..............................

Tuesday, July 12, 2011

အငြိမ့် ပြက်လုံးများ စင်မတင်ခင် အစစ်ခံရမည်

ဖနိဒါ
တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မည်သည့် ပြဇာတ်နှင့် အငြိမ့်မဆို စင်တင်ကပြဖျော်ဖြေရက် မတိုင်ခင် ၃ ရက်အလို၌ ပြက်လုံးများနှင့် ဝတ်စား ဆင်ယဉ်မှုများအား ဝတ်စုံပြည့် အစစ်ဆေး ခံရမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောသည်။

အစိုးရဝန်ကြီးဌာနနှင့် အသင်းအဖွဲ့ အထိမ်းအမှတ် ဖျော်ဖြေပွဲများ သာမက ပြဇာတ်၊ အငြိမ့်နှင့် ပဒေသာ ကပွဲများ အားလုံး ပါဝင်ပြီး၊ ကပွဲများကို ဗီဒီယို ပြန်ထုတ်ပါက ဆင်ဆာအဖွဲ့ လက်မခံနိုင်သော ပြက်လုံးများ မပါနိုင်ရန် ကြိုတင် စိစစ်ခြင်း ဖြစ်သည်။

“ကျနော်တို့က ၃ ရက်၊ ၄ ရက် ကြိုကြည့်မယ်။ ပြင်သင့်တာတွေ ကျနော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ်တာပါပဲ။ ဆိုင်းငံ့တာ မရှိဘူး။ အစမ်းကပြတဲ့အခါ အဝတ်အစားတွေ ကြည့်တယ်၊ သူတို့ ပြောတဲ့ ပြက်လုံးတွေပါ ကြည့်တယ်။ အောက်လုံးတွေ ပါရင် လက်မခံနိုင်ဘူးလေ။ ဒီကြားထဲ ဆင်ဆာ တင်လာတော့မှ ပိတ်လိုက်တယ်ဆိုရင် နစ်နာသွားမှာ စိုးလို့ ထုတ်တာပါ” ဟု ဦးမြင့်သိန်းဖေက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “တချို့ မောင်နဲ့ နှမ၊ သားနဲ့ အမိ နားထောင်လို့ မရတဲ့ ပြက်လုံးတွေ ပါလာတယ်။ အငြိမ့်တို့က လေထဲမှာတင် ပျောက်သွား တယ်လေ။ ဗီဒီယိုဆိုရင် အရုပ်တွေ၊ အသံတွေ တောက်လျှောက် ရှိနေမှာလေ။ မြန်မာ့ ယဉ်ကျေးမှု အတွက်ပါပဲ” ဟု ပြောသည်။ ယခင်က သက်ဆိုင်ရာ ဆင်ဆာ အဖွဲ့ရှေ့တွင် ကပြသည့် အခါ မည်သည့် ငြိစွန်းသည့် စကားလုံး အသုံးအနှုန်းမှ မပါသော်လည်း လက်တွေ့ ကပြသည့်အခါ အဝတ်အစားက အစ လွဲမှားကာ၊ ပြက်လုံးများလည်း ကြမ်းတမ်း လာသဖြင့် ကန့်သတ်ရသည်ဟု ဆိုသည်။

ညွှန်ကြားချက်အတိုင်း မလိုက်နာသောကြောင့် ယခင်က ဆင်ဆာထိခဲ့သဖြင့် မြောက်မြားစွာ နစ်နာခဲ့မှုများ ရှိသည်ဟုလည်း သူက ပြောသည်။

မြန်မာ့ဇာတ်သဘင်နှင့် ပတ်သက်၍ စိစစ်မှုတွင် အဓိကအားဖြင့် ရုပ်ရှင်အစည်းအရုံး သာမက သဘင်၊ ဂီတ၊ စာပေ စသည့် အစည်းအရုံးမှ သက်ဆိုင်ရာ လူကြီးများ ပါဝင် စိစစ်လေ့ရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဒုဥက္ကဋ္ဌ စာရေးဆရာ ချစ်ဦးညို အဆိုအရ သိရသည်။

စစ်ဆေးခံယူမှု မရှိဘဲ ဗီဒီယိုအဖြစ် ရိုက်ကူးထုတ်လုပ်ပြီးနောက် ဆင်ဆာသို့ တင်ပြလာသည့် အခါ ညစ်ညမ်းသော အဓိပ္ပာယ် နှစ်ခွဖြစ်သော စကားလုံးများနှင့် ဌာန ဆိုင်ရာများကို ဝေဖန် ပုတ်ခတ်ခြင်းများ အပြင် မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီသော အမြင် မသင့်တော်သည့် ဝတ်စားဆင်ယင် ရိုက်ကူးမှုများ တွေ့ရှိရသည်ကို ရုပ်ရှင် အစည်းအရုံး ထုတ်ပြန်ချက် အရ သိရကြောင်း ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်နေ့အတွက် ထုတ်ဝေသော The Voice ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြဇာတ်များတွင် ပါဝင်သော သရုပ်ဆောင်များမှာ ကြိုတင်စစ်ဆေးရာ၌ ဝတ်စုံပြည့် မဝတ်ခြင်း၊ အမျိုးသား ဝတ်စုံ အချို့မှာ အမျိုးသမီး သဏ္ဍာန်ကဲ့သို့ ဝတ်ဆင်ရာ အမြင် မသင့်တော်သဖြင့် ဝတ်စုံများ၊ အမူအရာနှင့် အောက်ပိုင်း ပြက်လုံးများ ပြောဆိုခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထိုဂျာနယ်တွင် ဖော်ပြထားသည်။

