..............................

Wednesday, November 3, 2010

အစ္စလမ်ဘာသာဝင် တဦး၏အိမ်ကို ဗလီအဖြစ် မြို့တော်ဝန်သတ်မှတ်

Tuesday, 02 November 2010

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ တောင်ဥက္ကလာပ မြို့နယ် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ၎င်းမြို့နယ်တွင် အစ္စလမ် ဘာသာဝင်များ ထောက်ခံ ဆန္ဒမဲရရှိရေး ထပ်မံ ကြိုးစားသည့် အနေဖြင့် အစ္စလမ် ဘာသာဝင်တဦးပိုင် နေအိမ် အဆောက်အအုံ တခုကို ၀တ်ပြုဗလီ အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်းပေါ်ရှိ ၆ ရပ်ကွက် ရယက ရုံးဘေးတွင် တည်ရှိသော အစ္စလမ် ဘာသာဝင် တဦးပိုင် နေအိမ် အဆောက် အအုံကြီးတခုကို ဗလီအဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့က တရားဝင် အမိန့်စာထုတ်၍ သတ်မှတ် ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

“၆ ရပ်ကွက် ရယက ရုံးရဲ့ ခြေရင်းဘက်မှာ အရင်က တရုတ်လုပ်ငန်းရှင် တဦးပိုင်တဲ့ အဆောက်အအုံကြီး တခုရှိတယ်။ အဲဒါက တော်တော်လည်း ကြီးတယ်။ ရဲတိုက်ကြီးလိုပဲ။ ပေ ၄၀၊ ပေ ၆၀ ပေါ်မှာ ဆောက်ထားတာ။ ၂ ထပ်ခွဲ ဆောက်ထားတာ။ နောက်တော့ အစ္စလမ် ဘာသာဝင် တယောက်က ၀ယ်လိုက်တယ်။ အဲဒါကို မြို့တော်ဝန်က ဝတ်ကျောင်းဗလီလုပ် ဆိုပြီး တရားဝင် သတ်မှတ်ပေးတယ်။ အခု ဆေးတွေသုတ်နေပြီ။ ဒီအပတ်ထဲမှာ ဗလီစတက်ဖို့ လုပ်နေပြီ” ဟု ၆ ရပ်ကွက်သား တဦးက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ၆ ရပ်ကွက်မှ ဗုဒ္ဓဘာသာဝင် တချို့မှာ စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး တောင်ဥက္ကလာပနေ ပြည်သူအများစု မသိကြသေးကြောင်း ၎င်းကပြောသည်။

အဆိုပါသတင်း တောင်ဥက္ကလာပ မြို့နယ်အတွင်း ထပ်မံပျံ့နှံ့လာပါက ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ အကြား အခြေအနေများ ထပ်မံ တင်းမာလာနိုင်သည်ဟု သူက ဆိုသည်။

“ဦးအောင်သိန်းလင်းက ဘာသာရေး အဓိကရုဏ်းဖြစ်အောင်များ တမင်လုပ်နေတာလား မသိဘူး။ ဒီလူ ထင်ရာတွေ လျှောက်လုပ်နေတယ်” ဟု တောင်ဥက္ကလာ ၁၃ ရပ်ကွက်သားတဦးက ပြောသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် အစ္စလမ်ဘာသာဝင်များထံမှ မဲများရရှိစေရန် ဗလီဆောက်လုပ်ခွင့် ပြုခဲ့ခြင်း၊ လူနေ အဆောက်အအုံကို ဗလီအဖြစ် သတ်မှတ်ပေးခြင်းများ ပြုလုပ်လျက် ရှိသကဲ့သို့ ဗုဒ္ဓဘာသာဝင်များ အတွက်လည်း ဆွမ်းလောင်း ဓမ္မာရုံ သစ်များကို တပြိုင်နက်တည်း ဆောက်လုပ် ပေးနေကြောင်း သိရသည်။

မြို့တော်ဝန်ဦးအောင်သိန်းလင်းသည် ၇ ရပ်ကွက် သီရိဇေယျာလမ်းတွင် အစ္စလမ် ဘာသာဝင်များ၏ ထောက်ခံမဲ ရရှိရေးနှင့် ပါတီဝင် အင်အား ရရှိရေးအတွက် ဆောက်လက်စ ဆိုင်းငံ့ထားသည့် တောင်ဥက္ကလာပ ဗလီကြီးကို ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့ရာ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် ဘာသာဝင်များ အကြား အဓိကရုဏ်း ဖြစ်လုနီးနီး အထိ အခြေအနေများ တင်းမာ ခဲ့သည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်ကို အလွန်စိုးရိမ်လျက် ရှိပြီး ကြံ့ဖွံ့ပါတီ ထောက်ခံ ဆန္ဒမဲ ရရှိရေးနှင့် ပါတီဝင်အင်အား ရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုလျက်ရှိသည်။

နိုင်ငံရေးသမားများကမူ ဦးအောင်သိန်းလင်းသည် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချခြင်း၊ နိုင်ငံပိုင် ဘဏ္ဍာများနှင့် မဲဆွယ် လမ်းခင်းခြင်း၊ ငွေချေးခြင်း အပါအ၀င် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများ အကြိမ်ကြိမ် ပြုလုပ်လျက်ရှိသည်ဟု ပြောဆိုကြသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့