..............................

Tuesday, February 15, 2011

အီဂျစ်တပ်မတော်ကို နမူနာယူသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

Monday, 14 February 2011

အီဂျစ်နိုင်ငံတွင် နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့သော အာဏာရှင် သမ္မတ ဟော်စနီ မူဘာရက် နုတ်ထွက်ရန် လူထု ဆန္ဒပြခဲ့သည့် ဖြစ်ရပ်တွင် အီဂျစ်စစ်တပ်က အင်အာသုံး ဖြေရှင်းခြင်း မပြုသည့် အပေါ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးခဲ့ပြီး မြန်မာ့ တပ်မတော် သည်လည်း အီဂျစ် တပ်မတော်ကို နမူနာ ယူသင့်ကြောင်း ပြောသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပ ခဲ့သော ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အပြီး ပြည်တွင်း ဂျာနယ် သတင်းထောက် တဦး၏ မေးမြန်းမှုကို ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံ၌ အာဏာရှင် သမ္မတ မူဘာရက် ရာထူးမှ ဆင်းပေးရန် အီဂျစ်လူငယ်များက ဇန်န၀ါရီ လကုန်ပိုင်းမှ စတင်၍ ဆန္ဒပြပွဲများ စတင်ခဲ့သည်။ ၎င်းနောက် ၂ ပတ်နီးပါးအကြာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သမ္မတ မူဘာရက် ရာထူးမှ ဆင်းပေး ခဲ့ရပြီး ၁၃ ရက်နေ့တွင် စစ်တပ်က လွှတ်တော်ကို ဖျက်သိမ်းကာ ၆ လအကြာတွင် ရွေးကောက်ပွဲ ကျင်းပ ပေးမည်ဟု ကြေညာ ခဲ့သည်။

“လူတွေ သောင်းသိန်းချီ ဆန္ဒပြကြပေမယ့် အီဂျစ်တပ်မတော်က သူ့ပြည်သူတွေကို မပစ်ဘူး။ သူ့ ပြည်သူတွေ ဘက်က ရပ်တည်တယ်။ ဒါကို မြန်မာ့ တပ်မတော်က စံနမူနာ ယူသင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အီဂျစ်နိုင်ငံတွင် လူငယ်များက ဦးဆောင်ပြီး လူမှုကွန်ရက်များဖြစ်သည့် facebook၊ twitter များမှ တဆင့် လူထု သိန်းသန်းချီ ပါဝင်ခဲ့သော ဆန္ဒပြပွဲများ အထိ ပြုလုပ် နိုင်ခဲ့သည့် အတွက် အီဂျစ်သမ္မတ မူဘာရက် နုတ်ထွက် သွားရသည် ဆိုသော
သတင်းမှာ မြန်မာ လူငယ်များ အကြားတွင် ရေပန်းစား လူပြောများသော သတင်းတခု ဖြစ်လာပြီး အီဂျစ် နိုင်ငံအကြောင်းကို လေ့လာလိုသူ များပြားလျက် ရှိကြောင်း သိရှိရသည်။

“၁၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ မူဘာရက် ဆင်းသွားပြီ ဆိုပြီး facebook မှာ သတင်း တွေတက် လာတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တောက်လျှောက်ကို တက်လာတာ။ အီဂျစ် ပြည်သူတွေကို ကြည့်ပြီး ကိုယ်လည်း ပျော်တယ်။ ကိုယ့်နိုင်ငံမှာလည်း အဲဒီလိုဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်” ဟု facebook သုံးစွဲသူ အနောက်ပိုင်း တက္ကသိုလ် ကျောင်းသားတဦးက ဆိုသည်။

NLD လူငယ်တာဝန်ခံတဦးက အီဂျစ်လူငယ်များသည် အဖွဲ့အစည်းဟူ၍ မည်မည်ရရ ပြစရာမရှိဘဲ အွန်လိုင်းကို အသုံးချကာ အချင်းချင်း ကွန်ရက် ချိတ်ဆက်ပြီး တော်လှန်ရေး စတင်ခဲ့ခြင်း ဖြစ်သဖြင့် အီဂျစ်တနိုင်ငံလုံး ငြိမ်းချမ်းသော ဆန္ဒပြပွဲတွင် ပါဝင်လာခြင်း ဖြစ်ကြောင်း၊ အီဂျစ် တပ်မတော် ကသာ အာဏာရှင်အလိုကျ အကြမ်းဖက် နှိမ်နင်းခဲ့လျှင် အသက်ပေါင်း များစွာ စတေးရမည် ဖြစ်ကြောင်း ပြောဆိုသည်။

“တပ်မတော်က ပြည်သူဘက်က ရပ်တည်ဖို့ အရမ်းအရေးကြီးတယ်။ အီဂျစ် တပ်မတော်ရဲ့ ပြည်သူအပေါ် ထားတဲ့ စိတ်ဓာတ်က ချီးကျူးဖို့ ကောင်းပါတယ်။ ဒီမှာလည်း တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းမိမယ် ဆိုရင် အောင်မြင်မှုရရှိဖို့ အသေအချာပဲ” ဟု ၎င်းက ပြောသည်။

လူငယ်အချင်းချင်း ကွန်ရက်ချိတ်ဆက် ဆောင်ရွက်မှုဖြင့် အာဏာရှင်တဦးကို ဖြုတ်ချ နိုင်ခဲ့ခြင်းသည် ၂၁ ရာစု အတွက် အကောင်းဆုံးသော ဒီမိုကရေစီ တိုက်ပွဲ ဥပမာတခုပင် ဖြစ်ကြောင်း လူငယ် သတင်းထောက် တဦးက ဆိုသည်။

“ကွန်ရက်ဖြစ်တဲ့အတွက် အဖွဲ့အစည်းလိုမျိုး သူက ခေါင်းဆောင်၊ သူက နောက်လိုက် ဆိုတာမျိုး မရှိတော့ဘူး။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) စကားနဲ့ ပြောရင် အကျမနာဘူး။ တယောက် မရှိရင် နောက်တယောက်က လုပ်စရာ ရှိတာတွေ
ဆက်လုပ် သွားလို့ ရတယ်။ အီဂျစ်ကလူငယ်တွေ လုပ်ပြ သွားတာက အင်မတန်မှ ကောင်းတယ်။ လူထုကို တဖြည်းဖြည်းချင်း သိမ်းသွင်းသွားတာ” ဟု သူက ပြောသည်။

အီဂျစ်ပြည်သူများ၏ ဆန္ဒပြမှုကြောင့် ရာထူးမှ နုတ်ထွက်သွားရသော အသက် ၈၂ နှစ်အရွယ် သမ္မတ မူဘာရက်သည် လေတပ် ဦးစီးချုပ် ရာထူး တာဝန် ထမ်းဆောင်ခဲ့သော စစ်ဗိုလ်ချုပ်တဦး ဖြစ်ပြီး ၁၉၈၁ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း ၃၀ ကြာ အုပ်စိုးခဲ့သော အာဏာရှင် သမ္မတ တဦးဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့