..............................

Thursday, February 24, 2011

လူငယ် ၁ဝဝ ခန့် KIO ထံ ဝင်ရောက်လာဟု အရာရှိ ပြော

ဖနိဒါ |
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ)။ ။ စစ်အစိုးရက တပ်သားသစ် စုဆောင်းနေသဖြင့် ဒေသခံ လူငယ် ၁ဝဝ ခန့်သည် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ထံ လွန်ခဲ့သည့် ၇ ရက်အတွင်း ထွက်ပြေး ဝင်ရောက်လာကြောင်း KIO အရာရှိ တဦးက ပြောသည်။

ယခုလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က လက်အောက်ခံ တပ်ရင်းများကို တပ်သားသစ် စုဆောင်းရန် ညွှန်ကြား ခဲ့သဖြင့် KIO လက်အောက်ခံတပ် ကချင် လွတ်မြောက်ရေး တပ် KIA တပ်ရင်း ၁၁ သို့ ဝင်ရောက် လာကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“မပခက စစ်သားသစ် စုဆောင်းလာမယ်ဆိုတာတွေ၊ အရင် ပြန်တမ်းမှာလည်း စစ်မှုမထမ်း မနေရ ဆိုတာ ထုတ်ပြန် ထားပြီးတဲ့ အချိန်မှာပဲ စစ်သား ပြန်စုဆောင်း လာတော့ မကြောက်တဲ့ လူတွေက KIO စစ်သား လုပ်မှာပေါ့။ ဒီမှာလည်း ကျောင်းရှိတယ်လေ။ ကျောင်းပြန်တက်လို့ ရတယ်လေ” ဟု KIO အရာရှိက မဇ္စျိမကို ပြောသည်။

တပ်သားသစ် စုဆောင်းရေးကို ဆုပေးဒဏ်ပေး စနစ် ကျင့်သုံးသွားမည် ဖြစ်ပြီး၊ မစုဆောင်း နိုင်သော တပ်ရင်းများက တလလျှင် ကျပ် ၃ သိန်း ပေးရမည်ဖြစ်ကာ ထိုငွေများကို စုဆောင်းနိုင်သော တပ်များသို့ ဆုလာဘ် အဖြစ် ပေးမည်ဟု စစ်တပ် အတွင်း ညွှန်ကြားချက်များ ရှိနေသည်ဟု ဆိုသည်။

အချို့ကို မိဘများကိုယ်တိုင် လာအပ်သလို၊ အချို့ လူငယ်များမှာ ကိုယ်တိုင် ထွက်ပြေးလာကြရာ အချို့မှာ အသက် ငယ်သောကြောင့် တိုက်ပွဲတွင် အသုံး မပြုနိုင်သဖြင့် လက်ခံရန် ခက်ခဲသည်ဟု KIO အရာရှိက ပြောသည်။

“၁၇၊ ၁၈ (နှစ်) တွေကို ဘယ်မှာ သွားသုံးမှာလဲ။ တိုက်ပွဲမှာလည်း အသုံးပြုလို့ မရသေးဘူး။ KIO ကို ကလေးစစ်သား အသုံးပြုတယ် ဆိုပြီး ပြောမှာပေါ့။ ဒါကြောင့် ကျောင်း ဆက်တက်မယ် ဆိုရင် လက်ခံတယ်။ ကျောင်းမတက်တဲ့ လူတွေကို လက်မခံဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက် နေ့စွဲဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့် ရှိသော ပြည်သူ့ စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းခဲ့သည်။ အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီး ၁၈ နှစ်မှ ၂၇ နှစ်အကြား စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

KIO ကလည်း ယခုလ ၂၁ ရက်နေ့တွင် ဌာနချုပ် လိုင်ဇာ၌ ပြည်သူ့စစ်ဖွဲ့စည်းရေး လူထု ရှင်းလင်းပွဲ လုပ်ခဲ့သေးသည်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်သျှောင်က ပြည်သူ့ တော်လှန်ရေး လမ်းစဉ် ဖြစ်သဖြင့် ပြည်သူ တရပ်လုံး ပါဝင်ရမည်ဟု လူထု ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့