..............................

Tuesday, February 22, 2011

ကိုယ်ရေးအကျဉ်း မပြည့်စုံသဖြင့် ကန့်ကွက်ရန် ခက်ခဲ

ကိုဝိုင်း |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ပုဂ္ဂိုလ်များ၏ ကိုယ်ရေး အကျဉ်း မပြည့်စုံ သဖြင့် ကန့်ကွက်ရန် ခက်ခဲကြောင်း အမတ်များက ပြောသည်။

ကန့်ကွက်ရန် လေ့လာချိန်နှင့် တိုင်ပင်ချိန်များလည်း တိုတောင်း ကြောင်းနှင့် တင်သွင်း ခံရသူများ၏ အရည် အချင်းကို သတ်မှတ် ထားရာတွင်လည်း ကန့်ကွက်ရန် အဟန့်အတားများ ဖြစ်နေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“ဒီနေ့ ဦးလွန်းမောင်ကလည်း အချက် ၁ဝ ချက်ပဲ ပါတယ်။ ၁- အမည်၊ ၂- မွေးသက္ကရာဇ်၊ ၃- ပညာ အရည်အချင်း၊ ၄-လူမျိုး ဘာသာ၊ ၅- မွေးဖွားရာ ဇာတိ၊ ၆- အဖ၊ ၇- အမိ၊ ၈- ဇနီး၊ ၉- ဇနီးအဖ အမည်၊ ၁ဝ- ဇနီးအမိ အမည်၊ သားသမီးတောင် မပါဘူး။ ဘာကိုကြည့်ပြီး ကန့်ကွက်ရမှာလဲ” ဟု နေပြည်တော်မှ အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယက က ကန့်ကွက်လိုသူ၏ အမည် စာရင်းကို “ညနေ” အထိ သွားပေး၍ ရသည်ဟုသာ ဆိုပြီး အချိန် အတိအကျ မပြောထား သဖြင့် ရုံးအချိန်အတွင်း ဟုသာ အမတ်များက နားလည် ထားသည်ဟု အမတ်တဦးက ဆိုသည်။

“ညနေ ၄ နာရီလောက်အထိပဲ ဆိုတော့ အချိန် မလောက်ဘူး ဖြစ်နေတယ်။ သူတို့ပေးတဲ့ ကိုယ်ရေး ရာဇဝင် အကျဉ်း ဆိုတာ ကလည်း အပြည့်အစုံ မဟုတ်ဘူး။ ဘယ်လို လေ့လာမလဲ။ အကုန်လုံးကို ထောက်ခံ ပေးရမှာပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

အခြားအမတ်တဦးကမူ “ကိုယ်ရေး အကျဉ်းထဲမှာ ဘာမှ မရှိတာဘဲကိုး။ အချက်အလက် ကိုယ့်ဆီမှာ တော်တော်လေးကို ပြည့်စုံမှ ဖြစ်မှာပေါ့။ မပြည့်စုံ ဘဲနဲ့တော့ ဘယ်သူမှလည်း ရမ်းမတင်ရဲ ဘူးလေ” ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တနင်္လာနေ့အထိ ရန်ကုန်တိုင်းမှ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ မြဥာဏစိုး တဦးသာ ယခုလ ၉ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနနှင့် ဝန်ကြီး အရေအတွက်ကို ကန့်ကွက်ခဲ့ပြီး တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာန အသစ်တခု ဖွဲ့စည်းရန် အဆိုပြုခဲ့ဖူးသည်။ သို့သော် မအောင်မြင်ဘဲ ပြန်လည် ရုပ်သိမ်း ခဲ့ရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးပူးဟုန်ငိုင်းက ဝန်ကြီးအဖြစ် တင်သွင်းသည့် သတ်မှတ် အသက် မပြည့်သည့် ဦးပူးကွီးထန်းကို ချင်း တိုးတက်ရေး ပါတီ CNP နှင့် ချင်း အမျိုးသား ပါတီ CNP မှ ကိုယ်စားလှယ်များက လက်မှတ်ထိုး ကန့်ကွက် ခဲ့မှုမှာမူ အောင်မြင်ခဲ့သည်။

