..............................

Tuesday, November 2, 2010

မူစယ်ရဲက မြင်းကျောင်းသည့် အဖိုးအိုကို ဓါးဖြင့်ခုတ်

Sunday, 31 October 2010

မူစယ်မြို့နယ် မော့တောင်းရွာအုပ်စု တာဝန်ကျ ရဲများက မြင်းကျောင်း ပြန်လာသည့် ဟိုခေးရွာသား အသက် ၆၈ နှစ် အရွယ် အဖိုးအိုအား ဓါးဖြင့်ခုတ်သည့် အမှု ယခုလ ၂၈ ရက်နေ့ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

၎င်းနေ့က မော့တောင်းရွာအုပ်စု ဟိုခေးရွာသား ဦးဖဝေါင်းသည် မြင်းလိုက်ပြီးရွာသို့အပြန် ရဲတပ်ဖွဲ့ဝင် ၄ ဦးခန့်နှင့် ၁၀၅ မိုင်ကုန် သွယ်ရေးဇုံ အနီး၌ ဆုံမိပြီး နှစ်ဘက် အချေအတင် စကားများရာမှ ဓါးအခုတ် ခံခဲ့ရခြင်း ဖြစ်သည်။

ဦးဖဝေါင်း၏ မျက်နှာတွင် ဓါးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မူစယ်ဆေးရုံ၌ ဆေးကုသမှုခံယူ နေရကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“သူက မြင်းမောင်းလာတာ ဦးတင်မောင် ခေါင်းဆောင်တဲ့ရဲ ၄ ယောက်နဲ့ ၁၀၅ မိုင် လမ်းမကြီး နားမှာ တွေ့တယ် ရဲတွေက ဆိုင်ကယ်မီး ထိုးထားတော့ မြင်းတွေပြေးလို့ မီးမထိုးဖို့ ရဲတွေကို သွားပြောတာ စကားများပြီး ရဲတစ်ယောက်က မျက်နှာကို ဓါးနဲ့ ၂ ချက်ခုတ်လိုက်တယ် ”

“ဆိုင်ကယ်မီးထိုးထားတော့ မြင်းတွေက ပတ်နေလိုက် ပြန်မောင်းလိုက် ဖြစ်နေတာ မြင်းတွေပြေးလို့ ဆရာကြီး မလုပ်ပါနဲ့ လို့ ပြောတော့ သူတို့အထဲက တစ်ယောက်က ဓါးယူပြီး လာခုတ်တယ် အခုဆေးရုံမှာ ၁၃ ချက်ချုပ်ထားရတယ် ” ဟု ဆို သည် ။

ယခုအခင်းဖြစ်ပွားသည် နေရာသည် မှောင်ခိုသမားများ ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ ရှောင်ကွင်းလမ်း အနီး ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး တရုတ်နယ်စပ် ဘက်မှ ကယ်ရီ ဆိုင်ကယ်သမားများ ထံမှ ငွေညှစ်ရန် စောင့်ဆိုင်းနေသည့် ရဲများ ဖြစ်ကြောင်း သိရသည် ။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့