..............................

Wednesday, November 3, 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒုတိယပင်လုံညီလာခံမှသည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံသို့ အပိုင်း ၁
နိုဝင်ဘာ ၂၊ ၂၀၁၀

ယခုလိုဒုတိယပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှု ပေါ်ပေါက်လာသည့် အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ဆန့်ကျင် သပိတ်မှောက်သည့် လှုပ်ရှားမှုများ အပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။

လွန်ခဲ့သည့် စနေနေ့ မနက်ခင်းက မြန်မာပြည်၏ အတိုက်အခံ ခေါင်းဆောင် တဦး ဖြစ်သူ အင်န်အယ်ဒီ ပါတီ၏ ဦးဆောင်သူ၊ ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံ စကားပြောဖြစ်ခဲ့သည်။ အဓိက မေးခွန်းများမှာ -

တိုင်းပြည်၏ ဒီမိုကရေစီစနစ်ကို ဖော်ဆော်ရန်အတွက် နိုင်ငံရေး ပေါင်းစည်းမှု အင်အားတရပ် အဖြစ် အင်န်အယ်ဒီက ရပ်တည်မည်ဟု ပြောခဲ့ပြီးနောက်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစုအဖွဲ့များနှင့် အတူ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ထူထောင်နိုင်ရန် အတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် ထောက်ခံကြောင်း၊ သဘောတူ လက်ခံကြောင်း ပြောဆိုခဲ့သည်။

ထိုသို့သော ပြောဆိုချက်များကို ဦးတည်သော လှုပ်ရှားမှုများသည် ၂၀၁၀ နိုဝင်ဘာ ၇ ရက် စစ်အစိုးရ၏ ရွေးကောက်ပွဲ မတိုင်ခင် စတင်မည်လား၊ ဘယ်တော့ စတင်မှာလဲ။ စစ်အစိုးရ ရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သော ၂၀၀၈ အခြေခံ ဥပဒေအ တည်ပြုသည့် လွှတ်တော်တရပ် ပေါ်ထွန်းလာပြီးသည် နောက်မှာ စတင်မည်လား။ ယခုလို ဒုတိယပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှု ပေါ်ပေါက်လာသည့် အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ဆန့်ကျင် သပိတ်မှောက်သည့် လှုပ်ရှားမှုများ အပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။

ဆရာက ပြောကြားရာတွင် -
“ကျနော်တို့ အတိုက်အခံအင်အားတွေ၊ တိုင်းရင်းသား အင်အားစုတွေ ထုတ်ဖော် ပြောဆိုတဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ ကိစ္စ ဆိုတာက ရေရှည် ကိစ္စတခု ဖြစ်ပါတယ်။ ပေါ်ပင် လျောက်လုပ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင် အပြီးလုပ်နိုင်တဲ့ အရာလည်း မဟုတ်ဘူး။ သမိုင်းရဲ့ အစဉ်အလာအရ လုပ်ကြမယ် ဆိုရင်လည်း ပြည်ထောင်စုနေ့ ပေါ်ပေါက်ခဲ့ရာ ဖေဖော်ဝါရီလ လောက်မှာ လုပ်နိုင်ရင်လည်း လုပ်ကြရမယ် ဆိုတဲ့ သဘော။ နောက်ပြီးတော့ အခုရွေးကောက်ပွဲက အဖြေမဟုတ်ဘူး။ တကယ် အစစ်အမှန် အဖြေက အခုလိုမျိုး ဖယ်ဒရယ် ပြည်ထောင်စု အစစ်အမှန် ပေါ်ထွန်းလာနိုင်ဖို့ ဆောင်ရွက်ကြရမယ့် ဒုတိယ ပင်လုံ ညီလာခံမျိုးက ၀ိုင်းလုပ်ကြရမယ့် ကိစ္စ ဖြစ်တယ် ဆိုတာမျိုး ဖြစ်တယ်ဆိုတာ ပြောချင်တယ်။

