..............................

Thursday, May 12, 2011

မြန်မာ့စီးပွားရေး ၅.၈ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ဟု UNESCAP ခန့်မှန်း

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ မေလ ၁၁ ရက် ၂၀၁၁

နယူးဒေလီ ။ ။ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း GDP သည် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ၅.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး လာမယ့်နှစ်တွင် ၅.၈ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ကြောင်း ကုလသမဂ္ဂ အာရှ-ပစိဖိတ် ဒေသရေးရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် - UNESCAP က ခန့်မှန်းထားသည်။

မေလ ၅ ရက်နေ့က ထုတ်ပြန်သည့် UNESCAP ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ထုတ်ပြန်ချက် စစ်တမ်းတွင် မြန်မာနိုင်ငံ၌ ၂ဝဝ၈-၂ဝဝ၉ အတွင်း ကမ္ဘာ့ စီးပွားရေးပျက်ကပ် အရှိန်ကြောင့် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၄.၉ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် စွမ်းအင် ကဏ္ဍ၌ ရင်းနှီး မြှုပ်နှံမှု ပိုလာခြင်းကြောင့် စီးပွားရေး တိုးတက်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်တမ်းမှာ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရရှိသည့် အချက်အလက်များကို အခြေခံထားပြီး ဖြစ်သည်။

အစီရင်ခံစာအရ ၂ဝ၁ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူများမှာ အာရှ ဒေသ တွင်းမှ ဖြစ်ကြပြီး ၂ဝ၁ဝ ခုနှစ် ပထမ ၁ဝလပိုင်း ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလျံထိ ရှိကြောင်း သိရသည်။ ယင်းပြင် ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင်လည်း ရင်းနှီး မြှုပ်နှံမှုများ ရှိသည်။

၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်နိုင်ငံတခုတည်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သတ္ထုတွင်း လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှုံမှုပမာဏ အမေရိကန်ဒေါ်လာ ၇.၇၅၄ ဘီလျံရှိခဲ့ပြီး ကိုရီးယား၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံများ၏ ရင်းနှီး မြှုပ်နှံမှုနှင့်ပါ ဆိုလျှင် ၁၈.၃၇၅ ဘီလျံအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် သုတေသန အရာရှိ ပြောကြားချက်ကို ကိုးကား၍ Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ယခုထုတ်ပြန်သည့် UNESCAP ၏ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှုနှုန်းမှာ အစစ်အမှန် စီးပွားရေး တိုးတက်နှုန်း Real GDP ဟု ဖော်ပြ ထားသော်လည်း အမည်ခံ စီးပွားရေး တိုးတက်မှုနှုန်း - Nominal GDP သာဖြစ်နိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်သည်။ အမေရိကန်နိုင်ငံ ဗဟို ထောက်လှမ်းရေးအဖွဲ့ - CIA ၏ အင်တာနက် စာမျက်နှာတွင်မူ အစစ်အမှန် GDP မှာ ၃.၁ ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြထားသည်။

“Nominal ဆိုတာက အခုလက်ရှိ ငွေတန်ဖိုး အတိုင်း တွက်ထားတဲ့ GDP ပေါ့ဗျာ။ အဲဒါကို Nominal GDP လို့ ခေါ်တာ။ အဲဒါမှ မဟုတ်ဘဲနဲ့ Real GDP လို့ ခေါ်တာ ရှိသေးတယ်။ Real GDP ဆိုတဲ့သဘောက အဲဒီ့ဥစ္စာကို ငွေကြေး ဖောင်းပွမှုနဲ့ ပြန်ပြီးတော့ စားလိုက် တယ်ပေါ့ဗျာ။ ပြန်စား လိုက်လို့ရှိရင် ခုနကဟာထက်ကို နိမ့်သွားတယ်။ ဒါပေမဲ့ သူက တကယ့် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှု အစစ် သဘောမျိုး ပြတဲ့ သဘောမျိုးပေါ့” ဟု ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁ဝ ခုနှစ်အတွင်း ၇.၃ ရာခိုင်နှုန်းအထိရှိခဲ့ပြီး စားသောက်ကုန် ဈေးနှုန်း မြင့်တက်ခြင်း ကလည်း အကြောင်းရင်း တရပ်ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ CIA ကမူ ငွေဖောင်းပွမှု ၉.၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာအပါအဝင် အာရှ-ပစိဖိတ်ဒေသ နိုင်ငံများအတွက် လာမယ့်နှစ်အတွင်း စီးပွားရေး တိုးတက်မှုကို ထိခိုက်နိုင်မည့် အန္တရာယ် အဖြစ် စားနပ်ရိက္ခာ ကုန်ပစ္စည်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုများ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သို့သော် မြန်မာနိုင်ငံအတွက်မူ စိုးရိမ်ချက်မှုမှာ အန္တရာယ်ပေးနိုင်မည် မဟုတ်ကြောင်း ရန်ကုန်မြို့ရှိ ဘောဂဗေဒ ပညာရှင် ဦးခင်မောင်ညိုက ပြောသည်။

“စားနပ်ရိက္ခာတွေက ဆရာတို့ဆီမှာ ထုတ်လုပ်နေတာလေ။ အဲဒီ့က သွင်းရတာမဟုတ်ဘူး။ သွင်းရတာ မဟုတ်တော့ ထူးထူး ခြားခြား ဆရာတို့ ထိခိုက်မယ် မယူဆဘူး။ ရေနံကလည်း ကိုယ်က ရောင်းတာလည်း ရှိတယ်။ ကိုယ်က ဝယ်တာလည်း ရှိတယ်ပေါ့။ ဆိုတော့ ဒီနှစ်ခုကို ချေလိုက်မယ် ဆိုရင်ကတော့ တကယ်လို့ ဈေးတက်ရင် ကိုယ်ရောင်းရတဲ့ ဟာလည်း ဈေးတက်နိုင်တယ်။ ဒီတော့ ဒီဟာကြောင့်မို့ ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေ၊ ငွေဖောင်းပွမှုတွေ ရှိလိမ့်မယ်လို့ ဆရာကတော့ မယူဆဘူး” ဟု ဦးခင်မောင်ညိုက ပြောသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို တွက်ချက်ရာတွင် ဧပြီလ ၁ ရက်နေ့မှ စတင်၍ မတ်လ ၃၁ ရက်နေ့တွင် အထိဖြစ်သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့