..............................

Friday, February 18, 2011

ရင်းနှီးမြှုပ်နှံသူများအတွက် အထူးစီးပွားရေးဇုန် ဥပဒေ ပြဋ္ဌာန်း

Thea Forbes |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁

မဇ္ဈိမသတင်းဌာန ။ ။ နအဖ စစ်ကောင်စီက `နိုင်ငံတော်၏ စီးပွားရေး အရှိန်အဟုန်ကို ပိုမို ဖွံ့ဖြိုး တိုးတက်စေရန်´ အတွက်ဟူ၍ မြန်မာနိုင်ငံ အထူး စီးပွားရေးဇုန် ဥပဒေကို မကြာသေးခင်က ပြဋ္ဌာန်း ကြေညာလိုက်သည်။

အဆိုပါ ဥပဒေသည် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို စီးပွားရေး မက်လုံးများ၊ တည်ငြိမ်မှု ရှိရပါစေ့မည် ဟူသော ကတိ ကဝတ်များ ပေးပြီး ဆွဲဆောင်ရန် ကြိုးပန်းချက် တရပ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရှင်းကျင့်ရှိ တရုတ် အထူးစီးပွားရေးဇုန်သို့ လည်ပတ် လေ့လာခဲ့ရာမှ မြန်မာ နိုင်ငံတွင်လည်း အလားတူ စီးပွားရေးဇုန်မျိုး ထူထောင်ရန် အကြံ ရလာခဲ့သည်ဟု ယုံကြည်ရသည်။

ဥပဒေ၏ ရည်ရွယ်ချက်များထဲတွင် နိုင်ငံတော်၏ အဆင့်မြင့် နည်းပညာနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးရန်နှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်စေရန် ဟူ၍ ပါရှိသည်။

ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ၊ မြေယာ အဆောက် အအုံ ဖော်ထုတ် တည်ဆောက်မည့် သူများကို အချို့သော အခွင့်ထူးများ ပေးထားသည်။

ဥပဒေအရ ရင်းနှီးမြှုပ်နှံသူများသည် `ထုတ်လုပ်မှုသော်၎င်း၊ ဝန်ဆောင်မှုသော်၎င်း စတင်သည့် နေ့မှစ၍ ပထမ ၅ နှစ် အတွင်း ပင်လယ်ရပ်ခြား တင်ပို့ ရောင်းချရ ငွေများအား အမြတ်ခွန် ကင်းလွတ်ခွင့်´ လျှောက်ထား နိုင်သည်ဟု ဆိုသည်။

ဤသို့ ပထမ ၅ နှစ်ပြီးနောက် ဒုတိယ ၅ နှစ်ကာလတွင်လည်း အမြတ်ခွန် ၅ဝ % သက်သာခွင့်ကို ထပ်မံ လျှောက်ထား နိုင်သေးသည်။ အရင်း အနှီးများ ထပ်ထည့်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည် ဆိုပါက မိမိတို့ စီးပွားရေး လုပ်ငန်းများ၏ တတိယ ၅ နှစ် အတွင်း ရရှိလာသည့် အမြတ်ငွေများမှလည်း နောက်ထပ် ၅ဝ % သက်သာခွင့် ထပ်မံ လျှောက်ထား နိုင်သေးသည်။

မိမိတို့လုပ်ငန်းများတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းများ အတွက်လည်း ရင်းနှီး မြှုပ်နှံသူများသည် အကောက်ခွန်မဲ့ တင်သွင်းခွင့် ရရှိကြမည်ဖြစ်ကာ `အထူး စီးပွားရေးဇုန် အတွင်း ထုတ်လုပ်သော ပို့ကုန်ပစ္စည်းများ အတွက်လည်း ကူးသန်း ရောင်းဝယ်ရေး ခွန်နှင့် ထပ်ဆင့်တိုး တဖ်ဘိုးခွန် (VAT) လွတ်ငြိမ်းခွင့်ပြုရန် လျှောက်ထားနိုင်သည်´။

အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီသည် သက်ဆိုင်ရာ အစိုးရ ဌာနများနှင့် ပူးပေါင်းညှိနှိုင်း၍ `ရင်းနှီး မြှုပ်နှံသူများ၏ ဥစ္စာပစ္စည်း၊ အမြတ်နှင့် အခြား အခွင့်အရေးများကို တည်ဆဲ ဥပဒေများနှင့် အညီ အကာအကွယ် ပေးသွားမည်´ ဟု အထူး စီးပွားရေးဇုန် ဥပဒေတွင် ဖော်ပြထားသည်။