ရွေးကောက်ပွဲကိစ္စက ရွေးကောက်ပွဲကိစ္စဖြစ်တယ်။ ကျနော်တို့တတွေက မတရားတဲ့ ကိစ္စတခု၊ မှားယွင်းတဲ့ လုပ်ရပ်တခု အဖြစ် ကျနော်တို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက လက်မခံနိုင်ဘူး။ သပိတ် မှောက်ကြဖို့ ကျနော်တို့က ဆက်လုပ် နေကြမှာပဲ။ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ အကျိုးရလဒ်တွေ ဆိုတာဟာလည်း အများပြည်သူတွေ လက်ခံတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာကိုလည်း ကျနော်တို့နဲ့ အတူ အားလုံးက ပြောဆို နေကြပြီဖြစ်တယ်။ အဲသည်လိုမျိုး ကျနော်တို့က ရပ်တည်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သီးခြား ဆောင်ရွက် နေတာဖြစ်တယ်။ သို့သော်လည်း ရွေးကောက်ပွဲ နဲ့ရလဒ်တွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် အကျိုးစီးပွား မရှိဘူး ဆိုတာကို ပါဝင် ပတ်သက်နေသူတွေ ကိုယ်တိုင် သဘောပေါက် လာရင်လည်း အခုလိုမျိုး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူတဲ့ဆီမှာ သူတို့တတွေလည်း ပါဝင်လာနိုင်တဲ့ အခြေအနေ တရပ်လည်း ဖြစ်လာနိုင်တယ်။

ရွေးကောက်ပွဲ မတိုင်ခင်မှာကော၊ ရွေးကောက်ပွဲ အလွန်မှာ၊ စစ်အစိုးရ အလိုကျ ဖြစ်ပေါ်လာမယ့် လွှတ်တော် ဆိုတာရဲ့ အတွင်း၊ အပြင်မှာ ပါဝင်ခဲ့ကြသူတွေ အချင်းချင်းမှာ ပဋိပက္ခတွေ မြင်တွေ့ရနေပြီ၊ ဒီထက်ပိုပြီး မြင်တွေ့ လာရတော့မှာ ဖြစ်တယ်။ အဲဒါကို မျက်မြင် သက်သေ ဖြစ်နေရတဲ့ ကာယကံရှင် မဲဆန္ဒရှင် ပြည်သူလူထု တွေကလည်း ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ သူတို့အတွက် ကောင်းကျိုးချမ်းသာ မဖြစ်စေဘူး ဆိုတာ ပိုပြီး ထင်ထင်ရှားရှား သိလာမှာ ဖြစ်တယ်။ အဲသည်မှာ နိုင်ငံတကာ အပေါ်မှာလည်း ရွေးကောက်ပွဲရဲ့ သက်ရောက်မှုကလည်း စစ်အစိုးရက လိုချင်တဲ့ အကောင်း သက်ရောက်မှုတွေ ဖြစ်တော့မှာ မဟုတ်ဘူး။

အဓိကကတော့ အခုချိန်ကတည်းက ပြည်သူလူထုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ပါဝင် ပတ်သက် နေသူတွေ အားလုံးဟာ စစ်အစိုးရ အလိုကျ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ ဆိုတာနောက် တကောက်ကောက် လိုက်ပြီး အချိန်ကုန် လူပမ်း ဖြစ်နေကြမယ့် အစား၊ နောက်ပြီးတော့ ရွေးကောက်ပွဲအလွန် ကာလ လွှတ်တော် ပေါ်ပေါက်ရေး၊ မပေါ်ပေါက်ရေး၊ လွှတ်တော် အတွင်းအပြင် ဖြစ်ကြ ပျက်ကြတာတွေနောက် လိုက်ပြီးတော့ အချိန်ကုန်ပြီး အလဟသ ဖြစ်ကြမယ့်အစား၊ အခုကတည်းက ရွေးကောက်ပွဲနဲ့ တကွ ရလဒ်တွေကို လက်မခံဖို့ကို ကျနော်တို့က လုပ်ကိုင် ဆောင်ရွက်နေတာ ဖြစ်တယ်။ ပြီးတော့လည်း တပါတည်းပဲ တကယ်ကို နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ရေရှည် အကျိုးစီးပွားတွေ၊ အခွင့်အရေးတွေကို အာမခံပေးမယ့်၊ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ၀ိုင်းပြီး လုပ်ကိုင်ကြဖို့ကိုလည်း အခုအချိန် ကတည်းက သိမြင် နားလည်ကြဖို့ လိုပြီ ဆိုပြီး အခုလို ဒုတိယ ပင်လုံညီလာခံ လှုပ်ရှားမှု ဖြစ်ပေါ်လာတယ် လို့ ပြောချင်တယ်။”