ယခင်က ဇာတ်သဘင်သမားများသည် ခေါင်းပေါင်းအဖြူ၊ အင်္ကျီအဖြူ၊ ပုဆိုးအဖြူရောင်များသာ ဝတ်ဆင်ခဲ့ သော်လည်း ယခုခေတ် မင်းသားများ ဝတ်ဆင်နေသော ခေါင်းပေါင်း၊ အင်္ကျီ၊ ပုဆိုးတို့မှာ ပန်းရောင် ဝတ်ဆင်နေမှု များကို အာဏာပိုင်များက မပြုပြင်ဘဲ သူတို့ ရှေ့မှောက်၌ ပွဲမကမီ ကပြရမည် ဆိုခြင်း အပေါ် လက်မခံနိုင်ကြောင်း မန္တလေးမြို့ရှိ လူရွှင်တော် ဦးပါပါလေးက ပြောသည်။

“လက်မခံဘူး။ ကလေးပုခက်တင်တဲ့ ပွဲလုပ်မယ်။ ဒီကလေး ကင်ပွန်းတပ်တာကို သူတို့ ပွဲမရောက်သေးဘဲနဲ့ ကပြရမယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ တခြားဆီပဲ။ ကဲ … လက်ထက်တဲ့ မင်္ဂလာပွဲ လက်မထပ်ခင်ကို တဘက်ခါမှ လုပ်မယ့် ပွဲကို ယနေ့လို လက်ထပ်တဲ့ အကြောင်းကို ကပြရမှာလား။ ဒါတွေကို ဆင်ဆာဖြတ်မယ် ဆိုတော့ ကမယ့် ဇာတ်လမ်းက ဘာကို ပြရမှန်းလည်း မသိဘဲနဲ့၊ သူတို့ရှေ့ ကပြရမယ် ဆိုတော့ လက်မခံဘူး” ဟု သူက ဆိုသည်။

အနည်းဆုံး ၃ ရက်ကြိုကာ ဆက်တင်၊ မီး၊ ဝတ်စုံ အပြည့်ဖြင့် အစမ်းကပြပြီးနောက် ပွဲမိန့် ပြန်စောင့်ဆိုင်း နေရသဖြင့် ပွဲတပွဲ ဖြစ်မြောက်ရန် အတွက် ၂ ကြိမ် ကျင်းပရသလို ဖြစ်နေသဖြင့် အနည်းဆုံး အချိန် ကြံ့ကြာသည့် အခက်အခဲ ကြုံတွေ့ရသည်ဟု ဒါရိုက်တာ မောင်သီက ပြောသည်။

“အစမ်း ကရက်နဲ့ ကမယ့်ရက်က တအားကွာသွားတဲ့ အခါကျတော့ သရုပ်ဆောင်တွေနဲ့ ပြဇာတ်မှာပါတဲ့ လူတွေကို အစမ်း လုပ်ရတာက နှစ်ခါ တိုက်နေရတာပေါ့။ သရုပ်ဆောင်တွေက သူ့အလုပ်နဲ့ သူရှိနေတော့ ဆင်ဆာ ပြပြီးတာနဲ့ ကခါနီးကျမှ ပြန်ကရတော့ မေ့ကုန် ကြတယ်လေ။ ၂ ခါကပြနေရ သလိုဖြစ်နေတယ်၊ အရင်ကလို မယုံကြည်ရဘူး ဆိုရင် ပါမစ်မချပေးနဲ့ ဒီလိုဆို ရှင်းသွားပြီလေ။ အလုပ်တွေ ပိုရှုပ်သွားတာပဲ အဖတ်တင်တယ်။ တကယ်လုပ်တဲ့ လူတွေကျတော့ ထိခိုက်သွားတာပေါ့။ ဒုက္ခရောက်တာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေး ထိခိုက်သည့် စကားလုံးများ၊ အောက်လုံး ညစ်ညမ်းသည့် စကားလုံးများကို ပုံမှန်အားဖြင့် ဖြုတ်ပေး လိုက်ရပြီး အလုပ် များလာခြင်း၊ အချိန်၊ ငွေကြေးနှင့် လုပ်အားများ ပိုမိုများလာခြင်း စသည့် အခက်အခဲ များနှင့် ရင်ဆိုင်ရသည်ဟု ပြောသည်။

ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးခဲ့သော သရုပ်ဆောင် နေတိုး၊ ရဲလေး၊ ထွန်းထွန်းတို့ ပါဝင် သရုပ်ဆောင်ခဲ့သော “နှင်းဆီသခင်” ဆိုသည့် ပြဇတ်ကပြီးနောက်ပိုင်း ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သူကဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့