဒေ ၄၀၀ ကျော်ကို လွှတ်တော် အမတ်များ လေ့လာနိုင်ရန် စာအုပ် ထုတ်ပေးမည် ဖြစ်သော်လည်း ထိုအစီအစဉ်မှာ ဖြစ်မလာသေးဟု ပြည်သူ့ လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

“သူတို့ပေးတော့မှ ကိုယ်ကလည်း လေ့လာရမှာ သူတို့ ကိုယ်တိုင်ကလည်း အဲဒါတွေ ရှာဖွေ နေရတယ်ပေါ့နော် ကျနော်တို့က တချို့ ဟာတွေတော့ သိတယ် ဒါပေမယ့် အပြည့်အစုံ မသိဘူး သူကတော့ ပြောပါတယ် ကျနော်တို့ အချိန်မီ ပေးဖို့ ကြိုးစား နေသော်လည်း အခက်အခဲတွေ ရှိနေပါတယ်တဲ့ အဲဒါကြောင့် မပေးဖြစ်တာ ပြောပါတယ်” ဟု ပြည်သူ့ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက မိမိတာဝန်ယူထားသည့် ကော်မတီနှင့် သက်ဆိုင်သည့် အခွန် ဥပဒေကိုသာ လေ့လာထားသည်။ အခက်အခဲက “ ဥပဒေတွေကလည်း ပါလီမန်ခေတ်က ဟာတွေဆိုတော့ ရှာရတာ တော်တော် ခက်တယ်” ဟုလည်း ဆိုသည်။

အစိုးရ၏ ကတိကဝတ်များ စိစစ်ရေး ကော်မတီဝင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဒေါက်တာ အေးမောင်ကလည်း မတ်လ လွှတ်တော် ဆွေးနွေးပွဲများ အတွင်း ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၏ ပြောကြားချက် ကတိများကို စိစစ်နေဆဲ ဖြစ်ပြီး လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများ မရှိသေးဟု ဆိုသည်။

“ ကျနော်တို့က အစိုးရ ကတိကဝတ်တွေကို စိစစ်ရတဲ့ ကော်မတီဆိုတော့ ကျနော်တို့ ကတိကဝတ် တွေကိုပဲ ကျနော်တို့ အာရုံ စူးစိုက် နေရပါတယ်။ ဒါပေမယ့် ၅ ညတို့ ဘာတို့ ဖျက်သင့်တယ်လို့ လွှတ်တော်အမတ် တယောက်ယောက်က တင်လာရင်တော့ ကျနော်တို့ ဆန္ဒနဲ့ ကိုက်ညီရင် ကျနော်တို့ ထောက်ခံပေးရမှာပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF မှ လွှတ်တော်အမတ် ဦးစိုးဝင်းကလည်း လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ပတ်သက်၍ လေ့လာနိုင်မှု မရှိသေးကြောင်း သူက ဆိုသည်။

“ လောလောဆယ်မှာ အဲဒီဟာတွေကို ကျနော်တို့က မလုပ်နိုင်သေးဘူးဗျ ကြားဖြတ် (ရွေးကောက်ပွဲ) တို့ ပါတီ ကိစ္စတို့ အဲဒီဟာတွေပဲ လုပ်နေရတာ ရှိတယ် ”

သို့သော် NDF ခွဲထွက်တဦးဖြစ်သူ ရှေ့နေနှင့် လွှတ်တော်အမတ် ဦးသိန်းညွန့်က လွှတ်တော်အမတ် တဦးတွင် ဥပဒေပြုရေး တာဝန်ရှိပြီး ပြင်ဆင်သင့်သည့် ဥပဒေများကို လေ့လာ ရှာဖွေထားသင့်ကြောင်း တိုက်တွန်းသည်။

ဦးသိန်းညွန့်က ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေနှင့် ပြည်သူကို အကျိုးမပြုသည့် ဥပဒေများကို ပယ်ဖျက် သင့်ကြောင်းလည်း သုံးသပ်သည်။

“ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှုမှ ကာကွယ်သည့် ဥပဒေ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရေး ယူတဲ့ ဥပဒေ ရှိသလို ၁၉၅ဝ အရေးပေါ် စီမံမှု ဥပဒေ စတာတွေ၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေသည့် ဥပဒေ ၁၂၄ က တို့ ရှိနေတယ် အဲဒါတွေကို ပယ်ဖျက် ပြင်ဆင် ပြောင်းလဲရမှာပေါ့” ဟု သူက ဆိုသည်။

လွှတ်တော်အမတ်မှ ဥပဒေများ လေ့လာနိုင်ရန် ရှေ့နေချုပ်ရုံး၊ တရားရုံးချုပ်တို့မှလည်း အကူအညီ ပေးသင့်ကြောင်း ဦးသိန်းညွန့်က ယူဆသည်ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက စုံစမ်းခဲ့သည့် လွှတ်တော် အမတ်အများစုက ပြောနိုင်သည်မှာ ပြည်သူလူထုမှ တင်ပြလာသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြဿနာများ၊ လျှပ်စစ်မီးကိစ္စ စသည့် လူထု၏ အခြေခံ ပြဿနာများကို လာမည့် လွှတ်တော်များ အတွင်း တင်ပြ ဆွေးနွေးနိုင်ရန် လေ့လာ မှတ်တမ်း ယူနေကြပါသည် ဆိုခြင်းသာ ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့