သို့သော် အထူးစီးပွားရေးဇုန်နှင့် မြန်မာ့စီးပွားရေးကို မြှင့်တင်နိုင်ကာ စစ်မှန်သော စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်နိုင်ရေး အတွက် တိုင်းပြည် စီးပွားရေးတွင် နိုင်ငံတော်က ဝင်ရောက် စွက်ဖက်နေခြင်း များနှင့် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေသော ကိုယ့်လူကိုယ် အခွင့်အရေး ပေးသည့် စနစ်ကို တကယ်တမ်း ထိန်းချုပ် ဟန့်တားခြင်း ပြုနိုင်မည်လော ဆိုသည့် အချက်ကိုမူ စောင့်ကြည့် ရဦးမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံ မက်ကွဲယားတက္ကသိုလ် (Macquarie University) ရှိ မြန်မာ့စီးပွားရေး စောင့်ကြည့်ရေး အဖွဲ့ကြီးမှ ရှောင်တားနဲလ် Sean Turnell ကမူ နအဖ သည် အထူး စီးပွားရေးဇုန်တရပ် အမှန်တကယ် မည်သို့ လည်ပတ် လုပ်ကိုင်နေသည် ဆိုသည်ကို အပေါ်ယံမျှသာ နားလည်သည်ဟု ဆိုသည်။

`မြန်မာ့စီးပွားရေး အခင်းအကျင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အမှန်တကယ် ပေါ်ပေါက် နေသည် ဟူသည့် မည်သည့် အရိပ်အယောင်မျှ မတွေ့ရသေးပါ။ တကယ်တော့ ဒါနဲ့ ဆန့်ကျင်ဘက် တွေသာ ဖြစ်နေတယ်လို့ ကျနော် ပြောချင်ပါတယ်။ ရှိခဲ့တယ် ဆိုရင်တောင် ရွေးကောက်ပွဲ ပြီးကတည်းက ပိုလို့တောင် နောက်ပြန် ဆုတ်ကုန်သေးတယ်´ ဟု သူက မဇ္ဈိမကို ပြောသည်။

`စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ရင် တကယ်ကို နောက်ပြန်ဆုတ်နေတာပါ။ ခေါင်းဆောင်မှု ကလည်း အရင်အတိုင်းပဲ၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းကို အလွန် ဆန့်ကျင်တဲ့ သူတွေ´ ဟု သူက ဆိုသည်။

တိုင်းပြည်တွင်း တည်ငြိမ်မှုမရှိခြင်း၊ အခြေခံအဆောက်အအုံ ချို့တဲ့ခြင်း၊ ယုံကြည်စိတ်ချရမှု နည်းပါးခြင်း စသည် တို့ကြောင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ အတွက် မြန်မာ့ အထူးစီးပွားရေး ဇုန်အတွင်း ဝင်ရောက် လုပ်ကိုင်၍ အကျိုးအမြတ် ရရှိရန်သော်၎င်း၊ အထူး စီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင် လုပ်ကိုင် ဆောင်ရွက်ရန်၎င်း အားပျက်ဖွယ် ဖြစ်နေသည်။

`မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေရဲ့ ပြဿနာကြီးက၊ ဟုတ်ပြီ .. ဒါ ဥပဒေတခုပဲ ဆိုပါတော့၊ ဒါပေမဲ့ ဒီဥပဒေထဲ တကယ်တမ်း ဘာပါတယ် ဆိုတာကို ကျနော်တို့ ကြည့်ဖို့ လိုသေးတယ်´ ဟု တားနဲလ်က ပြောသည်။

သူက မြန်မာတိုင်းဂျာနယ် တည်ထောင်သူ ရော့စ်ဒန်ကလေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ဖောက်ဖျက် မှုများဖြင့် မကြာ သေးခင်က ဖမ်းဆီး ခဲ့သည်ကို ထောက်ပြသည်။ သူနှင့်အတူ ဂျာနယ်ကို ပူးတွဲပိုင်ဆိုင်သူ မြန်မာလူမျိုးနှင့် ပိုင်ဆိုင်မှု အငြင်းပွားမှုများ ပေါ်ပေါက်အပြီး ထိုသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

