..............................

Wednesday, February 2, 2011

ဒုသမ္မတလောင်းအတွက် ဗိုလ်ချုပ်ဟောင်း ၂ ယောက်နှင့် တိုင်းရင်းသားများ ဝင်ပြိုင်

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၁

ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းရာ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူး ၁ တို့လည်း ပါဝင်နေသည်။

ပြည်သူ့လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ စောသိန်းအောင်တို့ တင်သွင်း ခံရသည်။

စစ်ဘက် ကိုယ်စားလှယ်များက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးကို ရွေးချယ်ကြသည်။

အမျိုးသား လွှတ်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဒေါက်တာ အေးမောင်တို့ ယှဉ်ပြိုင် နေကြသည်။

ဆန်ကာတင်စာရင်းဝင် ဒုသမ္မတလောင်းများကို အရည်အချင်း စိစစ်နေပြီး ကြာသပတေး နေ့တွင် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်မည် ဖြစ်သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးက အသာစီးရထားသဖြင့် ဦးသိန်းစိန်နှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့ လွှတ်တော် ၂ ရပ်မှ ဒုသမ္မတများ ဖြစ်လာဖွယ် ရှိသည်။

ဒေါက်တာစိုင်းမောက်ခမ်းမှာ လားရှိုးမှ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၃) အတွက် ကြိုတင်မဲ တသောင်းကျော်နှင့် အနိုင်ရသူ ဖြစ်ပြီး ဗဟို ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ကြံ့ဖွံ့ အတွက် မဲဆွယ်စဉ်က ကြံ့ဖွံ့ မထောက်ခံလျှင် ထောင်ထဲ တောထဲ ရောက်သွားမည်ဟု ခြိမ်းခြောက် မဲဆွယ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အစိုးရအဖွဲ့ ယခုအပတ်ထဲ ဖွဲ့နိုင်မည်ဟု လွှတ်တော်တက်နေသော အမတ်တဦးက မဇ္ဈိမသို့ ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့