..............................

Monday, May 9, 2011

CDMA 450 နှင့် 800 MHz ဖုန်းချပေးမှု အကန့်အသတ်မရှိ ရပ်ဆိုင်း

ဆက်လင်း
Saturday, 07 May 2011

အစိုးရနှင့် နီးစပ်သူ ဦးတေဇပိုင် ထူးထရေးဒင်းကုမ္ပဏီ လုပ်ငန်းခွဲတခုဖြစ်သည့် Elite ကုမ္ပဏီက ရောင်းချ ပေးနေသည့် CDMA 800 နှင့် 450 MHz ဖုန်းများ ချထားပေးမှုကို ရက် အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း မိုဘိုင်းဖုန်း လျှောက်ထားသည့် ၀န်ဆောင်မှု လုပ်ကိုင်နေသော ဖုန်းဆိုင်များမှ သိရသည်။

CDMA 450 MHz ဖုန်းများ ချထားပေးမှုကို ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ကတည်းက ရပ်နား ထား ခဲ့ပြီး CDMA 800 MHz ဖုန်းများ ချထားပေးမှုကို ယမန်နေ့မှစ၍ ရပ်နားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိ တဦးက အတည်ပြု ပြောကြားသည်။

အဆိုပါ အကြီးတန်းအရာရှိက “လိုင်းတွေအရမ်းကြပ်သွားမှာစိုးလို့ ခဏရပ်လိုက်တာပါ။ တာဝါတိုင် အသစ်တွေ ထပ်ထောင်ပြီးရင် ပြန်ချပေးသွားမှာပါ” ဟု ဆက်ပြောသည်။

CDMA 450 MHz ဖုန်းများမှာ ချထားပေးမှု ရပ်ဆိုင်းလိုက်သည့်နေမှစ၍ ဈေးတက်သွားခဲ့ပြီး ယခင်က ပြင်ပ ပေါက်ဈေး ငါးသိန်းခွဲ ခန့်သာ ရှိရာမှ ခြောက်သိန်းခန့် အထိ မြင့်တက် သွားခဲ့သည်။

“လူကြီးလက်မှတ်နဲ့လာတဲ့ ဖုန်းလျှောက်လွှာတွေကိုတော့ တလုံးစနှစ်လုံးစ ဆက်ချပေးနေပါတယ်။ အရင်လို တနေ့ တရာနှစ်ရာ လာလျှောက် သလောက် ချပေးတာတော့ မလုပ်တော့ဘူး” ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း တယ်လီဖုန်း လျှောက်ထားမှု လျှောက်လွှာ လက်ခံဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

တယ်လီဖုန်းလျှောက်ထားမှုဝန်ဆောင်မှုဆောင် ရွက်ပေးနေသည့်အရောင်းဆိုင် တစ်ဆိုင်က “800 MHz ဖုန်းကလည်း ချထား ပေးစရာ အလုံး တသောင်းလောက်ပဲ ကျန်တော့တယ်။ ဒါ မကုန်မချင်းတော့ နည်းနည်းချင်း ထပ်ချ ပေးသွားမယ် ထင်တယ်” ဟု ဆိုသည်။

Mr. Fone အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက “450 MHz ဖုန်း တွေကတော့ ရပ်သွားတာ ဆယ်ရက်လောက် ရှိပြီဆိုတော့ ငါးသောင်းလောက် ဈေးတက် သွားတယ်။ 800 MHz တွေလည်း မချပေးတာ အခုမှဆိုတော့ ဈေး တက်မတက်တော့ မသိဘူး။ ဒါပေမယ့် ဒီဖုန်းတွေက တဆင့် ပြန်ဝယ်ရင် အခု လေးသိန်းခွဲ လောက်ပဲ ဈေးပေါက်တော့တာ ဆိုတော့ အများကြီးတော့ မတက် လောက်ပါဘူး” ဟု ရှင်းပြသည်။

ပြည်ထောင်စု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းထွန်းက မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း ဆက်သွယ်ရေးလိုင်း အင်အားကို သန်း ၃၀ အထိ တိုးချဲ့သွားမည်ဟု ယခင်လက ကျင်းပသည့် ၁/၂၀၁၁ အထူး စီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ် ငန်းရှင်တဦးက “ဦးသိန်းစိန်က လက်ရှိ သူဌေးကြီး (Tycoon) တွေကို တယောက်မှ ကြည့်မရဘူး။ အခု Elite က ချပေးတဲ့ဖုန်းတွေကို ရပ်လိုက်တာလည်း ဆက်သွယ်ရေးလုပ်ငန်း အားလုံးကို ဦးတေဇ တယောက်တည်းက ချုပ်ထားတာ မဖြစ်စေချင်ဘူး ထင်တယ်။ ဆက်သွယ်ရေးဝန်ကြီး ပြောသွားတဲ့ သန်း ၃၀ ကလည်း GSM စနစ်နဲ့ ဖုန်းတွေပဲ ဖြစ်ဖို့များတယ်။ ဦးတေဇကို လုပ်ပိုင်ခွင့်တွေ ထပ်ပေးတော့မယ့်ပုံ မရှိတော့ဘူး” ဟု သုံးသပ်သည်။

ဇန်န၀ါရီလ ၁၈ ရက်နေ့မှစ၍ ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများကို အင်တာနက် အသုံးပြုခွင့် တရားဝင် ပေးခဲ့သော်လည်း အင်တာနက်လိုင်း နှေးကွေးခြင်း၊ ပြတ်တောက်ခြင်း၊ SIM ကတ်များ ပျက်စီးခြင်းတို့ကြောင့် သုံးစွဲသူများ အခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။

CDMA 800 MHz ဖုန်းများကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် စတင်ချထားပေးခဲ့ပြီး CDMA 450 MHz ဖုန်းများကို ၂၀၁၀ သြဂုတ်လတွင် စတင် ချထားပေးခဲ့သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့