..............................

Wednesday, February 2, 2011

တိုက်ပွဲကြောင့် ထိုင်း နှင့် မြန်မာ ၁၀၀၀ ခန့် တိမ်းရှောင်ရ

Tuesday, 01 February 2011

ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း ယနေ့နံနက်က ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ ဖုတ်ဖရ မြို့နယ် မိုးကဲရွာ နယ်စပ်သို့ ၁၂၀ မမ လက်နက်ကြီးကျည် ၁၀ လုံးကျော် ကျရောက် ပေါက်ကွဲ ခဲ့သဖြင့် ဒေသခံ ထိုင်းရွာသား ၇၀၀ ခန့်ထွက် ပြေး တိမ်းရှောင် ကြရသည်။

မြ၀တီခရိုင် အူးကလေးထာ့ ဒေသရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (DKBA) တပ်မဟာ ၅ ၏ စစ်ရေး အချက်အခြာ ကျသည့် တပ်စခန်း တခုကို ယနေ့နံနက်က နအဖ တပ်တပ်များက လက်နက်ကြီး များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ရာမှ လက်နက်ကြီး ကျည်များ ထိုင်းဘက် ကျရောက်ခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် မြ၀တီခရိုင် အူးကလေးထာ့ဒေသရှိ သေ့ဘောဘိုး၊ ၀ါးမီထာ့၊ ဘလယ်ဒို့၊ ရွာသစ် အပါအ၀င် ရွာပေါင်း ၁၀ ရွာ ခန့်မှ ရွာသား ၃၀၀ ကျော်လည်း ထိုင်းနိုင်ငံ မိုးကဲရွာသို့ ထွက်ပြေး ရောက်ရှိလာသည်။

ထွက်ပြေးရောက်ရှိလာသည့် မြန်မာရွာသားများကို ထိုင်းဘက်က ယာယီခိုလှုံခွင့် ပေးထားပြီး တိုက်ပွဲများ ပြီးဆုံးလျှင် နေရပ်သို့ ပြန်ကြရမည်ဟု ထိုင်းအာဏာပိုင် များက ပြောကြားသည်။ ယနေ့ ရောက်ရှိ လာသူများကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအ၀င် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တချို့က အကူအညီများ ပေးထားသည်။

ယနေ့နံနက်ပိုင်းက စတင်သည့်တိုက်ပွဲမှာ ပြီးဆုံးခြင်းမရှိသေးသည့်အတွက် ဘေးလွတ်ရာ တိမ်းရှောင် နေရသည့် ထိုင်းနှင့် မြန်မာနိုင်ငံသား ၁၀၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ဖုတ်ဖရ မြို့နယ် အတွင်းရှိ ထိုင်းစစ်တပ် အမှတ်(၁၇၄၃) တပ်ရင်း အတွင်း နေရာ ချထားပေးသည်ဟု စစ်ပြေး ဒုက္ခသည်များက ပြောဆိုသည်။

တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ DKBA တပ်မဟာ ၅ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူး ဆန်းအောင်က "ဒီနေ့ တိုက်ပွဲက ကြမ်းတယ်၊ ကျနော်တို့ ဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်တာ အလုံး ၁၀၀ လောက်ရှိပြီ၊ ရင်ဆိုင် တိုက်ပွဲကတော့ အခုချိန်ထိ မပြီးသေးဘူး၊ နအဖဘက်က ညဘက်တွေမှာ ထိုင်း ဘက်ခြမ်းကနေ ကျနော်တို့ကို ၀င်တိုက်ဖို့ ရှိတယ်၊ သူတို့ ဘယ်က ၀င်ဝင် လာတဲ့ ဘက်ကို ကျနော်တို့ တိုက်မှာပဲ"ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ တိုက်ပွဲမှာ ညနေ ၅ နာရီအချိန်အထိ ပြီးဆုံးခြင်း မရှိသေးဟု DKBA တပ်မှူး တဦးက ပြောကြားသည်။ ထိုင်းဘက် နယ်စပ် တလျှောက်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပုံမှန်ထက် တိုးမြှင့် ချထားသည်ဟု ထိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

မြ၀တီခရိုင်အတွင်းဖြစ်ပွားနေသည့် DKBA နှင့် နအဖ တပ်များတိုက်ပွဲတွင် ယနေ့နှင့်ယမန်နေ့ ၂ ရက်အတွင်း နအဖ တပ် ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၁၅ လုံးခန့် ထိုင်းနိုင်ငံ ဖုတ်ဖရ မြို့နယ် အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ထိုင်း စစ်ကား ၁ စီး ပျက်စီးကာ စစ်သည် ၂ ဦးဒဏ်ရာ ရရှိခဲ့သည်။

ရွေးကောက်ပွဲကျင်းပနေစဉ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထား ခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ် အတွင်း၂ လ ကျော်ကြာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ ရာနှင့်ချီ၍ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့