..............................

Monday, July 11, 2011

မြန်မာစစ်တပ်နှင့် SSA နောက်ဆက်တွဲ တိုက်ပွဲကြောင့် ကိုးဦး သေဆုံး

2011-07-10

ရှမ်းပြည်တောင်ပိုင်း တောင်ကြီး- လွိုင်လင်ကားလမ်းပေါ်ရှိ ခေါင်နွဲ့ရွာ အနီးမှာ ဇူလိုင်လ ၉ ရက်နေ့ မနက် ၇ နာရီ ခွဲလောက်က ယာဉ်တန်း တတန်းကို ဆက်ကြေး တောင်းခံနေတဲ့ SSA တပ်ဖွဲ့နဲ့ မိုင်းပွန် အခြေစိုက် ခမရ (၅၁၃) တပ်ဖွဲ့တဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သတင်း ရရှိပါတယ်။

မျက်မြင်သက်သေ ဒေသခံတွေရဲ့ ပြောကြားချက်အရ လွိုင်လင်ကနေ ၆ မိုင်ခန့်အကွာ ခေါင်နွဲ့ရွာမှာ SSA တပ်ဖွဲ့ဝင် တချို့က ကားတွေကို ရပ်ခိုင်းပြီး ဆက်ကြေး ကောက်ခံနေချိန်မှာ တောင်ကြီး တောင်လေးလုံး ရဲဘက်စခန်းကို ထောင်ကျ တရားခံ ၂ ဦး သွားပို့တဲ့ ရဲလုံခြုံရေးကား ရောက်ရှိသွားပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ပင်လုံ ရဲစခန်းမှူး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ယာဉ်မောင်း တဦးနဲ့ တရားခံ ၂ ဦး၊ ခြောက်ဦးစလုံး သေဆုံးပြီး ကားကိုလည်း မီးရှို့လိုက်တယ်လို့ သိရပါတယ်။

သေနတ်သံကြောင့် အဲ့ဒီဒေသကို ခရီးထွက်လာတဲ့ ခမရ (၅၁၃) တပ်ရင်းမှူးနဲ့ အဖွဲ့ ရောက်ရှိ လာရာမှာ ဆက်လက် တိုက်ပွဲ ဖြစ်ပွားပြီးနောက် SSA ဘက်က ၃ ယောက် ကျဆုံးပြီး မြန်မာ စစ်တပ်ဘက်က တပ်ရင်းမှူး ဒဏ်ရာ ရရှိသွားတဲ့ အတွက် ခွဲစိတ် ကုသ နေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ တနေ့တည်းမှာပဲ မိုင်းရှူးမြို့နယ်က ရဲစခန်းတခုရှေ့မှာ ဗုံးတလုံး ပေါက်ကွဲတဲ့အပြင် မပေါက်ကွဲ သေးတဲ့ ဗုံးတလုံး ကိုလည်း တွေ့ရှိခဲ့ရ တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူသူ ထိခိုက်မှု ရှိမရှိ ကိုတော့ မသိရသေးပါဘူး။

Ref: RFA News

0 comments:

အပေါ်သို့