..............................

Sunday, February 20, 2011

ဦးတင်အေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပြီ

မျိုးသန့် |
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတဦးသိန်းစိန် အဆိုတင်ခဲ့သည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် သောကြာနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူ မရှိ အတည် ပြုလိုက်သည်။

“ဒီနေ့မှာ မနေ့က ဗိုလ်ချုပ်တင်အေးကို အဆိုပြုတာကို ကန့်ကွက်တဲ့သူ မရှိတဲ့အတွက် ဒီနေ့ အတည် ပြုလိုက်တယ်။ အစည်းအဝေးက ကျနော်တို့ ၁၅ မိနစ်ပဲ ကြာပါတယ်” ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ် ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ အခြေခံဥပဒေတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွှတ်တော် အမတ်နှင့် နိုင်ငံရေး ပါတီဝင်များ မဖြစ်ရဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ဦးတင်အေးသည် အမတ်နှင့် ကြံ့ခိုင်ရေး ပါတီဝင် အဖြစ်မှ ဗုဒ္ဓဟူးနေ့တွင် နုတ်ထွက်ခဲ့သည်။

“ကိုယ်တို့ NDF ပါတီ (အမျိုးသားဒီမိုကရေစီအင်အားစု) က ကိုခင်မောင်ရီ လွှတ်တော်ရုံးကို လှမ်းမေးတယ်။ လှမ်းမေးတဲ့ အခါကျတော့ လွှတ်တော် အမတ်ကလည်း ထွက်ပြီးသား၊ ပါတီဝင် အဖြစ်ကလည်း ထွက်ပြီးသားလို့ ပြန်ဖြေတယ်တဲ့” ဟု NLD အမတ် တဦးဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမကို ပြောသည်။

ဦးတင်အေးသည် တပ်မတော်သားဟောင်းနှင့် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း ဖြစ်နေသဖြင့် ရွေးကောက်ပွဲ ကာလ အတွင်း ကြံ့ခိုင်ရေး ပါတီမှ ကြိုတင်မဲများ ပြုလုပ်ကာ မဲမသမာမှုများ ပြုလုပ်သည် ဟူသော စွပ်စွဲချက်များ အပေါ် တရားမျှတစွာ ဖြေရှင်းနိုင်မည် မဟုတ်ဟု အတိုက်အခံ အမတ်အချို့က ယူဆသည်။

သို့သော် ဒေါ်ခင်ဝိုင်းကြည်ကမူ ဦးတင်အေးကို အလားအလာ ကောင်းသူတဦး အဖြစ် ရှုမြင်သည်။

“ဘယ်သူ့ကိုတော့ ကော်မရှင်ဥက္ကဋ္ဌ၊ ဘယ်သူ့ကိုတော့ ခုံရုံးဥက္ကဋ္ဌ စသည်ဖြင့် တင်လိုက်တဲ့ အခါမှာ ပြည်သူ လူထုက ယုံကြည်လို့ ရွေးပြီး တင်လိုက်တဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ စဉ်းစားကြမယ်၊ တိုင်ပင် ဆွေးနွေးကြမယ် ဆိုတာ ရှိတယ်လေ။ ဒီအတိုင်း ကြီးတော့ ဥပက္ခာ ပြုမထားဘူးလေ။ အခု သူကတော့ တော်တော်လေး Fair ဖြစ်တယ်လို့ အသံ ကြားတယ်ပေါ့နော်။ အဲဒါကြောင့် အလားအလာ ကောင်းမယ်လို့ ထင်ရတယ်လေ” ဟု သူက ပြောသည်။

ကျားဖြူ ခေါ် ရှမ်းအမျိုးသားများ တိုးတက်ရေးပါတီ SNDP မှ လွှတ်တော်အမတ် တဦး ဖြစ်သူ ဦးစိုင်းဆောင် ဆီကမူ ဝေဖန်ရန် စောသေးသည်ဟု ဆိုသည်။