`ဒီလို တကယ့်ကို အန္တရာယ်များတဲ့ အခင်းအကျင်းမျိုးမှာ ဘယ်ရင်းနှီးမြှုပ်နှံသူမှ တကယ်တမ်း သွားပြီး အလုပ် မလုပ်ချင်ဘူး။ ဥပဒေ စိုးမိုးမှု ရှိရမယ်ဆိုတဲ့ အမြင်မျိုးရှိတဲ့ အစိုးရမျိုး ကျနော်တို့မှာ မရှိဘူး။ သူတို့က ထင်သလို လုပ်နေတာ။ သူတို့လမ်းမှာ အတားအဆီး ဖြစ်နေတဲ့ သူတွေဆို ရှင်းပစ်မှာပဲ´ ဟု သူက ပြောသည်။

သို့သော် မြန်မာ့အရေး အာဆီယံပါလီမန်အဖွဲ့ကြီး AIPMC ဥက္ကဋ္ဌ ခရိုင်စစ်ချွန်နာဗန် Kraisak Choonhavan ကမူ မြန်မာ နိုင်ငံအပေါ် ထားရှိသော နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှား လိုက်ပါက အနောက် နိုင်ငံများနှင့် ဂျပန်က ဝင်ရောက် မြှုပ်နှံမည့်သူများ မရှားနိုင်ပါ၊ အထူးသဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့ကို စွမ်းအင် ထောက်ပံ့ရေး အတွက် အပြိုင်အဆိုင် အလုအယက် ဝင်လာကြမည်ဟု ဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေကို မြန်မာနိုင်ငံသားများ အလုပ်အကိုင် ရရှိရေးအတွက် ရည်ရွယ် ပြုလုပ်ထားခြင်း ဖြစ်သည်။ လုပ်သားနှင့် စပ်လျဉ်းသော ကိစ္စများ အခန်း ပုဒ်မ ၁၁ တွင် `စီးပွားရေး လုပ်ငန်းများ စတင်သည်မှ ပထမ ၅ နှစ် ကုန်ဆုံးသည့်အချိန်တွင် ကျွမ်းကျင် လုပ်သားများ၊ အတတ် ပညာရှင်များ၊ ပါရဂူများ စသည်တို့ကို ခန့်ထားရာတွင် အနည်းဆုံး နိုင်ငံသား ၂၅ % ခန့်ထားရမည် ဖြစ်ပြီး၊ ဒုတိယ ၅ နှစ် ကုန်ဆုံးသည့် အချိန်တွင် အနည်းဆုံး ၅ဝ % ခန့်ထားရမည် ဖြစ်၍ တတိယ ၅ နှစ်ကာလ ကုန်ဆုံးချိန်တွင်မူ ၇၅ % ခန့်ထားရမည်´ ဟု ပြဋ္ဌာန်း သတ်မှတ်ထားသည်။

`မြန်မာနိုင်ငံတွင်း အခြားလုပ်ခလစာများအပေါ် သက်ရောက်မှု ရှိစေရန်နှင့် တန်းတူညီမျှမှု ရှိရေး အတွက် ဆိုလျှင် ဤ စီးပွားရေးဇုန်များသည် အထူး ကြီးမားပြီး အောင်မြင်မှု ရှိရမည် ဖြစ်သည်´ ဟု မြန်မာ့စီးပွားရေး စောင့်ကြည့်ရေး အဖွဲ့မှပင်ဖြစ်သော ဒေါက်တော အယ်လီစန်ဗီကာရီ Dr. Alison Vicary က ပြောသည်။

`စည်းကမ်းချက်များ ပြဋ္ဌာန်းသတ်မှတ်ထားခြင်းသည် စီးပွားရေးလုပ်ငန်းများတွက် စရိတ် တိုးစေသည်။ ရင်းနှီး မြှုပ်နှံ လိုသူများကို စိတ်ဝင်စားမှု နည်းစေသည်။ လုပ်သားများကို လေ့ကျင့်သင်တန်း ပေးခြင်းသည်သာ အပြုသဘော ဆောင်သည် သို့သော် စီးပွားရေးလုပ် ငန်းများအနေနှင့် သူတို့နှင့် မဆိုင်ဘဲ အခြားသူများ ကောင်းစားရေး အတွက် လုပ်ကိုင်ရမည့် လုပ်ငန်းမျိုးတွင် ငွေကုန်ခံလိမ့်မည် မဟုတ်ပေ´ ဟု သူက ဆိုသည်။