အချိန်မလုံလောက်မှုနှင့် ပတ်သက်၍ နေပြည်တော်ရောက် အခြား အမတ်တဦး ကလည်း “လွှတ်တော် ပြီးတာနဲ့ ကိုယ်ရေး အကျဉ်းကို ချက်ချင်း သွားထုတ်ရင် သူတို့ မပြီးသေးဘူး စောင့်နေရတယ်။ ထမင်းစားပြီး လောက်မှ သွားရင် ရမယ်ပေါ့။ ထမင်းစားပြီးတော့ ကိုယ် ကန့်ကွက်မယ့် လူရဲ့ ကိုယ်ရေး အကျဉ်းကို သွားတောင်းရတယ်” ဟု မဇ္ဈိမကို ပြောသည်။

“ထုတ်ပြီးရင် လမ်းကြောင်းကားတွေနဲ့ အတူတူ ပြန်ခဲ့ရတယ်။ လူမစုံရင် စောင့်ရတယ်။ တည်းခိုဆောင် ရောက်ပြီဆိုရင် တိုင်ပင် ကြတယ်။ အဲဒီတော့ ၃ နာရီ ကျော်ပြီ။ ဟိုအစီရင်ခံ၊ ဒီအစီရင်ခံနဲ့၊ တိုင်းရင်းသားတွေ ဆီလည်း တဖွဲ့ချင်း သွားတိုင်ပင် ရတယ်” ဟု သူက ဆက်ပြောသည်။

ဇန်နဝါရီလကုန်မှစ၍ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ တိုင်း/ပြည်နယ် လွှတ်တော် အစည်းအဝေး များကို နားလိုက် ပြန်စလိုက်ဖြင့် ခေါ်ယူ လာခဲ့ပြီး ၂၂ ရက် ကြာမြင့်ပြီ ဖြစ်သော်လည်း တနေ့လျှင် အများဆုံး ၁၅ မိနစ်သာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဝင် သမ္မတနှင့် ဒုသမ္မတများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ကို အတည်ပြုပြီး သော်လည်း ပြန်ထောင်စု ဝန်ကြီးများ အတွက်မူ အမည်များသာ သိရသေးပြီး ဝန်ကြီးဌာန လက်ကိုင်များကို မသတ်မှတ် နိုင်သေးပေ။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေး ကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော် ချုပ်နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ကို ဖွဲ့စည်းရန် ကျန်နေ သေးသည်။

လွှတ်တော်ချုပ် တရားသူကြီးများ၊ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ဒုဝန်ကြီးများ၊ ဒုရှေ့နေချုပ်၊ ဒုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီ၊ သမ္မတ၏ အကြံပေး အဖွဲ့နှင့် ပြောဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့တို့လည်း လိုသေးသည်။

တိုင်း/ ပြည်နယ် လွှတ်တော်များတွင်လည်း ခန့်အပ်တာဝန်ပေးနေသည့် လုပ်ငန်းများ မပြီးပြတ်သေး သဖြင့် အစိုးရ အသစ် တရပ် ကျမ်းကျိန်ရန်ပင် မဆိုနှင့် ရုပ်လုံးပင် မပေါ်သေးကြောင်း လေ့လာသူများနှင့် အမတ်များက ဝေဖန်ကြသည်။

လွှတ်တော်အမတ်တဦးကမူ “မြန်မာပြည်က ဘတ်ဂျက်နှစ်က မတ်မှာ ပိတ်တယ်။ ဧပြီမှာ အသစ်စတဲ့ ပုံစံမျိုး လုပ်ကြ တာကိုး။ မတ်လကုန် ဒါမှမဟုတ် ဧပြီမှာ သူတို့ အပြန်အလှန် လွှဲကြလိမ့်မယ်လို့ မျှော်မှန်းထားကြတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

တနင်္လာနေ့တွင် ကျင်းပသည့် ဒဿမနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက် နိုင်သူ ၆၅၈ ဦးအနက် ၆၅၄ ဦး တက်ရောက်ခဲ့ပြီး အင်္ဂါနေ့ မနက် ၁၁ နာရီတွင် ဆက်လက်ကျင်းပမည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့