“သူတို့ လုပ်ငန်းစလုပ်ပြီးမှ၊ ဆုံးဖြတ်တာတွေကို ကြည့်ပြီးတော့မှ ပြောလို့ရမှာပါ။ လုပ်ငန်း အသစ်နဲ့ လူအသစ် ပေါ့နော်၊ မလုပ်သေးဘဲနဲ့တော့ ဝေဖန်ရတာ သဘာဝ သိပ်မကျပါဘူး။ သူ့လုပ်ရပ်ကတော့ လမ်းပြမြေပုံ အချက် ၇ ချက်ပြီးလို့ အစိုးရ ပြောင်းသွားရင်တော့ ထင်သာမြင်သာ ရှိတဲ့ ကိစ္စလေးတွေလည်း ပေါ်လာမှာပါ။ အဲဒီတော့မှ အဖြေတွေ၊ ပုံရိပ်တွေ ထွက်လာမှာပါ” ဟု ပြောဆိုသည်။

သောကြာနေ့ လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာထွန်းရှင်ကို သမ္မတ ဦးသိန်းစိန်က အဆိုပြု တင်သွင်း ခဲ့သေးသည်။

“ပြည်ထောင်စု ရှေ့နေချုပ်အဖြစ်ကို ဒေါက်တာထွန်းရှင်ကို အဆိုပြုတယ်။ အရင်က ဒုရှေ့နေချုပ် ပေါ့လေ။ အမြဲတမ်း ပြည်ပကို သွားနေတဲ့ ပုဂ္ဂိုလ်ကြီး၊ တော်လည်း တော်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကို သမ္မတကြီး ကနေ အဆိုပြု သွားတယ်။ တကယ်လို့ ကန့်ကွက်မယ် ဆိုရင် မနက်ဖြန် ညနေ လာကန့်ကွက်နိုင်ပါတယ်” ဟု ဦးခင်ရွှေက ပြောသည်။

ဒေါက်တာထွန်းရှင်သည် မြန်မာနိုင်ငံ အစိုးရရှေ့နေချုပ်ရုံး၏ ဒုတိယရှေ့နေချုပ်အဖြစ် တာဝန် ယူထားကာ၊ ၂ဝဝ၈ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ သူ့ကို ဥရောပသမဂ္ဂ EU က ပြည်ဝင်ခွင့် ပိတ်ပင်ထားသည်။

ပြီးခဲ့သည့်လ ၃၁ ရက်နေ့မှ စတင်ခဲ့သည့် လွှတ်တော်အစည်းအဝေးများသည် မည်သည့် အချိန်တွင် ပြီးဆုံးမည်ကို လွှတ်တော် အမတ်များ မသိရ သေးသော်လည်း ယခုလကုန်တွင် ပြီးစီးနိုင်ကြောင်း ဦးစိုင်းဆောင်ဆီက ခန့်မှန်းသည်။

“လကုန်ပေါ့။ အခုလောလောဆယ် တဆင့်ချင်း သွားနေတာကိုး။ ဥပမာ ဒီနေ့လိုမျိုးဆိုရင် ပြည်ထောင်စု ကော်မရှင် ဥက္ကဋ္ဌကို အတည်ပြု လိုက်ပြီး ရှေ့နေချုပ်ကို အမည်စာရင်း တင်သွင်း၊ စနေ တနင်္ဂနွေ နားဆိုတော့ တိုင်းပြည်ရဲ့ ပြည်ထောင်စု အဆင့် ဆိုတော့ အခုမနက်ပဲ တင်သွင်းပြီး ညနေ ထောက်ခံလို့ မရဘူး။ အတည်ပြုလို့ မရဘူးလေ။ လက်တွေ့ကတော့ ဒီလိုပဲသွားရမှာပါ” ဟု သူက ဆိုသည်။

သောကြာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်အမတ် ၆၅၈ ဦးအနက် ၆၅၄ ဦး တက်ရောက်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့