..............................

Friday, February 18, 2011

ဦးတင်အေးကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌခန့်ရန် အဆိုတင်သွင်း

Thursday, 17 February 2011

ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် အဆို တင်သွင်း လိုက်သည်။

အစိုးရအဖွဲ့တွင် အဓိက အရေးကြီး ရာထူးနေရာ တခုဖြစ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် နေသော ဦးသိန်းစိုးသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ တာဝန် ထမ်းဆောင်မည် ဖြစ်သောကြောင့် လစ်လပ် သွားသော ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နေရာ အတွက် ဦးတင်အေးကို ခန့်အပ်ရန် မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်လွှာ တင်သွင်း စေခြင်းဖြစ်ကြောင်း နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ သိရသည်။

“ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီတခုရဲ့ လွှတ်တော် ကိုယ်စားလှယ် မဖြစ်ရဘူးလို့ ဥပဒေမှာ တရားဝင် ပြဋ္ဌာန်း ထားတယ်။ ဒါကြောင့် ဦးတင်အေးက လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နုတ်ထွက် လိုက်တာပါ” ဟု နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ စစ် အရာရှိကြီး တဦးက ပြောသည်။

နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဌာနကြီး ၆ ခုကို ဖွဲ့စည်း ရမည်ဖြစ်ပြီး အဆိုပါ အဖွဲ့အစည်း များမှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊ ဘဏ္ဍာရေး ကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် အဖြစ် ဦးထွန်းထွန်းဦးကို လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးကို လည်းကောင်း ခန့်အပ်ပြီး ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် ပြည်ထောင်စု ၀န်ကြီးနှင့် အဆင့် တူညီပြီး တလလျှင် လစာ ကျပ် သိန်း ၃၀ ရရှိမည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးတင်အေးအား တရားဝင် ခန့်အပ်ပြီးပါက အစိုးရ ရာထူး နေရာများ ရယူလိုက်သဖြင့် လွှတ်တော် ကိုယ်စားလှယ် လစ်လပ် သွားသော မဲဆန္ဒနယ် များတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပရေး ကိစ္စ၊ မဲမသမာမှုများနှင့် ရွေးကောက်ပွဲတွင် အနိုင်ယူခဲ့သည် ဆိုသော တိုင်တန်းချက်များ အပါအ၀င် နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စများကို ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ကြံ့ဖွံ့ပါတီ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်သည် ဆိုသော သတင်းကို အစိုးရပိုင် သတင်း မီဒီယာများတွင် ထုတ်ပြန် ကြေညာခြင်း မပြုခဲ့ပေ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ပြီး ပြည်ထောင်စု လွှတ်တော်ကလည်း သမ္မတ၏ တင်သွင်း အဆိုပြုချက်ကို တရားဝင် အတည်ပြု ပေးခဲ့ပြီးဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့