အဲသည်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နေရာမှာ မေးတဲ့မေးခွန်းက လက်ရှိ ပါဝင်နေကြသူတွေ တဦးချင်း၊ တပါတီချင်း၊ နေရာဒေသ တခုချင်း အလိုက် သပိတ်မှောက်တာတွေ ရှိနေသလား၊ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကြီး တခုလုံးအနေနဲ့ သပိတ်မှောက်တာလား။ ပြီးတော့ ရွေးကောက်ပွဲ အပေါ် ဝေဖန် ထောက်ပြရာမှ၊ ကန့်ကွက် ပြောဆိုရာမှာ မည်သည့် အချက်တွေကို မူတည်ပြီး ဝေဖန် ထောက်ပြ ကန့်ကွက်မှာလဲ ဆိုတာ ဖြစ်ပါတယ်။

“ကျနော်တို့က လူတဦးချင်း၊ တပါတီချင်းကို လိုက်ပြီးတော့ ဝေဖန်ထောက်ပြ ကန့်ကွက်တာ မျိုးတွေ လုပ်မှာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းစနစ် မကျတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံတဲ့ အာဏာရှင် စနစ်ကို တရားဝင်ပြုမယ့် လွှတ်တော်ကို ဖြစ်ပေါ်စေမှာ မို့လို့ ကျနော်တို့က သပိတ်မှောက်တယ်၊ ကန့်ကွက်တယ်။ ဒီလိုပဲ ပြောမှာဖြစ်တယ်။ သို့သော်လည်း ပါတီတွေက၊ လူပုဂ္ဂိုလ်တွေ ကိုယ်တိုင်က မှားယွင်းတဲ့ အချက်အလက်တွေ၊ လုပ်ကြံ ဖန်တီးတဲ့ အပြောအဆိုတွေ၊ လုပ်ရပ်တွေ ဆောင်ရွက်လာရင်တော့ ဒါတွေကိုလည်း ကျနော်တို့က သီးခံမနေဘဲနဲ့ ဝေဖန်ထောက်ပြ ကန့်ကွက်တာမျိုးတွေ လုပ်ရမှာ ဖြစ်တယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ၊ အချက်အလက်မှားတွေ ပြောဆို ထုတ်ပြန်တာမျိုး၊ အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကြားထဲမှာ အထင်အမြင် လွဲမှားအောင် ပြောဆို ၀ါဒဖြန့်ချိတာမျိုး ကိုတော့ ကျနော်တို့က အမှားကို လက်ခံနေမှာ မဟုတ်ဘူး၊ အမှန်အတိုင်း အရှိအတိုင်း ပြန်လည် ပြောဆို ထောက်ပြတာတွေ၊ အသိပေး ကြေငြာတာတွေ လုပ်မှာ ဖြစ်တယ်။ အဲသည်လို ပြောချင်တယ်။”

အဲသည်မှာ ဆက်ပြီးမေးတဲ့ မေးခွန်းကတော့ လက်ရှိ စစ်အစိုးရဖော်ဆောင် နေတဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော်နဲ့ နိုင်ငံသားများ အတွက် အာမခံထားတဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသားများ အခွင့်အရေး ဆိုတာတွေနဲ့ ဒုတိယ ပင်လုံညီလာခံမှာ ဆွေးနွေး ဖော်ဆောင်မှာနဲ့ ဘာကွာခြားမှာလဲ ဆိုတာ ဖြစ်ပါတယ်။

ပထမဦးဆုံးပြောချင်တာ ဒုတိယ ပင်လုံ ညီလာခံခေါ်ဖို့ ထတ်ပြန်ချက်ထဲက အချက်တွေ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အားလုံး အတူတူ သာတူညီမျှ ရရှိရမယ့် အခွင့်အရေးတွေ ဖြစ်တယ်။ တိုင်းရင်းသားတွေ တောင်းဆိုတာက တန်းတူ ညီမျှခွင့်တို့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ ဖြစ်တယ်။ စစ်အစိုးရက ဘာပေးတာလဲ ဆိုတော့ - ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာမျိုးပဲ ပေးတယ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မပေးဘူး။ နောက်ပြီးတော့ တိုင်းရင်းသားတွေ အားလုံး လိုချင်တာက နိုင်ငံရေးအရ တန်းတူ ညီမျှတဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ အဲဒါအစား စစ်အစိုးရက အုပ်ချုပ်ရေး ယန္တားထဲမှာ ပါဝင်ပတ်သက်ခွင့်တို့၊ စီးပွားရေးပိုင်း ဆိုင်ရာ လုပ်ပိုင်ခွင့်တို့ တွေကိုပဲ ပေးထားတာ ဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ခွဲခြားပြီး သိရမယ်။

