..............................

Tuesday, May 10, 2011

ကော့ကရိတ် တိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်သေကျေမှုရှိ

Monday, 09 May 2011

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်း တပ်များနှင့် မြန်မာ အစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နှစ်ဘက်ထိခိုက် သေကျေမှုများ ရှိသည်ဟု ကရင် တပ်မှူး များက ပြောသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသ ဖောမူ့ဘောထာ့ရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ နှင့် ကနဲလေးရွာ အခြေစိုက် မြန်မာ အစိုးရ၏ ခြေမြန်တပ်ရင်း (ခမရ - ၃၇၂) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မြန်မာ စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အားခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။

ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်လည်း KNLA ဘက်မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး မှာ ထိုင်း - မြန်မာနယ်စပ်တွင် ဆေးဝါးကုသမှု ခံယူလျှက် ရှိသည်ဟု သိရသည်။

မေ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ရက်သတ္တ ၁ ပတ်ခန့် ကြာသည် အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်း တိုက်ပွဲကြောင့် ကျိုက်ဒုံဒေသခံ ရွာသား ၁၀၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖန်မြို့နယ် အတွင်း ထွက်ပြေး ရောက်ရှိ လာခဲ့ပြီး တိုက်ပွဲများ အပြီးတွင် ထိုင်းအာဏာပိုင်များက နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့