..............................

Friday, February 4, 2011

ဒုသမ္မတများအဖြစ် ကြံ့ဖွံ့ကိုယ်စားလှယ်များကို ရွေးချယ်

ခင်ဦးသာ
Thursday, 03 February 2011

ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးမှ ဒုတိယ သမ္မတများအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စား လှယ်များ ဖြစ်ကြသော ဦးသိန်းစိန်နှင့် ဒေါက်တာ စိုင်းမောက်ခမ်း တို့အား ရွေးချယ် လိုက်သည်။

လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ဒေါက်တာ စိုင်းမောက်ခမ်းသည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

ဒုတိယ သမ္မတ ၃ ဦးအနက် တပ်မတော်သား ကိုယ်စားလှယ်အား တရားဝင် မကြေညာ သေးသော်လည်း ကိုယ်စားလှယ် များ၏ ပြောဆိုမှုအရ တပ်မတော်သား ကိုယ်စားလှယ်မှား ကြံ့ဖွံ့ပါတီဝင် သီဟသူရ ဦးတင်အောင် မြင့်ဦး ဖြစ်သည်ဟု သိရသည်။

တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် ပါတီများမှ ကိုယ်စားလှယ်များသည် ဒုတိယ သမ္မတ တနေရာ အတွက် ကြံ့ဖွံ့ ပါတီဝင် မဟုတ်သော တိုင်းရင်းသား ကိုယ်စားလှယ်များ ဖြစ်သည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ ဒေါက်တာ အေးမောင်နှင့် ဖလုံ-စဝေါ် ပါတီမှ ဦးစောသိန်းအောင် တို့အား အဆိုပြု တင်သွင်း ခဲ့ကြသော်လည်း ကြံ့ဖွံ့ပါတီနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ မဲအရေအတွက်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် မအောင်မြင်ခဲ့ပေ။

“ကျနော်တို့က တိုင်းရင်းသား အစစ်အမှန်ကို ဒုတိယသမ္မတ ဖြစ်စေချင်လို့ ဒေါက်တာ အေးမောင်ကို ထောက်ခံ အဆိုပြု ခဲ့ကြတာပါ။ အခုတော့ အတုအယောင် တိုင်းရင်းသား၊ ကြံ့ဖွံ့ကို ကိုယ်စားပြုထားတဲ့ တိုင်းရင်းသားပဲ ရသွားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

ဒုတိယ သမ္မတ ရာထူးရရှိသွားသူ ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းသည် အသက် ၆၁ နှစ် ရှိပြီ ဖြစ်ပြီး ရှမ်းပြည်နယ် မူဆယ် ဇာတိ ဖြစ်ကာ လားရှိုးမြို့၌ အထူးကု ဆေးခန်း ဖွင့်ထားသူ ဖြစ်သည်။

“ဒုသမ္မတ ဆိုပေမယ့် စစ်ရေးတို့၊ လုံခြုံရေးတို့လို အရေးကြီးတဲ့ ကိစ္စတွေကို လုပ်ပိုင်ခွင့်ရမှာ မဟုတ်ဘူး။ ရှမ်းပြည်သူတွေက လည်း သူ့အပေါ်မှာ အများကြီး မျှော်လင့် ထားတာတော့ မရှိသေးဘူး” ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် ပညာရေး၊ ကျန်းမာရေး၊ စာပေ ယဉ်ကျေးမှု ဆိုင်ရာများကို ရှမ်းလူမျိုးများ အတွက် လုပ်ပေး နိုင်ဖွယ် ရှိကြောင်း ၎င်းကဆိုသည်။

စစ်အစိုးရသည် မနက်ဖြန်ခေါ်ယူမည့် လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတကို ရွေးချယ်မည် ဖြစ်ပြီး ယခု ရက်ပိုင်း အတွင်း အစိုးရသစ် တရပ် ဖွဲ့စည်းကာ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်နှင့်တိုင်း များ၏ ၀န်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ရွေးချယ် ခန့်အပ်မည်ဖြစ်သည်။

ဒုတိယ သမ္မတ ၃ ဦးထဲမှ တဦးအား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်မည် ဖြစ်သော်လည်း စစ်တပ်၏ ကိုယ်စားလှယ် အမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်တပ် ကိုယ်စားလှယ် ဒုတိယ သမ္မတသည် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်ပါက နိုင်ငံတကာ အတွေ့အကြုံ ရှိသော လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်သည် သမ္မတ ဖြစ်ရန် အလား အလာရှိသူ ဖြစ်ကြောင်း လေ့လာသူတို့က ပြောသည်။

စစ်တပ် ကိုယ်စားလှယ်အား တရားဝင် မကြေညာ သေး၍ သမ္မတ ရာထူးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရယူနိုင်သည်ဟု မှန်းဆ နေကြသော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကိုယ်စား လှယ်များ ထဲကသာ သမ္မတ ရွေးချယ်သွားမည်ဟု လွှတ်တော် မိန့်ခွန်း၌ ပြောဆိုခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မဖြစ်နိုင်တော့ပေ။

ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များ အားလုံးသည်လည်း စစ်ဗိုလ်ချုပ်ထွက် ကြံ့ဖွံ့ ကိုယ်စားလှယ်များသာ ဖြစ်သည်ဟု သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့