..............................

Thursday, May 12, 2011

မြန်မာနိုင်ငံတွင်း နိုင်ငံခြားသား တရားမဝင် နေထိုင်မှုရှိ

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ မေလ ၁၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းအောက်ရှိ ကုမ္ပဏီများနှင့် ဟိုတယ်များ၌ လုပ်ကိုင်သော နိုင်ငံခြားသား အချို့ အလုပ် ထွက်သည့်အခါ ဗီဇာရက်လွန် နေထိုင်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။

လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသား ကျွမ်းကျင်ဝန်ထမ်းများ အလုပ်ထွက်သွားလျှင် ရန်ကုန်တိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနသို့ သတင်းပေးပို့ရန် မေလ ၄ ရက်နေ့ ရက်စွဲတပ် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန၏ ခရီးသွား လုပ်ငန်းရှင်များသို့ ပေးပို့သော ညွှန်ကြားချက်တွင် ပါရှိသည်။

တရားမဝင် နေထိုင်သော နိုင်ငံခြားသား အရေအတွက်ကို ပြောကြားရန် ဦးဌေးအောင်က ငြင်းဆိုသော်လည်း “တိုးရစ်တွေက ဒီလို နေတာပြုတာတွေက၊ အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် ဖြစ်လာတတ်တဲ့ အတွက် ဒါကို သတိထားဖို့ပေါ့” ဟု မဇ္ဈိမကို ပြောသည်။

လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသားကိုခန့်အပ်လိုလျင် (သို့မဟုတ်) ဗီဇာသက်တမ်းတိုးမြှင့်လျှင် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနသို့ တင်ပြရပြီး၊ ဒုဝန်ကြီး ကိုယ်တိုင် စိစစ်သည်။

သက်တမ်းတိုးမြှင့်ရာ၌လည်း နိုင်ငံခြားသားအနေဖြင့် ဝင်ငွေခွန် ထမ်းဆောင်မှု ရှိ/မရှိ ကိုပါ စစ်ဆေးလေ့ ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဝန်ကြီးဌာနအဆိုအရ နိုင်ငံခြားသားများသည် အလုပ်မှထွက်သည့်အခါ ဗီဇာသက်တမ်း မတိုးတော့ဘဲ ရက်လွန် နေထိုင်လေ့ ရှိကြသည်ဟု ဆိုသည်။

အလုပ်ရှင်များက နိုင်ငံခြားသား ဌားရမ်း အသုံးပြုမှု မှတ်တမ်းများ ပြည့်စုံမှန်ကန်စွာ ထိန်းသိမ်း ဆောင်ရွက် ပေးရန်လည်း ညွှန်ကြားချက်တွင် ပါရှိသည်။

အလားတူ သဘာဝ နယ်မြေများအတွင်း ပြည်တွင်းပြည်ပ ခရီးသည်များ ဝင်ရောက်လည်ပတ်ခွင့် ရရန် သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း ကော်မတီသို့ ခွင့်ပြုချက် တောင်းခံသွားရန်လည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် နေပြည်တော်ရှိ သစ်တော ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ရုံးက ညွန်ကြားချက် ထုတ်ပြန်ခဲ့သေးသည်။

ခရီးသွားဧည့်သည်များ လေ့လာကြည့်ရှုခွင့် ပြုထားသည့် ဥယျာဉ်/ဘေးမဲ့တောများနှင့် ဆင်စခန်းများသို့ သွားရောက် ကြည့်ရှုခွင့်၊ လေ့လာခွင့်၊ အပန်းဖြေခွင့်တို့ကို ယခင်က ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ဆက်သွယ်ရေးရုံး ထားရှိ ခဲ့သော်လည်း ယခုအခါ သစ်တောရေးရာ ဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းရသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့