..............................

Wednesday, February 2, 2011

ဝေဟင်ပစ် ဒုံးလက်နက် ပစ်ခတ်မှု နအဖ တပ်လေ့ကျင့်

Tuesday, 01 February 2011

နအဖ၏လေကြောင်းရန် ကာကွယ်တပ်များ က(ရုရှားလုပ်) S 125 Neva / Pechora အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် လက်နက်ကြီးများ ပစ်ခတ်မှုကို ပြီးခဲ့သည့် ဂျန္နဝါရီလ ဆန်းပိုင်းမှ စ၍ ယနေ့အထိ လေ့ကျင့်နေကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ လာသော သတင်းအရ သိရသည်။

“လေကြောင်းရန် ကာကွယ်ရေး စခန်း ဌာနချုပ်ရှိတဲ့ နေရာတိုင်းမှာ လေ့ကျင့်နေတယ်။ ရုရှားလုပ် ဝေဟင်ပစ် ဒုံး လက်နက်တွေ ပစ်ကျင့်တာ။ ၂၇ ကီလိုမီတာ အထိရောက်တဲ့ အကွာ အဝေးတဲ့။ ဒုံးကျည်က အသံထက် ၃ ဆကနေ ၃.၅ ဆ အထိ မြန်တယ်” - ဟု တောင်ကြီး စစ်တပ် မိသားစုဝင် တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

၁၉၆၃ က စတင်ထုတ်လုပ်သော အဆိုပါ ဒုံးလက်နက်ကို NATO က SA-3 Goa ဟု ခေါ်ဆို၏။

“အဲဒီဒုံးကျည်ကို ကားနဲ့ တနေရာကနေ သယ်ယူလို့ ရတယ်။ တိုက်ပွဲဖြစ်လာရင် သွားကူဖို့ လွယ်တာပေါ့။ ဒါမျိုး လက်နက် ရှိတာ နိုင်ငံပေါင်း ၄ဝ လောက်ဘဲ ရှိတယ်” - ဟု ၎င်းက ဆက်ပြောပြသည်။

အဆိုပါဒုံးကျည်ကို အရှေ့အလယ်ပိုင်း Yom Kippur စစ်ပွဲ၊ ကိုဆိုဗို စစ်ပွဲ၊ အီရန်- အီရဂ် စစ်ပွဲ၊ အင်ဂိုလာ ပြည်တွင်း စစ်ပွဲတို့တွင် အသုံးပြုခဲ့ဖူးကြောင်း ဝီခီပီးဒီးယား၌ ဖော်ပြထားသည်။

ဒီဇင်ဘာလနှောင်းပိုင်းနှင့် ဂျန္နဝါရီလဆန်းပိုင်းက ကျိုင်းတုံ နှင့် နမ့်ဇန်မြို့ နအဖ ရေဒါ တပ်စခန်းတို့မှ အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ် တွေ့ရှိပြီး နအဖ ၏ လေကြောင်းရန် ကာကွယ်ရေး စခန်း ဌာနချုပ်တွေက ပစ်ချရန် အမိန့် ပေးခဲ့သည့် နောက်ပိုင်း ယခုကဲ့သို့ S 125 Neva / Pechora အမျိုးအစား လက်နက်ကြီးများ ပစ်ခတ်မှု လေ့ကျင့် လာခြင်းဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့