..............................

Tuesday, May 10, 2011

ဦးသိန်းညွန့်အမှု တိုင်းကော်မရှင်ထံ NDF အပြီးတင်

သဲသဲ
တနင်္လာနေ့၊ မေလ ၀၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF မှ လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ထုတ်ပယ် ခဲ့သည့် အထောက် အထားများအား ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးထံ အင်္ဂါနေ့တွင် အပြီး တင်သွင်းခဲ့ကြောင်း NDF က ပြောသည်။

ပါတီတွင်း စည်းကမ်းမလိုက်နာ၍ ထုတ်ပယ်ခဲ့သည်ဟုဆိုသော သင်္ဃန်းကျွန်း လွှတ်တော် အမတ် ဦးသိန်းညွန့်နှင့် NDF ပါတီအကြား အပြန်အလှန် တိုင်ကြားမှုများ အပေါ် တိုင်းကော်မရှင်က စစ်ဆေးလျက်ရှိရာ ပါတီဘက်က အထောက်အထား အားလုံးကို ယနေ့ နောက်ဆုံး တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အထုတ်ပယ်ခံ ဦးသိန်းညွန့်က NDF ၏ ပါတီအမည်နှင့် တံဆိပ်ကို အသုံးပြုနေသဖြင့် ကော်မရှင်ထံ ဖြေရှင်းပေးရန် NDF က ကော်မရှင်ထံ တောင်းဆိုခဲ့ရာမှ ယခုလို တင်သွင်းရကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

“ပါတီမှတ်ပုံတင် ဥပဒေမှာ တံဆိပ်တခုကို ပါတီ ၂ ခု ခွဲသုံးလို့ မရဘူးလေ။ ဒီလိုဖြစ်လာတဲ့ အခါ ပြည်သူလူထု အကြား ဝေဝါးမှာစိုးလို့ ကော်မရှင်ကို ရှင်းပေးဖို့ လျှောက်ထားတော့ ဦးသိန်းညွန့်ကို ထုတ်ပယ်ကြောင်း အထောက်အထားတွေ တင်ခိုင်းတာပါ” ဟု သူက ဆိုသည်။

မေလ ၉ ရက်နေ့ နောက်ဆုံးထား တင်သွင်းခဲ့သည်များအား တိုင်းကော်မရှင်က ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်သည့် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်လက် တင်ပြကာ အဆုံးအဖြတ် ခံယူမည်ဖြစ်သည်။

တိုင်းကော်မရှင်က ယခင်တပတ်မှစပြီး NDF တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးနေကာ၊ ဦးသိန်းညွန့်ထံ NDF တိုင်ကြားမှု မိတ္တူ ပေးပို့ခဲ့သော်လည်း ခေါ်ယူစစ်ဆေးမှု မရှိသေးပေ။

သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ပါတီတွင်းနှင့် ပါတီဘဏ္ဍာရေး ကိစ္စများကို မီဒီယာများသို့ တာဝန်မဲ့ ပြောဆိုသည်ဟူသော စွပ်စွဲချက်များဖြင့် ပါတီ ဒုခေါင်းဆောင်အဖြစ်မှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ထုတ်ပယ်ခြင်းမှာ ဥပဒေနှင့်မညီသဖြင့် လက်မခံနိုင်ကြောင်းနှင့် ကော်မရှင်၏ အဆုံးအဖြတ် လိုလားကြောင်း ဦးသိန်းညွန့်ဘ က်က ၂ဝ၁ဝ နိုဝင်ဘာ ၂၄ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ပြန်သည်။

ပါတီတွင်း ဘဏ္ဍာရေး မရှင်းလင်းမှု ကိစ္စများကြောင့် သဘောထားကွဲလွဲပြီး ခွဲထွက်ခဲ့သည်ဟုဆိုသော သင်္ကန်းကျွန်း အခြေစိုက် လှုပ်ရှားသည့် NDF တွင်မူ ဦးသိန်းညွန့် အပါအဝင် လွှတ်တော်အမတ် ၅ ဦးက ဦးဆောင်နေပြီး၊ ပါတီဝင် အင်အား ၂ဝဝ ကျော် ရှိသည်ဟု ၎င်းတို့အဆိုအရ သိရသည်။

“တကယ်လို့ ဦးသိန်းညွန့်ကို ပါတီကနေ ထုတ်ပယ်တာကို ကော်မရှင်က လက်ခံတယ်ဆိုရင် တသီးပုဂ္ဂလ ဖြစ်သွားပြီ။ တသီးပုဂ္ဂ ဖြစ်သွားတယ် ဆိုရင် ကျနော်တို့ ၃ ဦးကလည်း NDF ကနေ ထွက်လိုက်မှာပါ။… ကျနော်တို့လည်း တသီးပုဂ္ဂပဲ ဖြစ်သွားနိုင်တယ်” ဟု သင်္ကန်းကျွန်း မဲဆန္ဒနယ် အမှတ် ၁ မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က မဇ္ဈိမကို ပြောသည်။

ဦးသိန်းညွန့်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဗဟိုနှင့် အဆက်အသွယ် ပြတ်ခဲ့သည့် လွှတ်တော်အမတ်များ ဖြစ်သော ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသား လွှတ်တော်အမတ် ဦးဘုန်းမြင့်အောင်၊ သင်္ကန်းကျွန်း ၁ မှ ရန်ကုန်တိုင်းအမတ် ဦးကျော်၊ သင်္ကန်းကျွန်း ၃ မှ ဒေါ်စန်းစန်းမြင့်နှင့် သင်္ကန်းကျွန်း NDF ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ လသာ ပြည်သူ့ လွှတ်တော်အမတ် ဦးကြည်မြင့်တို့လည်း သင်္ကန်းကျွန်း ဦးဆောင်မှု အဖွဲ့တွင် ပါဝင်သည်။

အကြောင်းပြချက် ရှင်းလင်းစွာ မသိရဘဲ ဦးသိန်းညွန့်နှင့် ဦးကြည်မြင့်တို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ် ၉ နှင့်အတူ အမှတ် ၂ စက်မှု ဝန်ကြီး ဌာနက ၅၅ သိန်းတန် ကားဝယ်ခွင့်လိုင်စင် ပေးခဲ့သည်ကို နိုင်ငံရေး အသိုင်းအဝိုင်းကြား ထင်ကြေး ပေးနေသည်ဟု NDF က ဆိုသည်။

“လွှတ်တော်ထဲမှာ NDF ကို အတိုက်အခံလုပ်တဲ့ သူတွေကို ကားတွေ အခွင့်အရေးတွေ ပေးနေပါလား ဆိုတဲ့ ကောလာဟလ တွေကတော့ ရပ်ကွက်ထဲမှာရော၊ နိုင်ငံရေး သမားတွေ ကြားမှာရော သတင်းတွေက တော်တော်များများ ထွက်နေတယ်ဗျ။ ကျနော်တို့ ကတော့ ဘာမှ မသုံးသပ်ချင်ပါဘူး” ဟု NDF မှ ဦးခင်မောင်ဆွေက ပြောသည်။

တရားမမျှတသဖြင့် ရွေးကောက်ပွဲဝင်ရန် ငြင်းဆန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ခေါင်းဆောင် အချို့ ခွဲထွက်ကာ NDF အမည်ဖြင့် ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၆၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့