သည်တော့ ပြည်ထောင်စုကြီးဆိုတာက ဖယ်ဒရယပြည်ထောင်စု ဖြစ်တယ်။ တပြည်ထောင် စနစ် မဟုတ်ဘူး။ အထက်ပါ ကန့်သတ်တဲ့ အခွင့်အရေးတွေနဲ့ တိုင်းရင်းသားတွေကို ပေးထားတာဟာ တပြည်ထောင် စနစ်လိုမျိုး ဖြစ်တယ်။ တိုင်းရင်းသားတွေ မျိုးစုံရှိတဲ့ နိုင်ငံမှာ၊ လူဦးရေ အလိုက် ကွဲပြား ခြားနားမှုတွေ ရှိတဲ့ နိုင်ငံမှာ ကျနော်တို့ တတွေက ရေရှည် ရပ်တည်သွားမယ် ဆိုရင် အားလုံးတန်းတူ ညီမျှမှုတွေ၊ နားလည်မှုတွေနဲ့ ပေါင်းစည်းပြီး နေကြမှသာ ဖယ်ဒရယ် ပြည်ထောင်စု အဖြစ် ရပ်တည် သွားနိုင်မှာဖြစ်တယ်။ အတင်း ချုပ်ကိုင် ထားရင်တော့ အခုလိုမျိုးနဲ့ ရေရှည် ပြည်ထောင်စုကြီး အဖြစ် သွားနိုင်မှာ မဟုတ်ဘူး ဆိုတာကို သိကြရမယ်။

ဒါတွေဟာ ခုမှ တိုင်းရင်းသားတွေက ပြောခဲ့တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၉ ၆၁ တို့၊ ၁၉ ၆၄ တို့မှာ ဖဆပလတို့၊ တော်လှန်ရေး ကောင်စီတို့၊ မဆလတပါတီတို့ လက်အောက်မှာ ကတည်းက တိုင်းရင်းသားတွေက ပြောဆို ခဲ့ကြတယ်။ တောင်းဆို တင်ပြခဲ့ကြပြီး ဖြစ်တယ်။ ခေတ်အဆက်ဆက် သမိုင်း အဆက်ဆက်မှာ တိုင်းရင်းသားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုယ်တိုင်က တောက်လျောက် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ အစိုးရတွေက လက်မခံခဲ့ကြဘူး။ အစိုးရတွေက တိုင်းရင်းသားတွေက ပြည်ထောင်စု ထဲကနေ ခွဲထွက်ဖို့ လုပ်ကြံနေကြတယ်၊ ဖယ်ဒရယ် ပြည်ထောင်စု ဆိုပြီး ခွဲထွက်ဖို့ ကြံစည်တယ်လို့ သူတို့က ပြန်ပြီ စွပ်စွဲခဲ့ကြတယ်။ ပြည်ထောင်စု ဖြိုခွဲသူတွေအဖြစ် သမုတ်တာမျိုးတွေ လုပ်ခဲ့ကြတယ်။ အခုကျတော့ တိုင်းရင်းသားတွေ ပြောဆို နေကြတာတွေက စစ်အစိုးရတွေ၊ အာဏာရှင်တွေ စွပ်စွဲသလိုမျိုး ပြည်ထောင်စုကနေ ခွဲထွက်ရေး မဟုတ်ဘူး၊ ပြည်ထောင်စုကြီးတခု ပြည်ထောင်စုသားတွေ တန်းတူညီမျှ အတူတကွ ပေါင်းစည်း နေထိုင်ရေး ဆိုတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး ဖြစ်တယ် ဆိုတာကို အခုအချိန်မှာ ထပ်မံပြီးတော့ အတည်ပြု ပြောဆိုလိုက်တာ ဖြစ်တယ်လို့ သိကြရမယ်။

ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်တော့ အမေရိကန်လိုမျိုးပေါ့ကွာ။ ပြည်ထောင်စု စစ်စစ် အဖြစ် ပေါင်းစည်းမယ် ဆိုရင် ပြည်နယ်တွေက လူဦးရေအလိုက် အမတ်တွေနဲ့ အောက်လွှတ်တော် ဆိုတာ ရှိတယ်။ ပြည်နယ်အလိုက် ပြည်ထောင်စု အလိုက၊် တပြည်နယ်ကို အထက်လွှတ်တော် အမတ် ၂ ဦးစီ နဲ့ တိုင်းပြည်ကို ၀ိုင်းပြီး အုပ်ချုပ်ကြတယ် ပေါ့ကွာ။ ဒါမျိုး ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား … အားလုံးက စဉ်းစားကြရမယ်။ ပြည်ထောင်စု အနေနဲ့ ဖွဲ့စည်းရမယ့် အစား လူမျူိုးစုတို့၊ အမျိုးအစားတို့၊ လူတန်းစား တစုတဖွဲ့ကိုပဲ ဦးစားပေးပြီး စိတ်တိုင်းကျ ဖွဲ့စည်းမယ်ဆိုရင် ပြည်ထောင်စု အစစ်အမှန် မဖြစ်ဘဲ တပြည်ထောင်စနစ် ဖြစ်သွားလို့ အရှေ့ဥရောပ နိုင်ငံတွေ ပြိုကွဲသလိုမျိုး ပြိုကွဲတယ် ဆိုတာကိုလည်း သင်ခန်းစာ ယူကြရမယ်။ ပြည်ထောင်စု ပုံသဏ္ဍန်နဲ့ တိုင်းပြည်ကို မထူထောင်ချင်ဘူး ဆိုရင်တော့ စစ်အာဏာရှင် စနစ်တို့ ၊ နိုင်ငံရေး အာဏာရှင် စနစ်တို့နဲ့ တိုင်းပြည်ကို ချုပ်ကိုင် ကြရတော့မှာ ဖြစ်တယ်။ အများသဘောတူတဲ့ စနစ်နဲ့ မထူထောင်ကြရင်တော့ ရေရှည်မခံဘဲ ပြိုကွဲကြမှာ ဖြစ်တယ် ဆိုတာကို သိကြရမယ်။

အခုအချိန်မှာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အတူတကွ ဘယ်လိုမျိုး သဘော တူညီချက် ရသွားပြီလည်း ဆိုတော့ အခုလိုမျိုး စစ်အစိုးရရဲ့ အာဏာသုံးပြီး အုပ်ချုပ်တဲ့ တပြည်ထောင် စနစ်အစား နိုင်ငံရေး သဘောတူညီချက်တွေ ပေါင်းစည်းပြီးတော့ ထူထောင်ကြမယ့် ဖယ်ဒရယ် ပြည်ထောင်စု စနစ်နဲ့ သွားကြမယ်လို့ ဖြစ်သွားကြပြီ။ ဒီလိုမျိုး သဘောတူညီချက် မျိုးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ယခင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့တာတွေ၊ သဘောတူညီ တာတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့်လည်း သည်လို အခြေခံသဘောတူညီချက်တွေကို မူတည်ပြီးတော့ တိုင်းရင်းသား တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ ကျနော်တို့ အာလုံးက သဘောတူ ညီညွတ်ကြပြီးတော့ ဒုတိယ ပင်လုံညီလာခံ တရပ်ကို ခေါ်ယူကြဖို့၊ ဆွေးနွေး တိုင်ပင်ကြဖို့၊ ပိုမို ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ၊ ဆွေးနွေးချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ အတည်ပြုချက်တွေ ရရှိနိုင်ဖို့အတွက် အခုလိုမျိုး ဒုတိယပင်လို ညီလာခံမျိုး ပေါ်ပေါက်ဖို့ လိုတယ် လို့ ပြောတာ ဖြစ်တယ်။

(ဆက်လက်ဖော်ပြပါမည် … ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှုကို ၁၉ ၈၈ ခုနှစ်ကတည်းက ချမှတ် ဆောင်ရွက်ခဲ့ဘူးသလား၊ မည်သို့သော အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရသလဲ။ စသည့် မေးခွန်းများနဲ့ ဆက်လက်ဖော်ပြပါမည်။)

Ref: မိုးမခ

0 comments:

အပေါ်သို့