..............................

Tuesday, February 1, 2011

ရခိုင်လွှတ်တော်မှာ ကြံ့ဖွံ့က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အရွေးခံရ

ထွန်းထွန်း
တနင်္လာနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ရွေးချယ် ခံရကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ပြောသည်။

ဥက္ကဋ္ဌ အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးထိန်လင်းနှင့် ဒုဥက္ကဋ္ဌအဖြစ် မာန်အောင်မြို့နယ် အမှတ် ၂ မှ ဦးသာညွန့်ကို ယနေ့ စတင် ကျင်းပသည့် ပြည်နယ် လွှတ်တော် အမတ်များက မဲပေး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတော့ ရွေးပြီးပြီ ပြောတယ်။ ကြံ့ခိုင်ရေးပဲ ရမှာပေါ့။ ကြံ့ခိုင်ရေးက စစ်တပ်က ထောက်ပေးမှာပေါ့။ ကြံ့ခိုင်ရေးက မဲများတယ်လေ။ ဂွက ဦးထိန်လင်းက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌက မာန်အောင်က ဦးသာညွန့် ရတယ်” ဟု RNDP ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှိန်က မဇ္ဈိမကို ပြောသည်။

ယနေ့ညနေပိုင်းတွင် ထုတ်လွှင့်သည့် စစ်အစိုးရပိုင် MRTV 4 ရုပ်သံကလည်း ဦးဘရှိန် ပြောသကဲ့သို့ ထုတ်ပြန် ကြေညာ သွားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၄၆ ဦး (သို့မဟုတ်) ၄၇ ဦးရှိပြီ၊ ထိုအထဲတွင် တပ်မတော်သား ကိုယ်စားလှယ် ၁၁ ဦး (သို့မဟုတ်) ၁၂ ဦး ရှိသည်။ အရပ်သား ထဲတွင် ၃၄ ရှိသည့်အနက် RNDP မှ ၁၈ ဦး ပါဝင်ပြီး ကျန်နေရာ အများစုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဖြစ်သည်။

ရခိုင်လွှတ်တော် အစည်းအဝေးကို စစ်တွေမြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့