လုပ်သားများကို ထိခိုက်စေသည့် အဓိကအချက်မှာ ကျွမ်းကျင်ပညာသည်များ၊ လုပ်သားများ၏ ပညာရေး ရေချိန် နိမ့်ကျခြင်းကြောင့် ဖြစ်နိုင်သည်။ အခြား အရှေ့တောင်အာရှ နိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံက လောလောဆယ် ပညာရေးအတွက် အသုံးပြုနေသော ဘတ်ဂျက်သည် အနည်းဆုံး ဖြစ်သည်။

`ဤအခြေအနေ ဤဝန်းကျင်မျိုးသည် အထူးကျွမ်းကျင်လုပ်သားများ၊ အထူးလေ့ကျင့် သင်ကြား ပေးထားသော လုပ်သားများ ပေါ်ထွက် လာနိုင်သည့် ဝန်းကျင်မျိုး မဟုတ်ပါ´ ဟု တားနဲလ်က ပြောသည်။

ပညာရေးတွင် ချို့တဲ့ခြင်းနှင့် ဒေသခံများ ပါဝင်ဆောင်ရွက်ခြင်း နည်းပါးခြင်းတို့ကြောင့် ယခု ရည်ရွယ်ထားသော အထူး စီးပွားရေးဇုန်သည် မြန်မာနိုင်ငံသား အချို့ကိုသာ ကွက်ပြီး အကျိုးပြုမည့် လုပ်သားဈေးကွက် တခု ဖြစ်နေ လိမ့်မည်ဖြစ်သည်။ ယခု ဥပဒေသည် စာရွက်ပေါ်တွင် ကြည့်ရသည့် အတိုင်းဆိုလျှင် ကောင်းပုံရကြောင်း၊ သို့သော် မြန်မာနိုင်ငံသားများ ပါဝင်ဆောင်ရွက်ခွင့်မူ နည်းပါး လိမ့်မည်ဖြစ်ကြောင်း ရွှေဓာတ်ငွေ့လှုပ်ရှားမှု အဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဝမ်းအောင်က မဇ္ဈိမကို ပြောသည်။

`ဒါ .. ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ပတ်သက်ရင် မီဒီယာမှာ အပြကောင်းရုံလောက် လုပ်တာ။ ဒါပေမဲ့ တကယ်သာ အထူး စီးပွားရေးဇုန် ဘောင်အတွင်းမှာ တကယ့်ကို ကောင်းတဲ့ မူဘောင်တွေ ပေါ်လာအောင် လုပ်ဖို့ဆိုရင် လူထု အခြေပြု အဖွဲ့တွေ အများကြီးနဲ့ ထိတွေ့ဖို့လိုမယ်၊ ဒီလို မူဘောင်မျိုးအတွင်းမှာ ဒေသခံတွေရဲ့ အမြင်တွေကိုလည်း ပြောကြားခွင့် ပေးရမယ်´ ဟု သူက ဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေက စီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများကို ပစ္စည်းပိုင်ဆိုင်ခွင့် အခွင့်အရေးများ ပေးထားသည်။ သို့သော် တားနဲလ်ကမူ မြန်မာနိုင်ငံတွင် အမြဲတမ်း ဖြစ်နေသည်မှာ ဥပဒေက တခြား၊ လက်တွေ့ ဖြစ်နေသည်က တခြားသာ ဖြစ်သည်ဟု အခိုင်အမာ ပြောနေသည်။

`မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် ရင်းနှီးမြှုပ်နှံသူတွေအပေါ် အနိုင်ကျင့်တာ၊ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းတာ၊ သူတို့ကို ဆန့်ကျင်အန္တရာယ် ပြုတာတွေ အမြဲတွေ့ခဲ့ရတယ်´ ဟု သူက ပြောသည်။

`ဒါတွေအားလုံး အလုပ်ဖြစ်ဖို့ဆိုရင် ဒီလိုကောင်းတဲ့ ကိစ္စတွေ အကုန်လုံးကို ဒီအစိုးရက အကာ အကွယ် ပေးဖို့ အာမခံ ချက်ပေး ထားပါ့မယ်၊ အထူးသဖြင့် ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် အခွင့်အရေးလို ကိစ္စမျိုးတွေကို အကာအကွယ် ပေးထားပါ့မယ်လို့ ယုံကြည်ရမှ ဖြစ်မယ်။ ဒီလိုယုံကြည်မှုမျိုး ဘယ်သူ့မှာမှ ရှိမယ်လို့ ကျနော်တော့ မထင်ဘူး´ ဟု သူက ဆက်လက်ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့