..............................

Wednesday, February 2, 2011

သံပတ်ပေးထားသော စက်ရုပ်များကြောင့် ဒီမိုကရေစီ ပညာရေး အလှမ်း ဝေးနေဆဲ

Wednesday, 02 February 2011

“အဆင့်ဆင့်တိုင်းမှာ ဒီမိုကရေစီဖြစ်ထွန်းဖို့အတွက် အခြေအနေ လုံးဝ မပေးသေးပါဘူး။ လွှတ်တော် ဖွင့်ပွဲမှာတင်ပဲ ဒီမိုကရေစီလမ်းစ ပျောက်ဆုံးနေတာ ထင်ရှား လှပါတယ်။ ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ဖို့အတွက် မျှော်လင့်လို့ မရသေးဘူး။”

မန္တလေးတိုင်းမှ အထက်တန်းပြ ကျောင်းဆရာ ဦးမျိုးသိဏ်းက မောက္ခသို့ ပြောပြခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော် အစည်းအဝေးများတွင် သူဖြူရင် ငါမည်းမှာပဲ ဆိုသည့် စိတ်မျိုး မထားရန်၊ စကားနိုင်လု ပြောခြင်း မပြုရန် လိုကြောင်းနှင့် လွှတ်တော် အစည်းအဝေး များသည် စကားရည်လုပွဲမျိုး မဖြစ်စေရန် လိုအပ်ကြောင်း” ဦးခင်အောင်မြင့်ကို ကိုးကား၍ အင်္ဂါနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။

တောင်ကြီး ဆရာအတတ်ပညာကောလိပ် နည်းပြတစ်ဦးဖြစ်သူ နန်းမိုခမ်းက ဆရာ အတတ် ပညာရေး သင်တန်းများတွင် ကလေးများကို ပြောဆို တတ်အောင်၊ မိမိ အမြင်တို့ကို ရဲတင်း ပွင့်လင်းစွာ၊ ယုံကြည်ချက်ဖြင့် ပြောတတ်အောင် လေ့ကျင့် သင်ကြား ပေးခြင်းတို့မှာ အရေးကြီးသော သင်ရိုးများ ဖြစ်သော်လည်း လွှတ်တော်အတွင် တုံဏှိဘာဝေ ငြိမ်သက်စွာ နေထိုင်ကြပုံတို့မှာ ရီစရာ ကောင်းသော သံပတ် ပေးထားသည့် စက်ရုပ်များနှင့် တူနေကြောင်းကို မောက္ခသို့ ပြောပြခဲ့သည်။

မြန်မာ့ပညာရေး သုတေသီတစ်ဦးဖြစ်သည့် ဆရာမောရက မောက္ခသို့ ပြောပြရာတွင် “အချေအတင် ဆွေးနွေး ပြောဆိုခြင်းကို စာသင် ခန်းများအတွင်း လေ့ကျင့် ပေးရမည်ဖြစ်ကြောင်း။ ဤသည်မှာ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးစေရန် အတွက် ပျိုးထောင်မှု အခြေခံပင် ဖြစ်ကြောင်း၊ အနာဂတ် ကာလများတွင် လူ့ အဖွဲ့အစည်းအတွင်း ဆွေးနွေး ပြောဆိုခြင်း၊ မတူသော အမြင်များကို တင်ပြ တတ်ခြင်းနှင့် အပြန်အလှန် နားထောင် တတ်ခြင်းတို့အတွက် အထူး အရေးကြီးကြောင်း၊ သို့ရာတွင် လွှတ်တော်တွင် ဤအခွင့် အလမ်းများကို ပိတ်ပင် ထားရှိခြင်းမှာ စံပြုစရာ မရှိသေးသော လူ့အဖွဲ့အစည်း အတွင်း ကလေးများ ပညာသင်ကြား နေရခြင်းဖြစ်ကြောင်း၊ စကားနိုင်လု ပြောဆိုခြင်း debate မှာ ပညာသင်ကြားရေး နည်းလမ်း တစ်ခုဖြစ်သည့် အတွက် စာသင်ခန်းများတွင် လမ်းဖွင့် ပေးရမည်ဖြစ်ကြောင်း ဆိုပါသည်။

Ref: မောက္ခ

0 comments:

အပေါ်သို့